ဟုတ်ပါသည်။ခေါင်းစဉ်အရ အကယ်၍ သင်သည်ခွေးချစ်တတ်သူတစ်ဦးဖြစ်ပါက၊ ယခုမှ ခွေးမွေးရန် စိတ်ကူးပေါ်ပြီးမွေးရန်အစီအစဉ်ရှိပါက မည်သို့ပြုရမည်၊မည်သည်တို့ကိုဆောင်ရ၊ရှောင်ရမည်ကို မျှဝေလိုခြင်းဖြစ်သည်။တကယ်တမ်းဆိုလျှင် puppy ဟုခေါ်သည့် အလှမွေးခွေးလေးများမွေးရသည်မှာမလွယ်ပါ။
ယခင်က မိမိတို့မြန်မာအများစုသည် ခြံထဲဝန်းထဲတွင်လွယ်လွယ်ကူကူ ဗမာခွေးကိုသာ ခြံလုံရန်၊အားကိုးအားထားပြုကြရန်မွေးလေ့ရှိကြသည်။မိမိတို့မြန်မာမျိုးရင်းခွေးလေးများမွေးရသည်မှာမည်သည့်ကရိကထမှမများပါ။ပုံမှန် အစာကျွေး၊ရေတိုက်ပြုလျှင် အငြိမ်နေတတ်သည့် အလွန်လိမ္မာပါးနပ်သည့်မြန်မာ့မျိုးရင်းခွေးများဖြစ်ပါသည်။
ယခုအခါ ခေတ်ကာလလည်းရွေ့လျားလာပြီဖြစ်ရာ၊တိုးတက်လာပြီဖြစ်ရာ နိုင်ငံခြားမျိုးစိတ်ဖြစ်သည့် တယ်ရီရာလေးများ၊အယ်လ်ဇေးရှင်း၊ခွေးဘီလူး စသည့်နိုင်ငံခြားမှမျိုးများလည်းမွေးလာကြသည်။puppy လေးများဖြစ်သည့် တယ်ရီရာလေးများ၊pomeranian လေးများမှာ အလှမွေးခွေးလေးများဖြစ်သည့်အလျောက် နေအိမ်တိုက်ခန်းများ၊အကျယ်အဝန်းမရှိသောအခန်းကျဉ်းများတွင်ပါ မွေးနိုင်၍မွေးလာကြသည်။
အဆိုပါမျိုးစိတ်ကဲ့သို့ puppyလေးများမွေးမည်ဆိုလျှင် ပထမဦးဆုံးအနေဖြင့် ငါးမျိုးစပ် ကာကွယ်ဆေး၊ခွေးရူးကာကွယ်ဆေးစသည်တို့ကို သူ့အသက်အလိုက်ထိုးနှံရန် အထူးလိုအပ်ပါသည်။ထို့မှသာမိမိမွေးမည့် ပါပီလေးကျန်းကျန်းမာမာရှိမည်ဖြစ်သည်။ထို့အပြင် နို့မပြတ်သေးသည့် လသားအရွယ်ဘာညာဖြစ်နေပါကလည်း ခွေးစာ၊ထမင်းဘာညာကျွေး၍မရသေးဘဲ နို့မှုန့်ဖြင့်ဖြစ်စေ၊နွားနို့ဖြစ်စေ တိုက်ပေးရန်လည်းလိုအပ်ပါသည်။
ထို့သို့ နို့မှုန့်ဖျော်တိုက်ရာတွင် ရေအေးဖြင့်မဖျော်တိုက်ရပါ။ရေနွေးဖြင့်ဖျော်ပြီးမှ အအေးခံ၍တိုက်သင့်ပါသည်။ထို့အပြင် နွားနို့ဆိုပါကလည်း မိမိတို့၏ ပါပီလေးတို့အား အနည်းငယ်နွေး၍တိုက်သင့်ပါသည်။ဤသည်မှာ အလွန်အရေးကြီးပါသည်။မဟုတ်လျှင် ဝမ်းလျှောဝမ်းပျက်ဖြစ်စေနိုင်ပြီး အသက်ဆုံးရှုံးရသည်အထိဖြစ်နိုင်သောကြောင့်ဖြစ်ပါသည်။