ဘဝကို အတော်လေး ဖြတ်သန်းမိသူတွေအတွက် အကောင်းရော အဆိုးရော ဒွန်တွဲနေပါလိမ့်မည်။ မည်သူကမျှ ကောင်းတာချည့် ရွေးမလုပ်နိုင်သလို မကောင်းတာတွေချည့်လဲ လုပ်မနေနိုင်ပါဘူး။ မည်သို့ စိတ်ကောင်းမရှိသူဖြစ်ပါစေ တစ်ခါတလေတော့ စိတ်ကောင်းဝင်နိုင်လိမ့်မည်ဟု ထင်မြင်မိသည်။ သွားရင်းလာရင်းနှင့် နောင်တရစရာကိစ္စများလည်း လုပ်မိပါလိမ့်မည်။ အော်..ငါသာ ဒီစကားမပြောခဲ့ရင်....ငါသာ ဒီလို လုပ်ရပ်မလုပ်ခဲ့ရင်..ငါသာ..ငါသာ..စသဖြင့် နောင်မှသာ တွေးမိကြခြင်းပင်။
မိမိလုပ်သမျှ မှန်တယ်ထင်ထားပြီးမှ မှားပါပကောလားဟူသော အသိသည် လူကို ပြာဝေစေသည်။ ကိစ္စ အကြီးအသေးကိုလိုက်၍ ပြသနာ အကြီး အငယ်ကတော့ ကွာခြားပါလိမ့်မည်။ နောင်တ ဟူသည် စိတ်နှလုံးကို ခြုံးခြုံးကျစေသောကြောင့် ဘဝတွင် အမှားလုပ်မိခြင်းဟု မိမိကိုယ်မိမိ စိတ်ဆင်းရဲနေစေသည်။ ထိုအခါ ဖြစ်ခဲ့သောကိစ္စမှ မှတ်သားစရာကို ယူရမည်။ အမှားထဲမှ သင်ခန်းစာကို ယူနိုင်ရမည်။
နောင်မမှားအောင် နောက်တစ်ခါ နောင်တ မရှိအောင် ကြိုးစားနေထိုင်နိုင်ရမည်။ မိမိ ပြုပြင်နိုင်သမျှ ပြုပြင်ပေးရမည်။ လူ့ဘဝဟူသည် အတိုလေးပင်ဖြစ်သည်။ နောင်တတွေ တနင့်တပိုး နှင့် မနေသင့်ပါပေ။ ပစ်ချသင့်သည်ကို ပစ်ချပြီး လွတ်ချသင့်သည်ကိုလည်း လွတ်ချနိုင်ရမည်။ သို့သော် အပြောသာလွယ်သည်။ အလုပ်ခက်သည်။
မယ်ကြည့်သူငယ်ချင်းတစ်ယောက်ရှိသည်။ သူမ ကျောင်းပြီးပြီးချင်း အိမ်ထောင်တန်းကျသည်။ သူမအမျိုးသားသည် အလုပ်လက်ကြောတင်းတင်း လုပ်ကိုင်မကျွေးပါချေ။ ၄င်းအပြင် အခြားသူများနှင့် ဖောက်ပြန်သေးသည်။ ပိုက်ဆံ အနည်းငယ်ရှိသော မိသားစုဖြစ်ပြီး သူ့မိဘတွေက သူမနှင့် သဘောမတူဟု ဆိုပြီး သူတို့၏သားအား မြှောက်စားထားလေသည်။ သူငယ်ချင်းသည် သူ့အမျိုးသား မိဘအိမ်တွင် နေထိုင်သောအခါတွင်လည်း ယောက္ခမများ အနိုင်ယူခြင်း ခံရသည်။ ကိုယ်တိုင် ပိုက်ဆံမရှာနိုင်သောအခါ ဖုန်းဘေ ၁၀၀၀ပင် သူမကို ဖြည့်ပေးမည့်သူမရှိကြပါ။
မယ်ကြည် သူငယ်ချင်းကို အားပေးသည်။ သူမ လိုအပ်သည်ကို အတတ်နိုင်ဆုံး ကူညီပေးသည်။ သူမ ပြန်လာရန် လမ်းစရိတ်ကို ပို့ပေးသည်။ ကိုယ့်ဆီ ပြန်လာပြီး အလုပ်လုပ်ရန် တိုက်တွန်းသည်။ သူငယ်ချင်းက ပြန်မည်ဟု ပြောသဖြင့် သူ့ယောက်ျား၏ ရိုက်နှက်ခြင်းကို ခံရသည်။ ယောက္ခမ၏ အနိုင့်ထက်စီးနင်း ပြောဆိုခြင်းကို ခံရသည်။ သူမ ပြန်ရောက်လာခဲ့ သည်။ သူမသည် လွတ်ချနိုင်သည်ကို လွတ်ချထားခဲ့သည် မဟုတ်ပါလား။ သူမသည် မိဘအိမ်သို့ မပြန်ရဲပါချေ။ ကျောင်းပြီးချင်း အိမ်ထောင်ပြုသော သူမအား မိဘများက မခေါ်ကြချေ။ သမီးအငယ်ဆုံးမလို့ မွေးချင်းထဲ သမီးလေး သူမတစ်ယောက်သာပါသဖြင့် အချစ်ကြီး၍ အမျက်ကြီးကြပုံပင်။ သူမအဒေါ်အိမ်တွင် ခေတ္တမျှနေပြီး အလုပ်ရှာ၍ လုပ်လေသည်။
သူမ၏ ပင်ကိုဗီဇသည် စိတ်ရင်းကောင်းသူဖြစ်၍ အကျိုးပေးသည်လည်း ပါပါလိမ့်မည်။ မယ်ကြည် ပျော်နေပါပေသည်။ သူမ အဆင်ပြေပြီး များမကြာမီ သူမယောက်ျားသည် သူမအလုပ်လုပ်နေရာ လိုက်လာပြီး ချော့မြှူ ပေါင်းသင်းပြန်သည်။ သူငယ်ချင်း၏ လုပ်အားခသည် သူ့တစ်ကိုယ်စာမက သူ့အမျိုးသားသားသုံးရန်နှင့် သူမယောက္ခများ ထောက်ပံ့ရန် လုံလောက်ပေသည်။ သူမသည် အချစ်ဟူသော အကြောင်းပြချက်ဖြင့် ပြန်ပေါင်းပြီး သူ့ယောက်ျားအား မည်သို့ ပြန်လည် ယုံကြည်သည်မသိ အလုပ်မှ ထွက်ပြီး တစ်ခါ သူ့အိမ်သို့ ပြန်လိုက်သွားပြန်သည်။ မယ်ကြည် ရင်နာရပြန်သည်။ 😞😞
နောက်တစ်ပတ် ဆက်ဖတ်ပေးကြပါနော်။ steemit မှ သူငယ်ချင်းများ လိုတိုင်းတ ရနိုင်ကြပါစေ😊။
Author
Msc 050