ရွာဘုရားပွဲနီးလာတော့ ကလေးတုန်းကအကြောင်းတွေကိုပြန်သတိရမိသည်ပေါ့လေ
ငယ်ငယ်တုန်းကတော့ စာမေးပွဲပီးတာနဲ့ဘုရားပွဲကို မျှော်ကြရတာအမော ဘုရားပွဲမစခင်ပဌာန်းရွတ်ပွဲစပီဆိုကတည်းက ကိုယ်တွေ ပျော်ပီလေ ညဘက်ဆို ပဌာန်းရွတ်တဲ့ဘုန်းကြီးတွေကို ဂျင်းသုပ်တွေ ကြက်သွန်သုပ်တွေ အိမ်ကလူကြီးတွေသွားကပ်ရင်ကိုယ်တွေပါလိုက်သွားတာပေါ့ ဘုန်းကြီးကျောင်းရောက်ရင် ဘုန်းဘုန်းကျွေးတဲ့မုန့်တွေစားရတာကိုး ပဌာန်းရွတ်ပွဲပီးလို့နောက်ရက်ဆို ဘုရားပွဲစပီလေ
ရွာဘုရားပွဲဆိုရင်အဝေးရောက်နေတဲ့သူတွေလည်းပြန်လာကြတော့လက်ဆောင်တွေလည်းပါလာတယ် မုန့်တွေလည်းပါလာတယ်
တကယ်ကိုပျော်စရာကောင်းခဲ့တဲ့အချိန်တွေပေါ့။
ဘုရားပွဲဆိုရင်အဝေးရောက်နေတဲ့ဝန်ထမ်းတွေလည်းပြန်လာကြသလို တောထဲမှာနေတဲ့သူတွေလည်းရွာကအမျိုးတွေအိမ်မှာတည်းခိုရင်းဘုရားပွဲကြည့်ဖို့ ရွာဘက်တက်လာကြတယ်လေ အဲ့ဒီရက်မျိုးတွေဆိုရင် အဖွားတွေက အိမ်မှာငါးသလောက်ပေါင်းတွေအများကြီးပေါင်းထားကြတယ် ကိုယ့်အိမ်မှာတည်းတဲ့သူတွေလည်းကျွေး ဘေးအိမ်မှာတည်းတဲ့သူတွေလည်းသွားပို့ပေါ့ အဲ့လိုပဲ ဘေးအိမ်တွေကလည်း လာပြန်ပို့ပေါ့ ထမင်းစားရင်ဟင်းတွေကိုအမျိုးစုံနေတာပဲ တောထဲမှာနေတဲ့သူတွေအတွက်ကတော့ ရွာဘုရားပွဲမှာ လှူဖို့ ဝတ်ဖို့ သုံးဖို့ တစ်နှစ်လုံးစုထားကြသလားမှတ်ရတယ် ပိုက်ဆံကိုအထုပ်လိုက်နဲ့လာကြတာ။
ကိုယ်မှတ်မိသလောက် တချို့ဦးလေးကြီးတွေဆို ဂျင်းဘောင်းဘီဝတ်ပီး ပုဆိုးကိုလည်းစလွယ်သိုင်းထားသေးတယ် နဖူးမှာလည်းသဘက်အသေးလေးတွေစည်းထားသေးတယ် ဘာစတိုင်လဲတော့သိဘူးရယ်
အမကြီးတွေဆိုလည်းအလှတွေပြင်ထားတာမှုံနေတာဘဲ
သူများအကြောင်းတွေပြောပီး ကိုယ်အကြောင်းတော့ချန်ထားလို့မရဘူးပဲ မှတ်မိပါသေးတယ် ပွဲဈေးလျှောက်ဖို့ဆိုပီးအဒေါ်တွေက အဝတ်စားအသစ်တွေဝတ်ပေးထားတယ် ကိုယ့်မှာမှန်ရှေ့ကမခွာနိုင်ပေါ့ဝတ်စားပီးသွားကြမယ်လည်းဆိုရော အမေကြီးက ဟဲ့ဖိနပ်စီးမသွားနဲ့ပျောက်မယ်တဲ့လေ ကိုယ့်မှာစိတ်တွေညစ်လိုက်တာမှ ပြောမနေနဲ့
ကိုယ်ကလည်းဖိနပ်မစီးရရင်မသွားဘူးပေါ့ အမေကြီးကလည်းဖိနပ်စီးပီးမသွားရဘူးပေါ့ နောက်ဆုံးအဒေါ်တွေဝိုင်းပြောမှဖိနပ်စီးခွင့်ရလိုက်တယ် ကိုယ့်အကြောင်းသိတဲ့အမေကြီးကတော့ တတွတ်တွတ်မှာတာပေါ့ အဒေါ်တွေကလည်းမပျောက်ပါဘူးဆိုပီးအာမခံပီးခေါ်လာတာ ဟိုရောက်လို့ရဟတ်လည်းစီးရော လူတွေကအများကြီးဆိုတော့လုတက်ရတာ ဖိနပ်ကလူတွေနဲ့ရောပီးဘယ်ပြုတ်ကျသွားလည်း
မသိဘူး အိမ်ပြန်တော့ဖိနပ်မပါသွားတော့ဘူး။
ဘုရားပွဲရောက်ရင် ကလေးတွေပွဲကြည့်ဖို့ဆိုပီး အဘက နွားလှည်းထိုးထားပေးတယ် ကိုယ်ကအဒေါ်အပျိုတွေနဲ့ဇာတ်စင်ရှေ့မှာလိုက်
ကြည့်ချင်တယ် ဒါပေမယ့်လည်းအမေကြီးမလွန်ဆန်နိုင်တော့ နောက်ဆုံးသူနဲ့ပဲ လှည်းပေါ်မှာလိုက်ကြည့်ရတယ် ပွဲကြည့်တယ်သာပြောတာပါ ပါလာတဲ့မုန့်တွေစားပီးအိပ်တာပါပဲ။
ကလေးတုန်းက ဘုရားပွဲအမှတ်တရလေးတွေပေါ့