ကျွန်တော်တို့ရဲ့ အတွေးတွေဟာ စိတ်ခံစားမှုတွေဖြစ်လာမယ်။ ပြီးရင် လုပ်ဆောင်မှုတွေ ဖြစ်လာမယ်။ မကောင်းတာတွေ တွေးနေမိရင် မကောင်းတဲ့ ခံစားချက်တွေဖြစ်လာပြီး မကောင်းတဲ့လုပ်ရပ်တွေ လုပ်တော့တာပါပဲ။ မကောင်းတာတွေလုပ်နေရင်တော့ မကောင်းတဲ့ရလာဒ်တွေပဲ ထွက်လာတော့မှာပေါ့။ ကျွန်တော်တို့ဘ၀ရဲ့ ရလာဒ်တွေက ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေပေါ်မှာ မူတည်နေပါတယ်။ လုပ်ရပ်တွေကောင်းရင် ရလာဒ်တွေလည်း ကောင်းမှာပါ။ လုပ်ရပ်တွေပြောင်းရင် ရလာဒ်တွေလည်း ပြောင်းလာမှာ ဖြစ်ပါတယ်။
လူအများဟာ ချမ်းသာကြွယ်ဝချင်ပါလျက်နဲ့ မချမ်းသာကြတဲ့ အကြောင်းအရာတွေကတော့ သူတို့ရဲ့ အတွေး၊ စိတ်ခံစားမှုနဲ့ လုပ်ရပ်တွေ မမှန်ကန်ကြသေးလို့ပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာဟာလည်း ပတ်ဝန်းကျင်နဲ့ အများကြီး သက်ဆိုင်နေပါတယ်။ လူတွေရဲ့ အတွေး၊ စိတ်ခံစားမှု၊ လုပ်ရပ်တွေ တစ်ယောက်နဲ့တစ်ယောက် မတူကြတာဟာ ပတ်ဝန်းကျင်ရဲ့ အကျိုးသက်ရောက်မှုတွေကြောင့် ဖြစ်ပါတယ်။ မှားယွင်းတဲ့ ပတ်ဝန်းကျင်က မှားယွင်းတဲ့ အတွေးအခေါ်တွေ စိတ်ခံစားချက်တွေနဲ့ လုပ်ဆောင်ချက်တွေကို ဖြစ်ပေါ်စေပါတယ်။
ကျွန်တော်တို့ ငယ်ငယ်ကသင်ကြားခဲ့ရတဲ့ ကျေးညီနောင်ပုံပြင်လေးကို မှတ်မိကြမှာပါ။
လေမုန်းတိုင်းကြောင့် ကွဲကွာသွားခဲ့ကြတဲ့ ကျေးညီနောင်နှစ်ကောင်ဟာ မတူညီတဲ့ ပတ်ဝန်းကျင်အသီးသီးကို ရောက်ရှိသွားခဲ့ရပါတယ်။ တစ်ကောင်က ရသေ့တွေရဲ့ ကျောင်းဝင်းထဲကို ရောက်သွားပြီး နောက်တစ်ကောင်က ခိုးသားဓားမြတွေဆီ ရောက်ရှိသွားပါတယ်။ ရသေ့တွေဆီရောက်သွားတဲ့ ကျေးနဲ့ ခိုးသားတွေဆီရောက်သွားတဲ့ကျေးတို့ဟာ အတွေးအခေါ်တွေ စိတ်ခံစားချက်တွေ လုပ်ရပ်တွေ လုံးဝ မတူကြတော့ပါဘူး။
ပတ်ဝန်းကျင်ပြောင်းရင် အတွေးအခေါ်တွေ စိတ်ခံစားချက်တွေ ပြောင်းပါတယ်။ အတွေးအခေါ်နဲ့ စိတ်ခံစားမှုတွေပြောင်းရင် ရလဒ်တွေလည်း ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ သိုးခြံထဲမှာ သိုးတွေနဲ့အတူ မြွေးမြူထားခြင်းခံရတဲ့ ခြင်္သေ့လေးဟာ သိုးတွေအတိုင်းပဲ ပြုမူနေထိုင်မှာပါ။ တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး ဆိုတဲ့စားပုံအတိုင်ပါပဲ။ ဒါကြောင့် ပတ်ဝန်းကျင်ကို အထူးသတိထားဖို့ လိုအပ်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်ကြည့်ပါ။ အောင်မြင်သူတို့ရဲ့ ပတ်ဝန်းကျင်ထက် သာမန် ထူးမခြားနား ပတ်ဝန်းကျင်တွေက ပိုများနေပါတယ်။ အောင်မြင်တိုးတက်အောင် ပံ့ပိုးကူညီပေးမယ့် ပတ်ဝန်းကျင်ထက် မတိုးတက်အောင် ဆွဲချမယ့် ပတ်ဝန်းကျင်က ပိုများနေပါတယ်။
လူတစ်ယောက်အနေနဲ့ သူ့ကို ကြွယ်ဝချမ်းသာအောင် ပံ့ပိုးကူညီပေးနိုင်မယ့် ပတ်ဝန်းကျင်ကောင်းတစ်ခု မရှိဘူးဆိုရင် ချမ်းသာဖို့ ခက်ခဲ့နေဦးမှာပါ။ အပင်တစ်ပင်ဟာ မြေသြဇာကောင်းမှ ရာသီဥတုနဲ့ ရေခံ မြေခံတွေကောင်းမှ ရှင်သန်ကြီးထွား ဖြစ်ထွန်းမှာ ဖြစ်ပါတယ်။ လူတွေလဲ ဒီအတိုင်းပါပဲ။ အောင်မြင်ကြီးပွါးရေးမှာ မှန်ကန်တဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းဟာ မရှိမဖြစ် လိုအပ်ပါတယ်။ လူတိုင်းဆီမှာ ပင်ကိုဗီဇ ဆိုတဲ့ မျိုးစေ့စွမ်းရည်တွေ အသီးသီးပါလာပြီးသာပါ။ မအောင်မြင် မဖြစ်ထွန်းတာကတော့ ချို့တဲ့တဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထဲ ရောက်နေလို့ ဖြစ်ပါတယ်။
ကျွန်တော်တို့အားလုံးဟာ ပင်ကိုယ်ဗီဇ၊ ပါရမီထူး၊ အရည်အသွေး၊ ၀ါသနာတွေနဲ့အတူ မွေးဖွားလာခဲ့ကြသူတွေပါပဲ။ ဒီပါရမီ အစွမ်းအစတွေကို မြေတောင်မြှောက်ပေးမယ့် ပတ်ဝန်းကျင်ကို မရောက်ရှိကြရင်တော့ ပေါက်ရောက်အောင်မြင်မှာ မဟုတ်ကြပါဘူး။