ကျွန်တော် ငယ်ငယ်ထဲက မှန်ပြောင်းတွေကိုသဘောကျတယ်။ အဝေးကြည့်မှန်ပြောင်းက အဝေးက ပစ္စည်းတွေ ကို အနီးမှာမြင်ရလို့သဘောကျသလို အနုကြည့်မှန်ပြောင်းကိုလည်း သေးငယ်ပြီးသာမန်မျက်စေ့နဲ့မ မြင်နိုင်တဲ့ အသေးစိပ်မြင်ကွင်းတွေကို မြင်ရနိုင်တာမို့သဘောကျတယ်။ ကျွန်တော်ပထမဆုံးအဝေးကြည့်မှန် ပြောင်းက Civil Engineer တွေအသုံးပြုတဲ့ သီအိုဒိုလိုက်လို့ခေါ်တဲ့ မှန်ပြောင်းပါ။ ကိုက် ၅၀၀ လောက်မှာရှိတဲ့ တိုင်ငုတ်ပေါ်က ဘယ်လိုမှမြင်နိုင်စရာမရှိတဲ့ ကန့်လန့်ကြက်ခြေမှတ်ကလေးကို ထင်ထင်ရှားရှားမြင်ခဲ့ရတာပါပဲ။ အံ့သြလွန်းလို့ အခါခါပြန်ပြန်ပြီးတော့တောင်ကြည့်မိနေခဲ့တယ်။
ဒီလောက်သဘောကျစရာကောင်းတဲ့ မှန်ပြောင်းကို ပထမဆုံးစပြီးတီထွင်တဲ့သူက အီတလီပြည် ပါဒိုအာ တက္ကသိုလ်က သင်္ချာပါမောက္ခ ဂယ်လီလီယို ဖြစ်ပါတယ်တဲ့။ တကယ်တော့အမှန်တကယ် ပထမဆုံးမှန်ပြောင်း တီထွင်တဲ့သူက ၁၈၀၆ ခုနှစ်မှာ လစ်ပါရှေး ဆိုတဲ့ ဖလင်းမစ် အမျိုးသား မျက်မှန်ပေါင် သမားတစ်ယောက်က ပထမဆုံးမှန်ဘီလူးကို တီထွင်တာပါ။ သူ့ဆီကနေမှ ဂယ်လီလီယိုက လေ့လာပြီး မှန်ပြောင်းတစ်လက် စမ်းလုပ်ကြည့်ခဲ့တာပါ။
သူတီထွင်တဲ့ ဂယ်လီလီယိုမှန်ပြောင်းဟာ အီတလီမှာ ကျော်ကြားသွားပြီး ဒီမှန်ပြောင်းအကြောင်းကို သူတစ်မျိုးငါတစ်ဖုံပြောလွန်းလို့ သူ့ကို ဗင်းနစ်မြို့တော်ကိုဆင့်ခေါ်ပြီး သူ့မှန်ပြောင်းကို ဆီးနိတ်လွှတ်တော်မှာ တက်ပြီး သာမန်မျက်စေ့နဲ့မမြင်နိုင်တဲ့ ပင်လယ်ပြင်က ရွက်သင်္ဘောတွေကို ဒီမှန်ပြောင်းနဲ့ ကြည့်ကြတယ်တဲ့။ သူ့ရဲ့ မှန်ပြောင်းဟာ သာမန်မျက်စီထက် အဆ ၁၀၀ အားကောင်းတယ်။
ဒီနေရာမှာ မြင်စိတ်နဲ့ပတ်သက်ပြီး မြင်စိတ်တစ်ခုဖြစ်ဖို့ မျက်စေ့အကြည်၊ အလင်း၊အရာဝတ္တု ၊ စေတသိက် (၄)မျိုး ရှိဖို့လိုအပ်ကြောင်း လူတိုင်းသိကြမှာပါ။ အရာဝတ္တုကအားကြီးရင်ဖြစ်ဖြစ်၊ အလင်းကအားကောင်း ရင်ဖြစ် ဖြစ်၊ စေတသိက်က အားကောင်းရင်ဖြစ်ဖြစ် သာမန်ထက်ပိုမြင်နိုင်တာကိုသိကြမှာပါ။ ဆိုတော့ မျက်စေ့အ ကြည်ကိုလည်း အားကောင်းအောင်လုပ်ပေးနိုင်ရင် သာမန်ထက်ပိုမြင်နိုင်ပြီပေါ့။ ဂယ်လီလီယိုကတော့ အဆ ၁၀၀ အားကောင်အောင်လုပ်ထားလို့ အဆ၁၀၀ ပိုမြင်ရပြီပေါ့။
နောင်အခါမှာတော့ ကာလီဖိုးနီးယားပြည်နယ် ဝီလ်ဆင်တောင်ထိပ်မှာ မျက်နှာပြင်အဝ လက်မတစ်ရာ ကျယ်တဲ့ မှန်ပြောင်းကြီးတည်ဆောက်ခဲ့ပါတယ်။ ဒီမှန်ပြောင်းကတော့ ဂယ်လီလီယိုရဲ့ မှန်ပြောင်းထက် အဆ ၂၅၀၀ ပိုပြီးအားကောင်းတယ်ဆိုတော့ သာမန်မျက်လုံးထက် အဆ ၂၅၀၀၀၀ တဲ့ နည်းနည်းနောနော လား။ ဒါကို အားကျမခံ ကယ်လီဖိုးနီးယားမှာပဲ နောက်ထပ်တည်ဆောက်ပြန်တဲ့ မှန်ပြောင်းကြီးက အဲဒီမှန်ပြောင်းထက် ၄ ဆ ထပ်ကြီးပြန်တယ် ဆိုတော့ သာမန်မျက်စေ့ထက်အဆ တစ်သန်းပိုပြီးအားကောင်းလာပါတယ်။ ပြောရရင် နတ်မျက်စေ့ဖြစ်နေပြီလားလို့တင်စားလိုက်ချင်ပါတော့တယ်။
အနုကြည့်မှန်ပြောင်းနဲ့ပတ်သက်ပြီးတော့ ကတော့ ဘိုင်အိုပထမနှစ်သင်ယူတုန်းက တစ်ခါကြည့်ဖူးတာပဲရှိ ပါတယ်။ ပန်းဝတ်ဆံလေးကို အဆ ၅၀၀ ချဲ့ကြည့်တာ တစ်ခါမှမမြင်ဖူးတဲ့ မြင်ကွင်းကိုမြင်ရတော့တာပါပဲ။ မှန်ပြောင်းတစ်လက်ကို အသုံးပြုပြီးတော့ တခြားကမ္ဘာတစ်ခုကို မြင်တွေ့ချင်တာ ကျွန်တော့ ဝါသနာပါပဲ။ ကိုယ်နဲ့ဝေးလွန်းလို့ မမြင်နိုင်ပါဘူးဆိုတဲ့ ပြဿနာရယ်။ ကိုယ်နဲ့နီးပေမယ့် သေးလွန်းလို့မမြင်နိုင်တာရယ်။ ကိုယ်နဲ့နီးပေမယ့် ဖုံးကွယ် နေလို့မမြင်ရတာကအစ ခုခေတ်သိပ္ပံပညာက မြင်နိုင်စွမ်းစေခဲ့ပါပြီ။ သင်ရော မှန်ပြောင်းတစ်လက်မလိုချင်ဘူလား။ ကျွန်တော်ကတော့ ဈေးကြီးလို့ မဝယ်နိုင်သေးတာပါ။ တစ်နေ့တော့ မှန်ပြောင်းတစ်လက် ဝယ်ထားဦးမယ်ဗျာ။
မင်းစိုးနိုင်
MSC-010
Photo- google