ကောင်းကျိုး ကိုယ်၌ တည်စေမင်း အပိုင်း (၂)
သံလျက်နဲ့ဂေါ်ပြားတွေ ကိုင်ပြီး ကျောက်စရစ်ခဲတွေ သဲတွေနဲ့ အင်္ဂတေနယ်ကာ ကျောင်းအဝင်လမ်းလေးကို ကိုယ်တိုင်ကိုယ်ကျ ကိုယ်ထူကိုယ်ထ ခင်းနေသော ဆရာတော်နှင့် ကိုရင်လေးတွေကို မြင်တော့ ဝမ်းသာဝမ်းနည်း ဖြစ်မိတယ်။
ဝမ်းသာမိတာက ဘာသာသာသနာအတွက် ကိုယ်ကျိမဖက်ပဲ ခက်ခက်ခဲခဲ လုံ့လစိုက်ထုတ်ကာ သာသနာပြုနေကြသော ဆရာတော်နဲ့ ကိုရင်လေးတွေကို မြင်လိုက်မိလို့ ပီတိဖြာကြည်နူးဝမ်းသာ မိတာရယ်ပါ။
ဝမ်းနည်းမိတာက အလုပ်လေး လုပ်လိုက် စာချင်းတဲ့အချိန်စား ၊ အိပ်ချင်တဲ့အချိန် အိပ်လိုက် လုပ်နေရတဲ့ ကိုယ်လို လူတောင်မှ အစားအသောက် ရှားပါးတယ် ဆိုပြီး တွေးဆင်းရဲနေတာ. . .။
စားချင်တဲ့အချိန်တိုင်း စားခွင့်မရှိ၊ ကပ်လှူသူပေါများမှ ပြည့်ပြည့်စုံစုံ ဘုဉ်းပေးရမယ့် သာသနာ့ဝန်ထမ်း ရဟန်းသံဃာ ဆရာတော် ကိုရင်တွေရဲ့ဘဝ ပိုမိုရှားပါးဆင်းရဲ ရှာမှာပဲဆိုပြီး တွေးရင်း စိတ်ထဲမှာ လှိုက်ခနဲ ဖြစ်ကာ ဝမ်းနည်းမိတာပါ။
ခဏတာ တာဝန်ကျတဲ့ ကိုယ်တွေလို အရပ်သား ဝန်ထမ်းတွေက လပိုင်း နှစ်ပိုင်းလေးကို စိတ်ပျက်စိတ်ကုန်မိနေတာ ရှက်ဖွယ်ရာပါ။ ကိုယ် အလုပ်လုပ်နေတာက ကိုယ့်အတွက် ကိုယ့်စားဝတ်နေရေး အဆင်ပြေဖို့အတွက်။ သာသနာ့ဝန်ထမ်း ဆရာတော်နဲ့ကိုရင်လေးတွေ အလုပ်လုပ်နေတာက အများအတွက်။ ကွာလှပါပေတကား . . ။
အဆောင်ကို ပြန်ရောက်တော့လည်း ဆရာတော်နဲ့ကိုရင်လေးတွေ ကိုယ်ထူကိုယ်ထ လုံ့လစိုက်ထုတ် လမ်းခင်းနေတဲ့ မြင်ကွင်းက မျက်လုံးထဲက မထွက်ဘူး။တစ်စုံတစ်ခု တစ်စုံတစ်ရာ အထောက်အပံ့ပြုချင်တယ်။
လိုအပ်တဲ့နေရာမှာ လှူဖို့ ဘယ်လိုများ လှူရမလဲ. . ?
ဆရာတော်ရဲ့ သာသနာပြု ခရီးမှာ တစ်ဖက်တစ်လမ်းကနေ နိုင်သလောက်ဝန်လေး ပါဝင်ထမ်းဆောင်ချင် နေမိတယ်။
ဟူး လွယ်တော့ မလွယ်ဘူး။ ကိုယ်ကလည်း ဝန်ထမ်း လစာကလည်း နည်းပါး။ လက်ထဲရှိတဲ့ သောင်းကဏန်းလေး ဆရာတော်ကို သွားလှူလိုက်လည်း တစ်ခါပဲ ဖြစ်မှာ အထောက်အပံ့ကောင်း တစ်ခု ဖြစ်မှာ မဟုတ်ဘူး။ပြီးတော့ လတိုင်းလည်း သောင်းကဏန်း လှူဖို့ဆိုတာကလည်း မလွယ်ဘူး။
ဘယ့်နှယ့် လုပ်ရပ့။ ဘယ်လိုလုပ်ရပ့။ ဒီလိုရှားပါးတဲ့အရပ်ဒေသမှာ သာသနာပြုနေတဲ့ ဆရာတော်အတွက် ကိုယ့်ရဲ့ လှူဒါန်းမှုဟာ အထောက်အပံ့ကောင်းတစ်ခု အနေနဲ့ဖြစ်ချင်တာ ။
လက်ထဲရှိတာလေး ပြေးလှူပြီး ပြီးပြီ။ တစ်ခါအလှူ မဖြစ်ချင်ဘူး။
ရေရှည်လှူချင်တယ်။ ဝန်ထမ်းဘဝ ငွေကြေးကလည်း မလွယ်ဘူး။စဉ်းစားစမ်း . . .စဉ်းစားစမ်း . . . နဲ့
တွေးရင်း တွေးရင်း ခေါင်းတွေလည်း ချာချာလည်လို့
ဒီလိုနဲ့ အချိန်အတော်ကြာတော့ ခေါင်းထဲမှာ လက်ခနဲ လင်းခဲ အတွေးတစ်စ ပေါ်လာတယ်
ဒါနဲ့ အားရဝမ်းသာ ထခုန်ရင်း အော်လိုက်တယ် .
"ဟား . . . .သိပြီ . . .ငါကွ "
(ဤနေရာတွင် တစ်ခန်းရပ်)