📖 အားနာတယ် 📖
အသက်မဲ့တဲ့စကားလုံးတွေနဲ့ ငါယဉ်ယဉ်လေးရူးနေခဲ့တာ
ဆယ်စုနှစ် တစ်စုစာမကတော့ဘူး
နင်ပြောသလိုပဲ
နင်နဲ့ငါ့ရဲ့ ရှေးဖြစ်နောက်ကြောင်းက
ပြန်နားထောင်ဖို့မကောင်းတဲ့
သံစဉ်ပျက်သီချင်းဟောင်းလေးပါ
ငါသတ်မှတ်ထားတဲ့နင်က
အဓိပ္ပါယ်သတ်မှတ်ဖို့မလွယ်တဲ့
ခက်ဆစ် အပျက်ပျက်နဲ့
နှာခေါင်းသွေးထွက်မှ သိတယ်
တစ်စစ်စစ်နဲ့အရိုးထိစူးသွားမှ သိတယ်
တစ်ရက်တစ်ရက်နဲ့
နေမြင့်လေ အရူးပိုရင့်လေဖြစ်မှ သိတယ်
သံသရာကိုမကြောက်တော့တဲ့ငါက
ခန္ဓာကို ဥပက္ခာထား
ဝေဒနာကို စွဲစွဲမြဲမြဲဖက်တွယ်ထားတဲ့
ဥပါဒါန်စွဲ ဒိဋ္ဌိဖြစ်နေပြီလေ
ငါ့ခံစားချက်တွေရဲ့ထွက်ပေါက်အဖြစ်
ကဗျာကိုခုတုံး လုပ်နေရတာ
အားနာတယ်
ငါ့မျက်ရည်တွေ နားခိုရာအတွက်
ခေါင်းအုံးလေး နှာစေးအအေးမိခဲ့ရတာ
အားနာတယ်
အယုံလွယ်သူ ငါ့ကြောင့်
ဒိုင်ယာရီလေး အသည်းကွဲဝေဒနာဒဏ်ကို မရှုမလှခံခဲ့ရတာကိုလည်း
အားနာတယ်
ခိုဝင်စရာခန္ဓာမှားခဲ့တဲ့
ဒဏ်ရာဗရပွနဲ့ ငါ့နှလုံးသားလေးကိုလည်း
အားနာတယ်
ခေါက်ရိုးကြေ
သက်ပြင်းချသံသဲ့သဲ့နဲ့
နင့်ကိုလွမ်းသမျှ ပြန်ပြောပြချင်သေးတယ်
အမှတ်မရှိတဲ့
နလပိန်းတုံး အသိဥာဏ်နဲ့
နင်ညာပြောသမျှ အသာအယာခေါင်းညိတ်နေချင်သေးတယ်
အတုအယောင်ကို အမှုမဲ့နေသလိုနဲ့
အေးစက်စက်နင့်လက်ဖဝါးကို
နွေးထွေးစွာ ကိုင်ထားချင်သေးတယ်
ဆားမပါတဲ့
နင့်ရဲ့ပေါ့ရွှတ်ရွှတ်သတိရခြင်းတွေထဲမှာ
ငါ့နေရာကို အတိအကျသိချင်ဇောနဲ့
အခုထက်ထိငါ ရူးသွပ်နေဆဲပဲဆိုတာ
နင်သိရင် အရမ်းကောင်းမှာပဲဆိုတဲ့
ခပ်တိမ်တိမ်အတွေးတွေကို
📖 အားနာတယ် 📖