ကျော်ကျော်နှင့် ဒေါ်မြတ်မိုး မိခင်အိမ်ပြန်ရောက်ပြီးနောက် သူ့သမီးအား "မမ မမ" နှင့် ကြင်နာ ယုယ၊ အလိုက်သိတတ်မှုလေးတွေ မြင်ရတော့ မိခင်၏ရင်မှာ စိတ်ချမ်းသာမှုလေး အနည်းငယ်ရခဲ့ပါသော်လည်း သမီးဖြစ်သူကို သတိပေးမိသည်။
" သမီး…မေမေတို့ရဲ့ အတွင်းပစ္စည်းတွေ ဘယ်လောက်ရှိတယ်ဆိုတာ သူ မသိစေနဲ့နော် "
" ဟာ…မေမေကလဲ၊ ကျော်ကျော်က အဲဒါတွေ မမက်ပါဘူး၊ သမီးကို တကယ် မေတ္တာစစ်နဲ့ ချစ်တာပါ "
" အဲဒါက နင့်အထင်လေ၊ လူ့စိတ်ဆိုတာ ပြောလို့ရတာမှ မဟုတ်တာ "
" မေမေနဲ့တော့ ခက်ပြီ "
" အို…ဘာဖြစ်ဖြစ်အေ မသိတော့ အကောင်းဆုံးပေါ့ "
မိခင်၏စကားကို ဒေါ်မြတ်မိုး လက်မခံနိုင်ပါ။ ကျော်ကျော်က သူ၏ ချမ်းသာကြွယ်ဝမှုကို မက်ပြီးယူခဲ့တာမှ မဟုတ်တာ။
ကြာကြာဝါးမှ ခါးမှန်သိ ဆိုသလို အနေကြာလာတော့ ကျော်ကျော်၏ ဗီဇ တစ်စွန်းတစ်စ ပေါ်လာသည်။
" သမီးရေ…ခုတလော ကျော်ကျော် သမီးဆီက ပိုက်ဆံ ခဏခဏတောင်းတာ အမေသိတယ်နော်၊ ညည်းလင်ကို သတိလဲထားဦး၊ အလိုမလိုက်နဲ့ "
တဖြည်းဖြည်း ကျော်ကျော် အသုံးကြမ်းလာသည်၊ ကုမ္ပဏီမှာလဲ လက်ထောက် မန်နေဂျာ ကျော်ကျော် ဖြစ်လာပြီ၊ သို့သော် အိမ်၏တာဝန်ကို ဘာမျှမယူ။ တအိမ်လုံး၏ အသုံးစရိတ် ဒေါ်မြတ်မိုးထံမှပဲ ထွက်ရသည်။ ဒေါ်မြတ်မိုး လင့်အတွက် ဘယ်လောက်ပင် ဖုံးဖိသော်လည်း မိခင်က သိနေပါသည်။ ဒေါ်မြတ်မိုး ချစ်လင်လေးကို အလိုလိုက်လွန်းသည်။
" သူလဲ ငယ်ငယ်ရွယ်ရွယ်ဆိုတော့ သုံးချင် ၀တ်ချင် စားချင်မှာပဲလေ "
ကျော်ကျော်၏ လစာကို မတောင်းသည်အပြင် မိခင်မသိအောင် ဘဏ်စာရင်းကပင် ထုတ်ပေးလိုက်သေးသည်။
ငယ်ငယ်လေးကိုယူပြီး စိတ်မချနိုင်၊ မျက်စအောက်က အပျောက်မခံနိုင်အောင် ဖြစ်နေသော သမီး၏ ချစ်ဒုက္ခကြောင့် မိခင်ကြီး မကြာခဏ သက်ပြင်းချမိပါသည်။
ပစ္စည်းများကို သမီးထံတွင် စိတ်မချနိုင်၍ အတွင်းပစ္စည်းမှန်သမျှ မိခင်ကြီးက သိမ်းထားလိုက်လေသည်။ ဒေါ်မြတ်မိုးကိုယ်ပေါ်တွင် စိန်တစ်ဆင်စာသာ ပေးဝတ်ထားသည်။
ဒေါ်မြတ်မိုး၏ ကိုယ်ပေါ်မှ ရတနာများ တဖြည်းဖြည်း လျော့နည်းလာသည်ကို တွေ့ရတော့ မိခင်ကြီး၏ ခံယူချက် ပို၍ ခိုင်မာမြဲသွားသည်။ ကျော်ကျော် ပစ္စည်းမက်၍ သူ့သမီးအား ယူသည်ဟု တစ်ယူသန် စွပ်စွဲသည်။
" သမီး မိုက်တယ် သိပ်မိုက်တယ်၊ ညည်း ခုထိ ဒီကောင့်အကြောင်း မသိသေးဘူးလား "
မိခင်ဆူသမျှ ဒေါ်မြတ်မိုး ခေါင်းငုံ့ခံသည်။ သို့သော် ချစ်လင်အပေါ် အထင်လွစိတ် လုံးဝ မဖြစ်မိ၊ မကျေနပ်စိတ် ဆံချည်တမျှင်မျှ မဖြစ်မိပေ။
တစ်နေ့ အိပ်ခန်းထဲတွင် ကျော်ကျော်က မိန်းမထံမှ ပစ္စည်းတောင်းမရ၍ ရိုက်မောင်း ပုတ်မောင်းဖြစ်သည်အထိ စကားများနေကြသည်ကို အပြင်မှကြားနေရသော မိခင်ကြီး ရင်ထုမနာ ဖြစ်ခဲ့ရသည်။
ရွှေပုံပေါ်မှာ မွေးလာခဲ့သော သူ့သမီးလေးကို လက်ဖျားနှင့်တောင် မတို့ခဲ့ဖူး၊ ဖူးဖူးမှုတ်ထားခဲ့သော သမီးကို ကျော်ကျော်က ခု ရက်စက်စွာ ရိုက်နှက်သည်ကိုမြင်တော့ မိခင်ကြီးစိတ်ထဲ သမီးအား နှမြောစိတ် ယူကျုံးမရစိတ်များ ဖိစီးလာလေသည်။
သွေးတိုး၊ နှလုံးရောဂါရှိသူမို့ အသက်လည်းကြီးလာတော့ ကြာကြာ သည်ဒုက္ခများကို မခံစားနိုင်သဖြင့် သမီးစိတ်ဖြင့်ပင် မိခင်ကြီး ကွယ်လွန် အနိစ္စရောက်ခဲ့ရပါသည်။
မိခင် ဘာကြောင်းဆုံးရသည်ကို မစစ်ကြောမိလောက်အောင် ဒေါ်မြတ်မိုးမှာ ချစ်စိတ်များ မွှန်ခဲ့ပါသည်။ ကျော်ကျော့်အပေါ် ချစ်ဆဲ၊ ချစ်မြဲ၊ အလိုလိုက်ဆဲ၊ အလိုလိုက်မြဲပင်။
နောက်ပိုင်းတွင် မိတ်ဆွေများထံမှ ကျော်ကျော်၏ မူမမှန်သော သတင်းများကို ကြာလာရသည်။
" သူငယ်ချင်း နင့်ကောင်လေးကို သတိထားကြည့်ဦး၊ စာရေးမလေးတစ်ယောက်နဲ့ တွဲနေတယ် "
" အို….မဟုတ်နိုင်တာ " ဟု ဒေါ်မြတ်မိုး ငြင်းခဲ့သည်။ ဒေါ်မြတ်မိုး၏ နှလုံးသားမှာလဲ ကျော်ကျော် ဖောက်ပြန်သည်ကို လုံးဝလက်မခံနိုင်ပါ။
တစတစနှင့် မိတ်ဆွေ တစ်ဦးနှစ်ဦး သုံးလေးဦးထံမှ ကြားသော်လည်း ကျော်ကျော့်အပေါ် သံသယဆိုလို မြူမှုန်မျှ မထင်ခဲ့။ နောက်ပိုင်း ကြားဖန်များလာတော့ ဒေါ်မြတ်မိုး၏ ခိုင်မာသော ယုံကြည့်မှုက ယိမ်းယိုင်လာသည်။ ကျော်ကျော်အား ဖွင့်မေးသည်။
" သူများပြောတာများ ယုံရလား မမရယ်၊ ကျော်ကျော် မမကို ဘယ်လောက်ချစ်တယ်ဆိုတာ မမ အသိဆုံးပါ၊ ဘေးစကားတွေ ထားလိုက်ပါ၊ ကဲ…ဒီနေ့ဘာဟင်းချက်လဲ၊ ကျော်ကျော် ဗိုက်ဆာပြီ၊ ကျော်ကျော်တို့ ထမင်းစားရအောင်နော် " ဟုပြောပြီး ဒေါ်မြတ်မိုးကို ပွေ့ချီကာ ထမင်းစားခန်းသို့ ခေါ်သွားလေသည်။
သည်အပြော သည်အယုယတွေကြောင့် ဒေါ်မြတ်မိုး ကျေနပ်ခဲ့ပါသည်၊ ယုံကြည့်ခဲ့ပါသည်။
မိခင်၏ဓာတ်ပုံရှေ့မှာရပ်ရင်း ဒေါ်မြတ်မိုးတစ်ယောက် အတွေးတွေ နောက်ကြောင်းပြန်နေသည်။
" မေမေရေ…သမီးမိုက် မှားခဲ့ပါပြီ၊ မေမေ ရောက်ရာဘ၀က သမီးမိုက်ကို ခွင့်လွှတ်ပါတော့ "
မိခင်ရုပ်ပုံလွှာကို လက်အုပ်ချီပြီး တောင်းပန်လိုက်ပါသည်။
" ကျော်ကျော် မင်း အခု ဘယ်လိုဖြေမလဲ၊ သူများပြောစကား မဟုတ်ဘူး၊ မမမျက်စိနဲ့ တပ်အပ်မြင်ခဲ့ရပြီလေ"
" ဂျိမ်း "
ကားတံခါးပိတ်သံက ဒေါ်မြတ်မိုး၏ အတွေးများကို ဖြတ်တောက်လိုက်လေသည်။ ကျော်ကျော် ပြန်လာပါပြီ၊ သူမ ရင်နှင့်အမျှ ချစ်ခဲ့ရသော သစ္စာမရှိသည် လင်ယောက်ျား ပြန်လာပါပြီ။ ဧည့်ခန်းထဲသို့ လှမ်းဝင်လာသော ကျော်ကျော့်မျက်နှာကိုကြည့်ပြီး ဒေါ်မြတ်မိုးရင်ထဲမှာ အတွေးတွေ စစ်ခင်းနေသည်။
ချစ်ရလွန်းသည့် ကျော်ကျော့်ကို ဆုံးရှုံးမခံနိုင်၍ သည်လိုဖောက်ပြန်တာကို ရေငုံနှုတ်ပိတ် မသိချင်ယောင် ဆောင်နေရမည်လား။ ဒါမှမဟုတ် ဗြောင်ဖွင့်မေးပြီး မကျေနပ်တာတွေကို ရန်တွေ့စစ်ပြီး ကျော်ကျော်နှင့် လမ်းခွဲရမည်လား။
ဒေါ်မြတ်မိုး ပြတ်သားစွာ ဆုံးဖြတ်၍မရသေးပါ။ သို့သော် သူမရင်မှာတော့ နောင်တတရားများ ကြီးစိုးနေပါသည်။
" သမီး မှားခဲ့ပါတယ် မေမေ "