ကျွန်တော်တို့တွေ အသက်ရှင်နေတယ်ဆိုတော့ ဘဝ တစ်ခုကိုရသွားတာပေါ့။
အဲ့ဒီတော့ ကျွန်တော်တို့တွေ ဒီ ဘဝ ဆိုတာကို အကျိုးရှိအောင် ဘယ်လိုလုပ်မလဲ။
ကျွန်တော်တို့ဟာ နေ့စဉ်နေ့တိုင်း စားဖို့သောက်ဖို့ အတွက်တော့ ရုံးကန်နေရမှာ အမှန်ပါပဲ။
ပိုလျှံမှသာ အပန်းဖြေချင်တဲ့သူတွေက ခရီးသွား အပန်းဖြေဇိမ်ခံနိုင်ပြီး
ပရဟိတ စိတ်ရှိတဲ့သူတွေက အလှူအဒါန်း လုပ်နိုင်ကြမှာပါ။
ဒီလိုလုပ်နိုင်ဖို့အတွက်ကလဲ ကျွန်တော်တို့တွေ ရည်မှန်းချက်တစ်ခုထားမှသာ ရနိုင်မှာပါ။
စားဖို့သောက်ဖို့ လောက်ရုံပဲ စဉ်းစားနေရင် ဒီလူရဲ့ဘဝဟာ ဘာမှမထူးတော့ပါဘူး။
သူ့ပင်ကိုစိတ်ကိုက စားပြီးသောက်ပြီး သေဖို့စောင့်နေတဲ့သူ ဖြစ်သွားပါပြီ။ အသက်ရှင်ပြီး ဘဝ ဆုံးနေပြီပေါ့ဗျာ။
ချမ်းသာမှု နဲ့ အောင်မြင်မှုကိုသူမလိုလားတော့ဘူး။ လူမှုရေး အတိုင်းအဝိုင်း တိုးတက်ဖို့လဲ မလိုချင်တော့ဘူး။
ကျွန်တော် လောဘကြီးဖို့ ပြောတာမဟုတ်ပါဘူး။ ဥပမာ ဒီလူသာ မတော်လို့ ဖျားနာခဲ့မယ်၊
နာတာရှည်ရောဂါတစ်ခုခု ဖြစ်ခဲ့လို့ အလုပ်မလုပ်နိုင်ရင် သူဘယ်လိုလုပ်မလဲ။
လှူမယ့်သူတွေ၊ ကူမဲ့သူတွေ မရှိရင် သေဖို့စောင့်နေရတော့မှာပါ။
အထက်က ကျွန်တော်ပြောသလို မဖြစ်ချင်ဘူး။ ချမ်းသာအောင် ကြိုးစားချင်တယ်ဆိုရင်။
"တစ်ခုလိုချင် တစ်ခုစွန့်" ဆိုတဲ့ စကားပုံလို လောကကြီးမှာ အလကားရတာ မရှိသလောက်ပါ။
ပထမဆုံး ကျွန်တော် အကြံပေးချင်တာက အချိန်နဲ့ ငွေကို မနှမြောပါနဲ့။
ဥပမာ။ ။ ကားလိုင်းပြေးချင်တယ်ဆိုရင် ကိုယ့်မှာ ကိုယ်ပိုင်ကားမရှိရင် သူများဆီကနေ
နေ့ပေးငှားပြီး ကိုယ့်အချိန်နဲ့ လုပ်အားကိုစိုက်ထုတ်ပြီး ငွေရှာရမှာပါ။
ကိုယ်ပိုင်ကား ရှိပါပြီထားပါဦး။ ကားအတွက် ဓာတ်ဆီတွေ၊ အင်ဂျင်ဆီတွေ အစရှိတာတွေကို
ကိုယ့်အိတ်ထဲက စိုက်ထုတ်နေရမှာပါ။ နှမြောလို့ဆိုပြီး ဓာတ်ဆီ မထည့်ဘဲ လိုင်းပြေးဆွဲလို့ မရပါဘူး။
ကိုယ်ဝင်ငွေ တစ်ခုရဖို့အတွက် ရင်းသင့်တာရှိရင် ရင်းလိုက်ပါ။ ပြီးရင် ပြန်ရှာပါ။ ပိုလျှံလာရင် စုထားပါ။
ဒုတိယအနေနဲ့ အကြံပေးချင်တာက သူများအပေါ် အကြွေးမတင်ပါနဲ့။
အချို့လူတွေကျတော့ လက်ထဲပိုက်ဆံ နည်းနည်းရှိလာပြီဆိုရင် ပျော်ဖို့ပါးဖို့ အရင်စဉ်းစားတတ်ကြတယ်။
ကျွန်တော့် သူငယ်ချင်းတွေမှာလဲ ဒီလိုမျိုးလူတွေ အများကြီးရှိပါတယ်။
လခထုတ်ပြီဆိုတာနဲ့ ပျော်မယ်၊ စားမယ်၊ သောက်မယ် ဆိုတာတွေကို အရင်စဉ်းစားကြတယ်။
ရတဲ့ပိုက်ဆံကို စုဖို့မစဉ်းစားတတ်ကြဘူး။ အဲ့လိုမျိုးလူတွေက ဒီလိုလခစားဘဝကနေထပ်တက်ဖို့ မလွယ်တော့ပါဘူး။
OPPO မှာအလုပ်လုပ်တဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆိုရင် လခထုတ်ပြီဆိုတာနဲ့
အရင်ဆုံး စားဖို့သောက်ဖို့သွားပြီ။ ပြီးရင် KTV သွားတယ် သီချင်းဆိုတယ်။
တစ်ခေါက်က သူ့လခထုတ်တဲ့ရက်မှာတင် ရသမျှအကုန်ကုန်တယ်။
ကုန်သွားတဲ့အချိန်ကျတော့ သူများဆီအတိုးနဲ့ ပိုက်ဆံပြန်ချေးရတာပေါ့ဗျာ။
သူက OPPO မှာ အရောင်းဝန်ထမ်းလုပ်တာ တစ်လကို ၅ သိန်းလောက်ရပါတယ်။
အခုဆိုရင် လခထုတ်ပြီဆိုရင် အတိုးနဲ့အကြွေးတွေအရင်ဆုံးပေးရပြီ။
အကြွေးပေးပြီးတော့ လက်ထဲမှာက ဘယ်လောက်မှမကျန်တော့ဘူး။
၁ ပတ်လောက်နေရင် ပြန်သွားချေးရပြီ။ အဲ့လိုနဲ့ သူမှာ အကြွေးယူလိုက် ပြန်ပေးလိုက်နဲ့ပိုက်ဆံမစုမိတော့ဘူး။
အခုအလုပ်ပြုတ်သွားတော့ အကြွေးတွေမပေးနိုင်လို့ တောင်ကြီးဘက်သွားရှောင်နေရပြီ။
တတိယအချက်အနေနဲ့ အချိန်၊ ကတိနဲ့ ယုံကြည်မှုကိုအလေးထားစေချင်ပါတယ်။
အထက်က ကျွန်တော့်သူငယ်ချင်းလို ကျွန်တော်အပါအဝင် အခြားသူငယ်ချင်းတွေရဲ့ အကြွေးကို ပြန်မပေးနိုင်သေးတဲ့အပြင်
ခုထိလဲ ကျွန်တော်တို့ဆီ အကြောင်းအမျိုးမျိုးပြပြီး ပိုက်ဆံလာချေးနေပါတယ်။
အစပိုင်းမှာ ကျွန်တော်တို့ကသူငယ်ချင်းဆိုပြီး ယုံကြည်လို့ ချေးပေးတာပေါ့ဗျာ။
သူဘက်က ပြန်မပေးတဲ့အပြင် ထပ်ယူဖို့တောင်လာပြောတော့ သူ့ဘက်က ကတိတွေပျက်ခဲ့တော့
ကျွန်တော်တို့က ယုံကြည်မှုမရှိနိုင်တော့လို့ ထပ်ပြီး မချေးပေးနိုင်တော့ပါဘူး။
ဒီနေရာမှာကျတော့ သူ့ဘက်ကနေ ကတိနဲ့ ယုံကြည်မှုကို သူကိုယ်တိုင်ရိုက်ချိုးခဲ့တာပါ။
အကယ်လို့ သူကသာ ပြန်ပေးချင်စိတ်ရှိရင် သူကြိုးစားပြီး တစ်နည်းမဟုတ် တစ်နည်းနဲ့
ဖြည်းဖြည်းချင်းနဲ့ တစ်လနည်းနည်းဆီပြန်လာပေးမှာပါ။ သူ့မှာအချောလိုချင်တဲ့စိတ်ရှိနေလို့သာ
အရင် အကြွေးအဟောင်းပြန်မပေးတဲ့အပြင် အကြောင်းပြချက်အမျိုးမျိုးနဲ့ လာပြီးချေးနေတာပေါ့ဗျာ။
သူသာ စီးပွားရေးသမားတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဒီလိုမျိုး အချိန်၊ ကတိ၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်ရင်
ဘယ်လောက်ပင် အောင်မြင်တဲ့သူဖြစ်နေပါစေ ခုဏလေးနဲ့ပြန်ကျဆုံးမှာ အသေအချာပါပဲ။
ဒီစာလေးကိုဖတ်ပြီ တစ်ခုခုရသွားမယ်ဆိုရင် ရေးရကျိုးနပ်ပါပြီ။
Written by Kyaw Kyaw Naing