မကြာမီကနိုင်ငံရပ်ခြားအားကစားသတင်းတစ်ပုဒ်ကိုအံ့သြစွာကြားသိလိုက်ရသည်။သတင်းကအခြားမဟုတ်။စပိန်နိုင်ငံတွင်ကျင်ပသောလာလီဂါလိဂ်ဘောလုံးပြိုင်ပွဲတွင်ပရိတ်သတ်အကြိုက်ဘာစီလိုနာအသင်းနှင့်ရီးရဲမက်ဒရစ်အသင်းတို့ကစားပွဲစီစဉ်မှုဖြစ်သည်။ပြိုင်ဘက်ကောင်းများဖြစ်၍စောင့်မျှော်ကြည့်ရှုဖို့သာရှိသည်။ယင်းအခြေအနေတွင်အားကစားစီစဉ်သူတို့တွေးဆမှုကနှစ်သက်ဖွယ်ဖြစ်၏။
လာလီဂါပွဲများကိုအာရှပရိတ်သတ်သန်းချီကြည့်ရှုကြောင်းလေ့လာသိရှိရသည်။ပုံမှန်အားဖြင့်ညပိုင်း ၂ ရီ ၁၅ မိနစ်တွင်ကစားကြသော်လည်းအာရှမှပရိတ်သတ်များကြည့်ရှုနိုင်ရန်ညနေ ၆နာရီခွဲတွင်ကစားပေးသည်။ယင်းအချိန်သည်သူတို့နိုင်ငံအနေဖြင့်မွန်းလွဲ ၁နာရီဖြစ်၏။
ယင်းအချက်မှာလေးစားဖွယ်ဖြစ်၏။အပြန်အလှန်လေးစားခြင်းကဂုဏ်သိက္ခာရှိပြီးတင့်တယ်ပါ၏။ကျွန်တော်တို့မြန်မာမှုတွင်ဘုတ်ကျီးရိုသေ ကျီးဘုတ်ရိုသေဆိုသည့်စကားရှိ၏။သို့ဖြင့်အဟိတ်တိရစ္ဆာန်တို့ပင်အပြန်အလှန်လေးစားကာပေါင်းသင်းနေထိုင်နိုင်ကြပေသည်။ထုံးမီစံမျှဥပမာပင်ဖြစ်၏။ပြောလေ့ဆိုထစကားများတွင်ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနားခြင်းအမူအရာရှိပေသည်။ထို့ကြောင့်ကျွန်တော်တို့လူ့ပတ်ဝန်းကျင်တွင်အပြန်အလှန်လေးစားကြခြင်းအားဖြင့်သာယာပျော်ရွှင်ဖွယ်ကောင်းသောအေးချမ်းသာယာသောလူမှုပတ်ဝန်းကျင်တစ်ခုတည်ဆောက်နိုင်မည်ဟုယုံကြည်မိပါသည်။