သုတ နှင့် ရသ ဟူ၍ အဆိုတော်များဟု မထင်မှတ်စေလိုပါ။ ရသဟူသည် ရသစာပေကို ဆိုလိုခြင်းဖြစ်ပြီး သုတသည် ဖတ်စရာ အထွေထွေဗဟုသုတ(general knowledges) တို့ကို ဆိုလိုခြင်းဖြစ်သည်။ မကြာသေးမှီက နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ရသစာပေစကားဝိုင်း၊စာပေစကားဝိုင်း(discussions)စသည့် ဟောပြောဆွေးနွေးပွဲတို့ကို ပြည်နယ်နှင့်တိုင်းအလိုက်ကျင်းပ ပြုလုပ်ပေးလျှက်ရှိသည်။ဤသည်မှာ လွန်စွာကောင်းမွန်သည့်အရာပင်ဖြစ်သည်။
ထိုဟောပြောဆွေးနွေးပွဲများတွင် ကျောင်းသူကျောင်းသားများက ရသစာပေ၏ အရေးပါပုံ၊ လူတို့၏ခံစားချက်၊ဘဝသရုပ်ဖော်စသည်တို့ကို ပေးစွမ်းနိုင်မှု စသည်ဖြင့် အချက်များစွာဆွေးနွေးကြသည်မှာ အားတက်စရာပင်ဖြစ်ပါသည်။ထို့အပြင် ရသစာပေတွင်မကဘဲ သုတစာပေတွင်လည်း လေ့လာမှုရှိရန်လိုအပ်ပါသည်။မကြာသေးမှီက myanmar money drop စသည့်တို့ကဲ့သို့ ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ကြရာတွင် မိမိတို့နိုင်ငံသားများသည် ရသစာပေသာမက သုတစာပေများများဖတ်ရန်လိုအပ်သေးကြောင်းတွေ့နိုင်ပေသည်။
သုတ စာပေများဖတ်ရှု့မှသာ နိုင်ငံ့အရေး၊ကမ္ဘာ့အရေး၊ဂလိုဘယ်လိုက်ဇေးရှင်းတွင် ဖြစ်ပေါ်နေမှု၊သိပ္ပံနှင့်နည်းပညာ၊အထွေထွေဗဟုသုတ စသည်တို့ကို သိရှိနိုင်မည်ဖြစ်သည်။
တဖက်တွင်လည်း သုတစာပေများကို ကျောင်းသားကျောင်းသူများသိရှိစေရန် ဗဟုသုတအဖြစ်ပေးရန်လိုအပ်သကဲ့သို့ တစ်ဖက်တွင်လည်း အဆိုပါ မျိုးဆက်သစ်တို့၏ စိတ်ခံစားမှု၊ကိုယ်ချင်းစာတရားထားတတ်မှု၊တာဝန်ယူတတ်မှု စသည်တို့ကို ရသစာပေမှသာ ပေးစွမ်းနိုင်ပါလိမ့်မည်။
ထိုသို့ဆောင်ရွက်ရန်မှာ မျိုးဆက်သစ်ကျောင်းသူကျောင်းသားလေးများ ဖတ်ရှု့လေ့လာမည် ကျောင်းစာကြည့်တိုက်များ၊ရပ်ကွက်စာကြည့်တိုက်များ၊ စာပေ(literature)ရေချမ်းစင်များတွင် ရသ စာပေနှင့် သုတ စာပေ နှစ်မျိုးလို့ ကို မျှတစွာထားရှိပေးထားရန်လိုအပ်ပါသည်။ကျောင်းသားမိဘများအနေနှင့်လည်း မိမိတို့သားသမီးများဖြစ်သော ကျောင်းသူကျောင်းသားများကို အရွယ်မတိုင်ခင်၊ဆယ်တန်းမအောင်ခင် ဝတ္ထုမဖတ်ရ၊အခန်းဆက်ရှည်ဆောင်းပါးများမဖတ်ရဟု မတားမြစ်သင့်ပါ။
ထိုသို့တားမြစ်မည့်အစား သူ့အသက်အရွယ်နှင့်သူ သင့်လျော်သည့် ပညာပေး ဝတ္ထုဆောင်းပါးများ၊ဘာသာရေး၊လူမှုရေး အသိပညာပေးသည့် ရသစာပေများကိုလည်း ဖတ်ခွင့်ပေးရန်လိုအပ်ပါသည်။ထို့ကြောင့် သုတစာပေ နှင့် ရသစာပေတို့ကို သင့်လျှော်သည့်အရွယ်တွင် မျှတစွာ(balance ဖြစ်စွာ)မျိုးဆက်သစ်လေးများကို ပေးကြရန်တိုက်တွန်းလိုက်ရပါသည်။