အုန်းရည်ချိုချိုလေး(၂)
❇❇❇❇❇❇❇❇❇❇
ပထမပိုင်း မဖတ်ရသေးသူများ အောက်ပါ link တွင် ဖတ်ရှုနိုင်ပါသည်။
https://steemit.com/myanmar/@mgmgkse/aunyanyundefined-undefined-el-2017929t93626383z
Credit to google image
ကုန်သည်လူကြီးက သတိပေးလိုက်သည့်အတွက် ဦးလေးဖြစ်သူနှင့် ဦးဇင်း ဘာထူးခြားမှု တွေ့လိုက်ရပါသလဲ။
ကုန်သည်လူကြီး လက်ဆောင်အနေဖြင့် ပါလာသော အုန်းသီးများထည့်ထားသည့် ဂုန်နီအိတ်ကြီးအောက်မှ အရည်များအနည်းငယ် စီးကျနေခြင်းဖြစ်ပါသည်။ ၎င်းအနေအထားကို ကုန်သည်လူကြီးပြောလိုက်မှ ဦးလေးတို့နှစ်ယောက်သား သတိထားမိကြသည်။ ဦးဇင်းမှ ရထား၏ခုန်ဆောင့်သည်ဒဏ်ကြောင့် အုန်းသီးတစ်လုံးကွဲသွား၍ အုန်းရည်တွေ စီးကျလာခြင်းဖြစ်မည်ဟု ပြောဆိုသည်။ ဦးလေးဖြစ်သူက ကွဲသွားတဲ့အတူတူ ခွဲပြီး အုန်းရည်သောက်ကြရအောင် အဆိုပြုသည်။ ကုန်သည်လူကြီးထံမှ တစ်စုံတစ်ရာ စကားသံ ထွက်မလာသေးပေ။ သူ့အုန်းသီးတွေကို နှမျောနေသည်လားမသိ။
ဦးလေးဖြစ်သူ၏ဘေးတွင် အတူလိုက်ပါလာသော လူငယ်လေးကား ထိုအဖြစ်အပျက်များကို မသိဘဲ နှစ်ခြိုက်စွာ အိပ်မောကျနေဆဲပင်ဖြစ်သည်။ ဦးဇင်းက အုန်းသီးခွဲရန်အတွက် ဓားမရှိဟုပြောသည်။ ဦးလေးဖြစ်သူက အုန်းသီးအိတ်ကြီးကို ဆွဲယူ၍ အနေအထားပြင်နေသည်။ ကုန်သည်လူကြီးက တစ်စုံတစ်ရာကို စဉ်းစားနေသည့်ပုံပေါက်နေသည်။ ဦးလေးတို့နှစ်ယောက်ကို ကြည့်လိုက်၊ အိပ်ပျော်နေသော လူငယ်လေးကိုကြည့်လိုက်နှင့် စဉ်းစားတွေးတောနေသည်။ ဦးလေးဖြစ်သူမှာ အုန်းရည်သောက်ချင်သဖြင့် တက်ကြွစွာဖြင့် အုန်းသီးအိတ်ကြီးကို ဖွင့်ရန်ကြိုးစားနေသည်။
ကုန်သည်လူကြီးမှာ တစ်စုံတစ်ခုကို ပြောဖို့ကြိုးစားနေသည်။ သို့သော် သူလည်း ဇဝေဇဝါဖြစ်နေသဖြင့် မပြောဖြစ်။ ထိုအချိန်တွင် ပစ္စည်းများရွှေ့သည့်အသံတွေကြောင့် အိပ်ပျော်နေသော လူငယ်လေးမှာ နိုးလာသည်။ အိပ်မှုံစုံမွှားဖြင့် လူကြီးတွေ ဘာတွေလုပ်နေသနည်းဟု လိုက်လံကြည့်ရှုနေသည်။ ကုန်သည်လူကြီးကလည်း လူငယ်လေးကို စူးစိုက်ကြည့်နေသည်။ ခဏအကြာတွင် လူငယ်လေးထံမှ အသံတစ်သံ ထွက်ပေါ်လာသည်။ ဦးလေးဖြစ်သူကို အုန်းသီးကွဲတာ မဟုတ်ဘူးဟု လှမ်းပြောလိုက်သည်။ ဦးလေးဖြစ်သူမှာ တအံ့တသြဖြင့် လူငယ်လေးကို လှည့်ကြည့်လိုက်သည်။ လူငယ်လေး အုန်းသီးကွဲတာမဟုတ်မှန်း ဘယ်လိုလုပ်သိသလဲပေါ့။ ဦးဇင်းနှင့် ကုန်သည်လူကြီးမှာလည်း လူငယ်လေး၏ ထူးခြားသည့်စကားကြောင့် စိတ်ဝင်စားသည့်ဟန်ဖြင့် လူငယ်လေး နောက်ထပ်ပြောလာမည့် စကားသံကို နားထောင်နေကြသည်။
Credit to google image
လူငယ်လေးက ဆက်၍ပြောဆိုသည်မှာ "အဲဒါ အုန်းသီးကွဲတာ မဟုတ်ဘူး၊ သား ရှူးပေါက်ချထားတာ။" ဟု ပြောဆိုလိုက်သည်။ ဦးလေးတို့သုံးယောက်မှာ မျှော်လင့်မထားမိသော အကြောင်းအရာတစ်ခုကို ကြားလိုက်ရသဖြင့် ပထမစ,စချင်း မှင်သက်မိသွားကြသည်။ ထို့နောက်တွင်တော့ သုံးယောက်စလုံး၏ ရယ်မောသံ ကျယ်လောင်စွာ ထွက်ပေါ်လာပေတော့သည်။ အထူးသဖြင့် ဦးလေးဖြစ်သူနှင့် ကုန်သည်လူကြီးတို့မှာ အူလှိုက်သည်းလှိုက် ရယ်မောကျသဖြင့် ရထားပေါ်ရှိ အခြားခရီးသည်များပင် လန့်နိုးကုန်ကြသည်။ အကျိုးအကြောင်း လှမ်းမေးကြသည်။ ကုန်သည်လူကြီးကလည်း အကြောင်းစုံ၊ ဇာတ်စုံခင်းပြလိုက်ရာ ရထားတွဲတစ်တွဲလုံး ရယ်မောသံများဖြင့် ဖုံးလွှမ်းသွားပေတော့သည်။ ဦးဇင်းဖြစ်သူမှ လူငယ်လေး ရှက်နေလိမ့်မယ်၊ တော်ကြပါတော့ပြောလိုက်မှ တိုးတိုးသက်သာရယ်မောကြတော့သည်။ ထိုအဖြစ်အပျက်လေးမှာ လူငယ်လေးအတွက်ရော၊ အုန်းရည်သောက်ချင်နေသော ဦးလေးအတွက်ပါ မမေ့နိုင်သော ခရီးစဉ်တစ်ခု ဖြစ်ခဲ့ရပါတော့သည်။
ဇာတ်လမ်းလေးကတော့ ပြီးပါပြီခင်ဗျာ။ ဆက်လက်ပြီး ဗဟုသုတအနေဖြင့် မှတ်သားထားသည်များကို ပြန်လည်မျှဝေပါသည်။ အိပ်ပျော်နေစဉ် ဆီးသွားခြင်း(သို့)အိပ်ယာထဲတွင် ဆီးသွားခြင်းကို အင်္ဂလိပ်လို Bed-wetting ဟုခေါ်၍ ဆေးပညာအားဖြင့် Nocturnal enuresis ဟုခေါ်ပါသည်။ ပြဿနာတစ်ခုဖြစ်သော်လည်း ရောဂါတစ်ခုမဟုတ်ပါ။ အမျိုးသမီးများထက် အမျိုးသားများတွင် အဖြစ်များ၍ ခြောက်နှစ်အောက် ကလေးငယ်များတွင် အဓိကဖြစ်ပွားလေ့ရှိသည်။ မျိုးရိုးလိုက်တတ်သည်ဟုလည်း ဆိုပါသည်။ ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းများမှာ ဆီးအိမ်ကို ထောက်ပံ့ပေးထားသော အာရုံကြောဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ ဟော်မုန်းပမာဏမညီမျှခြင်း၊ စိတ်ဖိစီးမှုများရှိနေခြင်း၊ ဆီးလမ်းကြောင်းအတွင်းပိုးဝင်ခြင်းတို့ ဖြစ်ကြသည်။
Credit to google image
ဤဖြစ်စဉ်သည် ထူးထူးခြားခြားကုသရန် မလိုအပ်ဘဲ အသက်အရွယ်ရလာသည်နှင့်အမျှ အလိုအလျောက် ပျောက်ကွယ်သွားလေ့ရှိသည်။ ငယ်ရွယ်စဉ် ကုသမှုအတွက် ကလေးကို အိပ်ယာမဝင်ခင် အရည်တွေများစွာ မသောက်စေသင့်ပါ။ ကဖင်းဓာတ်သည် ဆီးအိမ်ကို နှိုးဆွပေးနိုင်သည့်အတွက် ကဖင်းပါသော အစားအသောက်များကို ရှောင်ပါ။ အိပ်ယာဝင်စတစ်ကြိမ်၊ အိပ်မပျော်ခင်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ဆီးသွားခိုင်းပါ။ ဝမ်းမချုပ်စေရန် ဆောင်ရွက်ပေးပါ။
ရိုးရာကုသမှုများအနေဖြင့် ကျွန်တော့်အဖွားက "ရှင်စဖိုနေ့၊ ကျွန်တော်မျိုးည၊ ရှင်စဖိုည၊ ကျွန်တော်မျိုးနေ့၊ ရှင်စဖိုစိုစိုယူပါ၊ ကျွန်တော်မျိုးခြောက်ခြောက်ပေးပါ။" ဟု ရွတ်ဆိုစေ၍ စဖိုလယ်ပြာဖြင့် အခြားသူများကို ကုသပေးခဲ့သည်။ သိပ်မမှတ်မိတော့သဖြင့် အတိအကျ မရေးပြနိုင်ပါ။ မှားယွင်းနေပါက ခွင့်လွှတ်ပေးကြပါ။ ကလေးကို ညအိပ်ယာဝင်ချိန်တွင် သူအလွန်နှစ်သက်သည့် အဝတ်အစားကို ဝတ်ဆင်ပေးပြီး သူအိပ်ယာပေါ် အိပ်နေရင်းဆီးသွားလျှင် ဒီအဝတ်အစားတွေ ညစ်ပတ်ပေရေပြီး တန်ဖိုးမဲ့သွားစေမှာဖြစ်ကြောင်း ကလေးကို ညင်သာစွာပြောဆို၍ အိပ်စက်စေလျှင်လည်း ထိုအကျင့်ပျောက်ကင်းနိုင်သည်ဟု စာအုပ်တစ်အုပ်ထဲမှ ဖတ်ဖူးမှတ်ဖူးခဲ့သည့်အကြောင်း Bed-wetting နှင့် ပတ်သက်၍ သိသမျှ မျှဝေလိုက်ရပါကြောင်း။
ဆေးပညာအကြောင်းအရာများကို စာအုပ်အချို့မှ မှီငြမ်းပါသည်။
မှတ်ချက်။ ။ ကျွန်တော်တို့မြို့မှာ အုန်းသီးသိပ်မပေါပေမယ့် အုန်းရည်အလွန်ချိုပါသည်။ အုန်းရည်ချိုချိုလေး သောက်ကြဦးမလားခင်ဗျာ။
စာကြွင်း။ ။ လူငယ်လေးမှာ လူငယ်လေးဟုသာ မှတ်ယူရန် ဖြစ်ပါသည်။
ဖတ်ရှုပေးသည့်အတွက် ကျေးဇူးပါ။