ကောင်းကျိုး ကိုယ်၌ တည်စေမင်း
ကျနော် တာဝန်ကျရာ ဒေသဖြစ်သော သံတောင်ကြီးမှာက အစာရေစာ ရှားပါးတယ် ဒါ့ကြောင့် ဝန်ထမ်းတွေ အတော်များများက ဒီတောင်ပေါ်ဒေသလေးမှာ အချိန်ကြာကြာ နေချင်စိတ် သိပ်မရှိကြဘူး။
မနေချင်ကြတာလည်း မပြောနဲ့လေ နေမှုစားမှုမှ မလွယ်တာ။ ဝန်ထမ်းမှာလည်း မိသားစု အခက်အခဲလည်း ရှိကြမှာပေါ့။ ဆိုတော့ကား မိသားစုနဲ့ နီးရာဒေသမှာပဲ တာဝန်ကျချင်ကြတာ သဘာဝပဲမို့ အပြစ်ရယ်လို့လည်း မဆိုသာပါဘူး။
ဒါပေမယ့် အရင်၁ပတ်က Pro Postမှာ ရေးခဲ့သလိုပဲ ဒီလိုနေမှု ထိုင်မှုခက်ခဲတဲ့နေရာမှာ ဝန်ထမ်းတစ်ယောက်အနေနဲ့ မနေချင်ကြဘူး ပြန်ပြောင်းချင်နေကြတယ်ဆိုပေမယ့် စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့် နေထိုင်နေတဲ့ ဝန်ထမ်းကို မြင်လိုက်ရတော့ အံ့သြမိ စာနာမိတယ်။ အထူးတလည် လေးစား တန်ဖိုးထားမိတယ်။
ထိုဝန်ထမ်းလည်း ဒီလိုရှားပါးဒေသမှာ ဘယ်နေချင်ပ့မလဲ . . .ဒါပေမယ့် အများအတွက် ဆိုပြီး ကြိုးကုတ်အားထုတ်နေရှာတာပဲ ဖြစ်မယ်။
ကိုယ်ကျိုးမဖက် အများအကျိုးကို ကြည့်ပြီး ကိုယ့်တစ်ကိုယ်စာနဲ့ ကိုယ့်မိသားစု ကိုယ့်ဆွေမျိုးလောက်လေးပဲ မကြည့်ပဲ ဒီဒေသက လူများစွာအတွက် ကြည့်ပြီး ကိုယ်ကျိုးစွန့် အနစ်နာခံနေရှာတာပဲ ဖြစ်မယ်။
ထိုဝန်ထမ်းက ကျနော်တို့လို ကိုယ့်ဝမ်းစာ ကိုယ့်ရာထူး ကိုယ့်ဂုဏ်ပုဒ်အတွက် အတ္တနဲ့ အလုပ်လုပ်နေကြသူတွေလို သာမာန် လူဝန်ထမ်း မဟုတ်ပါဘူး။ အများအတွက် ဘာသာ သာသနာအတွက် လောကအကျိုး လူ့အကျိုးအတွက် အနစ်နာခံ သယ်ပိုးဆောင်ရွက်နေသော သာသနာ့ဝန်ထမ်း ရဟန်းသံဃာ ဘုန်းတော်ကြီး တစ်ပါးပေတကား။
စိတ်လွတ်ကိုယ်လွတ် စားချင်တဲ့အချိန်မှာ စားချင်တာ လုပ်စားခွင့်ရသော၊ ပျော်ချင်ပါးချင်တဲ့အချိန် ပျော်ပါးမြးထူးခွင့်ရသော လူတွေတောင်မှ အစာရေစာ ရှားပါးလို့ ပျော်စရာ မရှိလို့ စိတ်ညစ်ကာ ပြောင်းချင် ရွှေ့ချင်နေကြသည်လေ။
ဤကဲ့သို့ သာသနာဝန်ထမ်း ရဟန်းသံဃာ ဘုန်းတော်ကြီးတစ်ပါး အနေဖြင့် ပိုလို့တောင် ခက်ခဲပေလိမ့်မည်။ အစားအစာ ပေါများသော ဒေသမှာတောင် စားချင်တဲ့အချိန်မှာ စားချင်တိုင်း ချက်ပြုတ်စားသောက်ကာ နေလို့ မရသော ဝိနည်းတော် ပညတ်ချက်တွေနဲ့ နေထိုင်ရသော ရဟန်းတစ်ပါး။
ဤလို တောင်ပေါ်ဒေသ သာမာန်လူတွေတောင် ရှားပါးနေသော စားနပ်ရိက္ခာမှာ လှူမှ ဘုဉ်းပေးရသော ရဟန်းသံဃာအတွက် အဘယ်သို့ ပိုလျှံပါလိမ့်မည်နည်း။
လူတွေထက်ပင် ပို၍ ပို၍ ရှားပါး ခက်ခဲပင်ပန်းပါလိမ့်မည်။
တစ်ခါတစ်ရံ လှူတဲ့သူတွေ ရှိနိုင်သော်လည်း အမြဲလှူကြသည် မဟုတ်တော့ မပြည့်မစုံချိန်က ပို၍ များမည်သာ။ ရှိတာလေးနှင့် ရောင့်ရဲ၍သာ သာသနာ့ဝန် ခန္ဓာ့ဝန်ကိုယ်ကို ထမ်းနေရရှာပေလိမ့်မည်။
နောက်ပြီး ဤတောင်ပေါ် ဒေသလေးသည်က ကရင်ပြည်နယ်ဖြစ်၍ ကရင်လူမျိုး ခရစ်ယာန်ဘာသာဝင် အများစုဖြစ်ပြီး ဗုဒ္ဓဘာသာဝင် နည်းပါးသည်။ ထို့အပြင် ဗုဒ္ဓဘာသာဝင်တိုင်းကလည်း အဆင်ပြေသူချည့် မဟုတ်ချေရာ လှူနိုင်သူ အချိုးကျကြည့်ပါက မပြည့်စုံမှုကို ပို၍ ပေါ်လွင်စေနိုင်ပါလိမ့်မည်။
သို့ပေသည့် ကျနော်တို့ ကိုယ့်စားဝတ်နေရေး ကိုယ့်အတ္တ ကိုယ့်အကျိုးအတွက် ဝန်ထမ်းလုပ်နေသူတွေက ဤဒေသမှာ မနေနိုင်ဖြစ်ကာ ပြောင်းချင်ရွှေ့ချင် စိတ်ပျက်ချင်နေကြသလောက်။ သာသနာ့ဝန်ထမ်း ရဟန်းသံဃာ ဆရာတော် တစ်ပါးက ခက်ခဲရှားပါးမှုတွေကြားမှ မြို့ထိပ်က တောင်ကုန်းလေးမှာ တဲကျောင်းလေးဖြင့် နေထိုင်သီတင်းသုံးနေရင်းက ဘသာ သာသနာအကျိုး အများအကျိုးအတွက် ဆောင်ရွက်ထားပုံမှာ အံ့မခန်းပင်။
ဆရာတော်သည် အခက်အခဲရှားပါးမှုဒဏ် ကြံ့ကြံ့ခံကာ သီလသမာဓိ ပညာစွမ်းအားဖြင့် ကျင့်ကြံနေထိုင်ခဲ့သည်မှာ ယခု (၅)နှစ်ခန့်ကြာောအခါ တဲကျောင်းလေးမှသည် အုတ်ကျောင်းသို့ ပြောင်းလဲ တည်ဆောက်နိုင်ခဲ့ကာ တစ်ထပ်ကျောင်းလေးများ ဧည့်ဆောင်လေးများအပြင် တရားဟောပြော အားထုတ်ရာ ဓမ္မာရုံနေရာတစ်ခုပါ တည်ဆောက်ပြီး စီး၍ သင်္ကြန်ရက်တိုင်း (၇)ရက်တရားစခန်းပါ ဖွင့်လှစ်ပေးနေသေးသည်တကား။
အံ့ချီးမကုန်ဖွယ်ပင်။
ဤအရာတွေသည်ကား ဆရာတော် လာဘ်လာဘ ပေါများ၍ လှူဒါန်းမည့်သူ ပေါများ၍ ဖြစ်လာသည်မဟုတ်ချေ။ နည်းနည်းချင်းစု တစ်ချင်းစီ ဝယ် သင့်တင့်ရာ ဒကာ ဒကာမများထံမှ အလှူခံသင့် ခံကာ တဖြည်းဖြည်းချင်း တည်ဆောက် လာခဲ့ခြင်းဖြစ်သည်။
ယခုအချိန်မှာတော့ မြို့ထိပ်တောင်ပေါ်၌ သင်္ကြန်တွင်း တရားစခန်းဝင် သံဃာယောဂီ သီလရှင်ဆရာလေးများ တရားအားထုတ်ရန် ကျောင်းဆောင်ငယ်လေးများအပြင် တောင်ထိပ်ပေါ်၌ ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးနှင့် လျောင်းတော်မူ ရုပ်ပွားတော်မြတ်ကြီးပါ အများဖူးမြှော် ပူဇော်နိုင်ရန် တည်ထားပြန်သေးသည်။
ဤသည်ကိုမြင်တော့ ရုတ်တရက် အလည်အပတ် ရောက်လာသူများ အဖို့ ဤကျောင်း ဤသံဃာ ဤဆရာတော်မှာ လာဘ်လာဘ ပေါကြွယ်ဝပေမည်ဟု ထင်မှမိပေလိမ့်မည်။ ကျနော်တို့ပင် ဤတောင်ပေါ်ဒေသလေးသို့ စတင်တာဝန်ကျစဉ်က ဤလိုတောင်ပေါ်ဒေသတွင် တစ်ထပ်ကျောင်းလေးတွေ ဆောက်ထားနိုင်ကာ အများသူငှာဖူးမြော်နိုင်အောင် စေတီပုထိုး ရုပ်ပွားတော်များ တည်ထားနိုင်သော ဆရာတော်ကား လာဘ်လဘာ ပေါများလွန်းလှပေမည်ဟု ထင်မှမှားခဲ့ပေသေးသည်။
တကယ့်တကယ်တမ်းတော့ ဆရာတော်မှာ ဤသို့ဖြစ်ဖို့ များစွာကြိုးကုတ်အားထုတ်ခဲ့ရကြောင်း တစ်နေ့သောအခါမှာ ကျွန်ုပ် သိလိုက်ရလေ၏။
ထိုတစ်နေ့က ညနေဘက် လျောင်းတော်မူနှင့်ထိုင်တော်မူ မြတ်စွာဘုရားအား ပန်းရေချမ်း ဆီမီး ကပ်လှူပူဇော်ရန် သွားခဲ့တုန်းကပေါ့။
ပန်းရေချမ်း ဆီမီး ကပ်လှူ ပူဇော်ကာ တောင်ထိပ်မှ ပြန်ဆင်းကာ လမ်းဘေး၌ ရပ်ထားသော ဆိုင်ကယ်အား တောင်ပတ်လမ်းလေးအတိုင်း မောင်နှင်ကာ ပြန်ထွက်လာစဉ် အလွန်တရာ မှင်သက် အံ့သြသင့်သွားစေမည့် မြင်ကွင်းတစ်ခု မြင်လိုက်မိ၏။
အလွန်မှ လာဘ်လာဘပေါများပြီး ကြွယ်ဝသော ဆရာတော်တစ်ပါး ဖြစ်မည်ဟု ထင်ခဲ့သမျှ တက်တက်စင် လွဲမှားစေသော မြင်ကွင်းဖြစ်သည်။ ထိုအရာက ဆရာတော် ဦးဆောင်၍ ကိုရင်လေး နှစ်ပါးဖြင့် ကျောင်းအဝင်လမ်း ချိုင့်ခွက်များ ဖြစ်ကာ ပျက်စီးနေသည်ကို ပြုပြင်နေခြင်း ဖြစ်သည်တကား။
ဆရာတော်က သံလျက်ကြီးကိုင်၍ အင်္ဂတေတွေ ကော်ကာ လမ်းပြင်နေသလို ကိုရင်လေးနှစ်ပါးက ဂေါ်ပြားကိုင် သဲ ကျောက်လေးများ သယ်ကြ ယူကြနှင့် ကိုယ်ထူကိုယ်ထ လုပ်ကိုင်နေကြခြင်း ဖြစ်ပေသည်။( နောက်ပိုင်း ဆရာတော်နှင့် သိကျွမ်းရင်းနှီးမှ သေချာသိရသည်မှာ တစ်ထပ်ကျောင်းဆောင်လေးတွေ ဆောက်ခဲ့ရာတွင်လည်း ဤကဲ့သို့ ကိုယ်ထူကိုယ်ထနှင့် လာလုပ်ကူသူ လုပ်အားပေးတချို့နှင့် ဖြည်းဖြည်းချင်း လုပ်ကိုင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်တဲ့။)
(စာလည်း ရှည်ပြီမို့ ပျင်းရိငြီးငွေ့နေလောက်ပေမည်။ သို့အတွက် နောက်တစ်ကြိမ် Pro Postမှာ အပိုင်း ၂ အနေဖြင့် ဆက်ရေးပါတော့မည်ခင်ဗျ )