ပြီးခဲ့တဲ့ရက်က တိုက်လေယာဉ်တစ်စင်း ပျက်ကျတယ်။
Pilotတစ်ဦးသေဆုံးတယ်။
ထုံးစံအတိုင်း ရွာကိုရှောင်ရင်း အသေခံသွားတယ် ဘာညာ မျက်ရည်ချူတယ်။
တစ်ဖက်ကလည်း အမြင့်ပေနှစ်သောင်းက ကျရင် ၀.၂၅တန်ပဲရှိတဲ့ ဗုံးက အောက်ရောက်ဖို့ ၄၄စက္ကန့်ပဲကြာတယ်။
အမြင့်ပေ၁၆၀၀ကနေကျတဲ့ ၆တန်လောက်ရှိတဲ့ လေယာဉ်ပေါ်ကနေ အောက်မှာ ဘာရှိမလဲ ကြည့်ဖို့အချိန်ရမလား ဘာညာ ချေပတယ်။
နှစ်ဖက် ချကြ၊ ဆဲကြ ဆိုကြနဲ့ ကြားက သေဆုံးသူခဗျာ
သေတာတောင် လွတ်လွတ်ကင်းကင်း မသေရရှာဘူး။
နှစ်ဖက်ဆဲကြဆိုကြဖြစ်နေတုန်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သေဆုံးသူရဲ့ဇနီးဆီ နှစ်သိမ့်စာ ပို့ရှာတယ်။
သေဆုံးသူရဲ့ဇနီးကလည်း ကျေးဇူးတင်ကြောင်း ပြန်ပြောတယ်။
ကြားက ဆဲနေတဲ့ နှစ်ဖက်လုံး သောက်ပေါတွေ ဖြစ်သွားတယ်။
အေးတာပဲ။
အချို့သော ကိစ္စတွေဟာ နှလုံးသားနဲ့ ခံစားဖို့ပဲ ထိုက်တန်ပါတယ်။
အမြတ်ထုတ်တာ၊ မျက်ရည်ချူတာ၊ စဉ်းစားတာ၊ သုံးသပ်တာ၊ အဖြေထုတ်တာတွေဟာ အသုံးမဝင်ပါဘူး။
လူတစ်ဦး အဖြစ်ဆိုးတစ်ခုနဲ့ သေဆုံးသွားတယ်။
လူသားဆန်ဆန် တုံ့ပြန်လိုက်တယ်။
ဒါပါပဲ.... ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တွေလို သာမန်လူတွေနဲ့ ကွာခြားသွားတဲ့ အချက်ပါပဲ။
အခုလည်း လာပြီ။
မနေ့တနေ့က KIAက ဝင်တိုက်တာ ဖားကန့်မှာ အတော်အကျအဆုံးများဟန်တူတယ်။
ပုံတွေ ဗီဒီယိုဖိုင်တွေမြင်ရတာလည်း စိတ်မချမ်းသာပါဘူး။ အောက်ခြေစစ်သားတွေသေတာ ဝမ်းသာစရာမရှိသလို ဝင်ဆဲနေတဲ့အချို့ကိုလည်း အတော်ရွံပါတယ်။
လူဟာ လူစိတ်မရှိရင် ဘာအသွေးအရောင်တွေပဲ တံဆိပ်ကပ်ကပ် လူဖြစ်လာမှာမှ မဟုတ်တာ။
သိပ်မကြာပါဘူး.... လွှတ်တော်နဲ့အစိုးရ ပျော့စိပျော့ဖက်လုပ်နေလို့ စစ်သားတွေသေရတယ်ဆိုတဲ့
Propaganda ပိုစ့်တွေ တက်လာတယ်။
ထုံးစံမပျက် ဆဲကြဆိုကြပေါ့။ တလွဲတင်တဲ့ကောင်က
လူလိုမသိလို့ အဆဲခံရတာ ပြသနာမရှိပေမယ့်
သူ့ဘာသာ စစ်တိုက်ရင်း ကျတဲ့လူတွေခဗျာ လူလိုမသိတဲ့ကောင်ရဲ့ ပိုစ့်ကြောင့် လူလိုနားမလည်တဲ့ ကောင်တွေရဲ့ သေတာဝမ်းသာတယ်ဆိုတဲ့ အပြောမျိုးတွေ ခံရပြန်တယ်။
မြန်မာနိုင်ငံမှာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအရ
စစ်တပ်ဟာ အစိုးရရော လွှတ်တော်ရောရဲ့ လက်အောက်မှာ မရှိပါဘူး။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀(ခ) မှာ
တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို
လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ရှိသည်ဆိုတာ ပါတယ်။
စစ်တပ်က အစိုးရနဲ့ လွှတ်တော်အောက်မှာ ရှိနေတာမို့လို့ စစ်သားတွေသေတာ အစိုးရနဲ့ လွှတ်တော်ကို အပြစ်တင်လက်ညှိုးထိုးရတာလား။
တကယ့်တာဝန်ရှိသူတွေကို နည်းနည်းမှ မပြောရဲတာလား။
ကိုယ်ကတော့ မသိလို့ ရေးနေပြောနေတယ်လို့ မထင်ဘူး။
သိတဲ့လူတွေ ဒေါသထွက်ကြ ဝင်ဆဲကြတာကို လိုချင်တာ။
ပြီးတော့ မသိနားမလည်သူ တစ်ယောက်နှစ်ယောက်ပဲ အမှန်ထင်သွားစေဦးတော့ အမြတ်ပဲလို့ ယူဆပုံ ရတယ်။ ဒါဟာ ဝါဒဖြန့်ဗျူဟာတစ်ခုပါပဲ။
နောက်ထပ် အရေးကြီးတဲ့ အချက်က ဒီလိုပိုစ့်တွေဟာ တပ်နဲ့လူထု စည်းလုံးသွားမှာ စိုးရိမ်လို့ တမင်သွေးခွဲတာလို့ မြင်တယ်။
ဒီလို မျက်ရည်ချူ အပြစ်ဖို့တဲ့ကောင်တွေကြောင့်
လူထုဖက်ကလည်း မျက်ရည်ချူရကောင်းလားဆိုပြီး
စာနာစိတ်ထက် မုန်းတီးစိတ်ဝင်သွားစေသလို
တပ်ဖက်က အသိုင်းအဝိုင်းအနေနဲ့ သေကြပါစေ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့ လက်လွတ်စပယ် ကောမန့်တွေကိုဖတ်ပြီး နာကျည်းသွားစေနိုင်တယ်။
ရေရှည်အုပ်ချုပ်ချင်ရင် သွေးခွဲအုပ်ချုပ်ရတယ်ဆိုတဲ့ အတွေးတွေရဲ့ အကောင်အထည်ဖော်မှုလို့ပဲ မြင်မိတယ်။
ကိုယ်ကတော့ မလိုအပ်တဲ့ အကျိုးမရှိတဲ့ စဉ်းစားတွေးခေါ်မှုတွေအစား ရိုးရိုးလေး လူသားပီပီ ခံစားလိုက်ရုံပါပဲ။
အောက်ခြေစစ်သားတွေ သေတာကိုပြပြီး မျက်ရည်ချူတာကလည်း ဦးနှောက်သွေးကွေးလွန်းလှတဲ့ဟာတွေ အနည်းစုကလွဲရင် ဘယ်သူကမှ ဟိုးထိပ်အထိ ထချစ်မသွားပါဘူး။ နည်းနည်းတွေးတတ်ရင်ကို တရားခံဘယ်သူဆိုတာ မြင်နိုင်တဲ့အတွက် မျက်ရည်ချူလေ၊
အောက်ခြေစစ်သားကို သနားလေ၊ ဒင်းတို့ကိုရွံလေ ဖြစ်လာမှာ မလွဲပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
ဘာအကြောင်းနဲ့မှ အလောင်းတွေ မမြင်ချင်တော့ဘူး။
ဒါပြည်သူစစ်စစ်ရဲ့ ဆန္ဒစစ်စစ်ပါပဲ။
😔