မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့။ ကျွန်တော်တို့ မိတ်ဆွေတွေ တစ်ယောက်နဲ့တစ်ယောက် အသိမိတ်ဆွေတွေ ဖြစ်ကြပေမယ့် တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းမသိကြဘူးနော်။ steemit မှာ မိတ်ဆွေဖြစ်တဲ့ဦးရေက တိုးမလာပေမယ့် လျော့နည်းလာတယ်။ steemit မလုပ်တော့ရင် အဆက်အသွယ်နည်းသွားသလို MSC က ထွက်သွားရင် သူစိမ်းတွေလို အခေါ်အပြောမရှိကြတော့ဘူး။ ခင်မင်တယ် ၊လေးစားတယ် ဆိုတဲ့အရာမှာ အတူတူ လုပ်ကိုင်ခြင်းက ထိုလောက်နေရာယူလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ဘာကိုတွေးမိလဲဆိုတော့ အခုမိတ်ဆွေဖြစ်နေတဲ့ MSC က ညီအစ်ကိုတွေလည်း အကြောင်းအမျိုးမျိုးကြောင့် မလုပ်ကြတော့ရင် ဒီလိုဘဲဖြစ်မယ်ထင်တယ်လို့ တွေးမိလို့ပါ။ ဒါတောင် facebook တစ်ဆင့်ခံထားသေးတယ်။ လေးစားတယ် ခင်မင်တယ် မိတ်ဆွေ ဖြစ်တယ်ဆိုတာ အလုပ်သဘောအရလို့ ထင်မိတယ်။
post တွေရဲ့ cmမှာတော့ ရင်းနှီးသလိုလို ၊ group မှာ ခင်မင်သလိုလို နဲ့ MSC မှာ မရှိတော့တာနဲ့ သူတို့ရဲ့အငွေ့အသက်တွေ မြူတစ်ခုလို ပျောက်ကွယ်သွားကြတယ်။ ထွက်ခွာသူနဲ့ ကျန်ရစ်သူမှာ ကျန်ရစ်သူက ပိုသတိရတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပတ်ဝန်းကျင် ဒီအငွေ့အသက်ကို ကျန်ရစ်သူတွေက ဆက်လက် မြင်တွေ့နေရတယ်လေ။ ထွက်ခွာသူက နောက် ပတ်ဝန်းကျင်အသစ်မှာ နောက်တစ်မျိုးပေါ့။ လွမ်းချင်းသီဆိုနေတာမဟုတ်ပါဘူး။ လူတွေရဲ့သဘောကို တွေးမိလို့ပါ။ စည်းခြားသွာကြပြီလို့ ထင်နေကြလို့ ဖြစ်မယ်နော်။
လူ့သဘာဝက ရယ်စရာတော့ ကောင်းသားဗျ။ ခလေးဆန်ကျတယ်ဆို ပိုမှန်မယ်ထင်တယ်။ ဥပမာလေး ပြောပြပါ့မယ်။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က ကျွန်တော်တို့ စက်ရုံကြီးကို စက်မှု (၂)မှ ဦးပိုင်သို့ လွှဲပြောင်းကြပါတယ်။ ဝန်ထမ်းတွေကို ဆန္ဒမဲတောင်းခံပါတယ်။ အင်းတကော်မှာဘဲ ဦးပိုင်နဲ့ဆက်လုပ်မလား ၊ စက်မှု၂နဲ့ သာဂရကို လိုက်မလားပေါ့။ ဝန်ထမ်းတိုင်းက ကိုယ်နဲ့အဆင်ပြေရာ ကိုယ်ဆန္ဒအတိုင်း ရွေးချယ်ကြတာဘဲ။ ဘာဖြစ်လာလည်းဆိုတော့ အင်းတကော်အဖွဲ့ သာဂရအဖွဲ့ဆိုပြီး သဘောထားကွဲလွဲ ၊အပြိုင်အဆိုင် ထေ့ငေါမှုတွေပြောကြ သူ့အဖွဲ့ ငါ့အဖွဲ့ဆိုပြီး စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာကြတယ်။
စက်ရုံမှာ ကျန်ခဲ့မယ့်သူကို နည်းပညာလည်း လွှဲပြောင်းမပေးချင်ကြတော့ဘူး။ အတူတူ ချစ်ချစ်ခင်ခင် နေလာကြပေမယ့် အထက်သက်ဆိုင်ရာရဲ့ လိုအပ်ချက်ကြောင့် ဆန္ဒဘဲရွေးချယ်တာ ဘာဆန်းလဲဗျာ။ ကိုယ့်မိသားစုနဲ့ အဆင်ပြေရာကို ရွေးချယ်ရတာဘဲ။ ဘာပြဿနာ ဖြစ်စရာရှိလဲ။ကျွန်တော်လုပ်ခဲ့တဲ့ Ball Bearing ထုတ်လုပ်တဲ့စက်ရုံမှာ ယောကျာင်္းလေးဆိုလို့ တာဝန်ခံနဲ့ ကျွန်တော်ဘဲ ကျန်ခဲ့တယ်။ section 5ခုနဲ့ စက်ပေါင်း ၁၀၀ကျော်ရှိတာကို အတူတူလုပ်ခဲ့တဲ့ ညီအစ်ကိုတွေက သင်မပြခဲ့ဘူး။ နည်းပညာပိုင်း လွှဲပြောင်းမှု မပေးဘူးပေါ့ဗျာ။ တစ်ခွန်းဘဲပြောကြပါတယ်။ မဟော်ရယ် မင်းတော့ ခင်ပါတယ်တဲ့။ ဘယ်လောက်ထိဆိုးရွားသွားလဲဆိုရင် ခွဲခွာရပြီး နောက်ပိုင်းနှစ်တွေထိ အင်းတကော်နဲ့သာဂရဆိုပြီး အပြိုင်အဆိုင် ခွန်းတုန့်ခွန်းပြန်တွေ ဖြစ်ကြတယ်။ အံ့သြစရာပါဗျာ။ သူတို့ ထွက်ခွာတဲ့ နေ့က မြင်ကွင်းကို ကျွန်တော့်ရင်ထဲမှာ မြင်နေတုန်း။ ဆောင်းတွင်းမနက်စောစော TE ကားတွေတန်းစီပြီး ပစ္စည်းတွေတင်ပေးရ လိုက်နှုတ်ဆက်ရတာ ယောကျာင်္းကြီး တန်မဲ့ ငိုချင်မိတယ်။ ကားတွေထွက်တော့ လက်ပြနှုတ်ဆက်သွားတဲ့မြင်ကွင်းဟာ တစ်သက်မမေ့နိုင်ပါဘူး။ နောက်ပြီး သူတို့မရှိတော့ ပတ်ဝန်းကျင်ကို ဆက်လက်ဖြတ်သန်းရတာ ကျန်ရစ်သူတွေအတွက် ဝေဒနာမီးငွေ့ဟာ တော်တော်နဲ့မသေပါဘူး။ ကိုယ်က ခံစားလို့ကောင်းတုန်း အင်းတကော်အဖွဲ့ သာဂရအဖွဲ့ ပြဿနာသတင်းတွေကလည်းနေ့စဉ် ကြားနေရ။ လူတွေ အံ့သြစရာလို့ တွေ့မိခဲ့ဖူးပါတယ်။ နောက်ဆို ကျန်ရစ်သူ မလုပ်ဘဲ ထားရစ်ခဲ့သူ လုပ်မလားလို့ တွေးတောရင်း နိဂုံးချုပ်လိုက်ပါတယ်။