မျိုးချစ်စိတ်ဓါတ်နှင့်ပတ်သက်၍ ကျွန်တော်အမြဲစဉ်းစားကြည့်သည်။ မျိုးချစ်စိတ်ရှိတာကောင်းသလားမ ကောင်းသလား။တချို့က ကျွန်တော့ကိုရူးနေလားပြောချင်ပြောလိမ့်မည်။ မျိုးချစ်စိတ်ဓါတ်ကြောင့်လွတ်လပ်ရေးပင် ရ ယူနိုင်ခဲ့သည်။ဒါကောင်းသလားမေးနေသော ကျွန်တော့အပေါ်လူအများကဒေါသထွက်ကောင်းထွက်လိမ့်မည် ကို ကျွန်တော်သိပါသည်။လူ့လောကတွင် တစ်ခုနှင့်တစ်ခုဆန့်ကျင်ဘက် ဝိရောဓိဖြစ်နေသောတရားများရှိပါသည်။ လူ့အခွင့်အရေးနှင့်မျိုးချစ်စိတ်ဓါတ်၊ အမှန်တရားနှင့် မျိုးချစ်စိတ်ဓါတ်တို့သည် တစ်ခါတစ်ရံဆန့်ကျင်ဘက်ဖြစ်တတ် သည့်သဘောရှိပါသည်။
ဆိုပါစို့ လူနှစ်ယောက်ခိုက်ရန်ဖြစ်ကြသည်။ တစ်ယောက်က ကိုယ့်ညီ တစ်ယောက်က ညီ၏သူငယ်ချင်း၊ ကိုယ်နဲ့တော့ ဘာအမျိုးမှမတော်စပ်။ အဖြစ်အပျက်ကိုမေးကြည့်လိုက်တော့ ကိုယ့်ညီကအလွန် ဖြစ်နေသည်။ ဒီတော့ကိုယ်ညီကို မင်းဒီလိုမလုပ်ဖို့ ဆူရသည်။ ဆိုတော့ သူက “အကိုက မျိုးချစ်စိတ်မရှိဘူး”ဟု ဆိုလာလေသည်။ ကျွန်တော့စိတ်သည် ဘယ်သောအခါမှ မိမိအမျိုးဘက်မလိုက်တတ်။ ကိုယ်ဘက်ကမှန်ပြီးသူ့ဘက်ကမှားနေလျှင် လည်း အကျိုးအကြောင်းသင့်ရှင်းလင်းပြောဆိုချင်သည်။ရန်မလုပ်တတ်။အငြိုးအတေးလည်းမထားတတ်။ ဒါကိုအ ချို့က အသည် နသည် မှတ်ယူကြသည်။ အင်္ဂလိပ်နှင့်ဂျပန်တို့သည် မိမိနိုင်ငံမိမိလူမျိုးကို ကျူးကျော်စော်ကားခဲ့ သည်။ထိုအချိန်က ကျွန်တော့ကိုမမွေးသေးပါ။ ကျွန်တော်သာရှိလျှင် တော်လှန်ရေးရဲဘော်တစ်ယောက် ဖြစ်ကို ဖြစ်လာလိမ့်မည်။ သို့သော် မိမိနိုင်ငံတွင်းရောက်ရှိနေသော နိုင်ငံခြားသားတစ်ယောက်အား မိမိတို့မြန်မာများမှ အနိုင်ကျင့်စော်ကားကြလျှင် မိမိတစ်ဦးတည်းဖြစ်ပါစေ နိုင်ငံခြားသားဘက်ပါမိမည်သာဖြစ်သည်။ဒါကို မျိုးချစ်စိတ် မရှိဘူးဟုဆိုလည်းကျွန်တော်ခံလိုက်မည်။
ကျွန်တော့မှာညီတစ်ယောက်ရှိသည်။ အလုပ်အကိုင်မရှိ။ အလုပ်သွင်းပေးတိုင်းအလုပ်ရှင်နှင့် ပြဿနာဖြစ် ပြီးပြန်ပြန်လာတတ်သည်။အဲဒီအလုပ်မရှိတဲ့ ကောင်ကမိန်းမခိုးလာသည်။ မိန်းကလေးကလည်းပြန်ခိုင်းလို့မရဘာ မရနဲ့မို့ အိမ်မှာတစ်လတင်ကျွေးထားလိုက်သည်။ပြီးတော့ အလုပ်လုပ်ဖို့စီစဉ်ပေးသည်။ အလုပ်ကို လက်ကြော တင်းအောင်ဖြစ်မြောက်အောင်မလုပ်ပဲ မိန်းမလုပ်စာထိုင်စားသည်။အလုပ်မလုပ်ပဲ ငါ့အိမ်ကြာကြာနေလို တော့ မဖြစ်ဘူး။ မင်းတစ်ခုခုတော့ဖြစ်အောင်လုပ်ပါဆိုတော့ အမေ့အိမ်ပြန်မယ်ဟုပြောသည်။ အမေ့အိမ်ပြန် ရောက် တော့လည်း သူ့မိန်းမကသာ အလုပ်လုပ်ပြီးသူက ဟိုဟာမလုပ်ချင်၊ဒီဟာမလုပ်ချင်ဘူးနှင့် ခုချိန်အထိအလုပ်ကမရှိ။ ကြာတော့ သူ့မိန်းမကမပေါင်းနိုင်ဘူးဆိုသည်။ သူ့မိဘအိမ်ပြန်သွား၏။ ကလေးတစ်ယောက်အဖတ်တင်သည်။ ဒါကိုပင် မိန်းမကိုသာအပြစ်တင်လိုက်သေးသည်။ သူ့ကိုမပေါင်းတော့ပဲပြန်သွားလို့ မကျေနပ်။ ဒီတော့ ကျွန်တော့ မှာ အပြစ်မရှိတဲ့ကလေးကို သနားမိသည်။ ကလေးအတွက် အဝတ်အစား၊ ကျောင်းစရိတ်၊ မုန့်ဖိုး ကျွန်တော်က ပေးသည်။ ညီဆိုတဲ့ကောင်ကတော့ ကျွန်တော်က မိဘအတွက်ပံ့ပိုးပေးသော ငွေကိုကပ်စားပြီး ကလေးတာဝန် လည်းမကျေ၊ မိန်းမထပ်ယူဦးမည်ဆိုလေသည်။ ဘယ်လိုများမျိုးချစ်ရပါ့မလဲ မစဉ်းစားတတ်တော့ပါ။
ကျွန်တော်သည် မိမိနိုင်ငံသားမဟုတ်သော တရုတ်၊ကုလားလူမျိုးများ မိမိနိုင်ငံအတွင်း မြို့တိုင်း၌ စီးပွားရေး အချက်အခြာကျသော အဓိကနေရာတိုင်းသူတို့နေရာယူထားကြသည်ကို မကြိုက်ပါ။ သို့သော် ဘယ်သောအခါမှ ရန်ပြုမုန်းတီးမှာလည်းမဟုတ်ပါ။ သူတို့လို ကျွန်တော်တို့ အလုပ်မလုပ်ကြလို့၊ ကျွန်တော်တို့ဘေးရောက် နေကြ တာဟုသာအမြဲခံယူထားသည်။ အမှန်တကယ် သူတို့ကိုမလိုလားလျှင် သူတို့ထက်အလုပ်ကျိုးစား၍ မိမိနိုင်ငံ အတွင်း မြို့တိုင်း၌ စီးပွားရေး အချက်အခြာကျသော အဓိကနေရာများကို ဝယ်ယူထားကြရန်သာဖြစ်သည်။
လွန်ခဲ့သော ၁၀ နှစ်ကျော်က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ဘုရင့်နောင်ကားပစ္စည်း ဈေးသို့မကြာခဏ ရောက်သည်။ ဈေးအတွင်းတစ်ပတ်ပြည့်အောင်ပတ်၍ ကြည့်လျှင် မြန်မာဆိုင် ၁၀ ခုတောင်မတွေ့ရ။ အားလုံး အိန္ဒိယတွေသာ။ မြန်မာတွေက ပိုင်ရှင်ထက် အလုပ်သမားလောက်သာရှိသည်။ ကျွန်တော့စိတ်တွင် မြန်မာ လူမျိုးတွေ အလုပ်ကျိုးစားကြပြီး ချမ်းသာလာကြစေချင်သည်။ သို့သော် တိုင်းတစ်ပါးသားတို့ပိုင်ဆိုင်ထားသော ပစ္စည်းဥစ္စာများကိုရိုက်ခွဲ ၊ဖျက်စီး ၊မောင်းထုတ် မိမိတို့နေရာယူဆိုသော စိတ်မျိုးနှင့်တော့မဟုတ်ပါ။ မှန်မှန်ကန်ကန် ကျိုးစားအားထုတ်အလုပ်လုပ်ကြ၍သာ မိမိလူမျိုးများ အချက်အချာကျသောနေရာများကိုပိုင်ဆိုင် လာကြစေချင်ပါ သည်။ဤသည်ကိုသာ မျိုးချစ်စိတ်ဓါတ်ဟုအမည်တတ်လျှင်တော့ ကျွန်တော်သည်မျိုးချစ်စိတ်ဓါတ်ရှိသူဖြစ်ပါလေ သည်။
ရေးသားသူ - မင်းစိုးနိုင်
MSC 010
Photo - Google