တန်ဆောင်မုန်းလပြည့်နေ့ ကြည်လင်သောကောင်းကင်ပြင်ကိုကြည့်၍ ကြယ်ကလေးများကို ရေတွက် ကြည့် လိုပါသည်။ငယ်ငယ်ကတော့ ကလေးချင်း ပညာပြိုင်သည့်အနေဖြင့် ကောင်းကင်မှာကြယ်ဘယ်နှစ်လုံးရှိသ လဲကွ ဟုမေးသူကမေးသည်။ ဖြေသူက မင်းခေါင်းကဆံပင်လောက်ရှိတယ် ဟုဖြေသည်။မင်းမယုံရင်ရေကြည့်ပေါ့ ဟု ပြောလိုက်သေးသည်။ တကယ်တော့ မရေတွက်နိုင်သည့်သဘောကို သာဆိုကြခြင်းဖြစ်သည်။ခေါင်းကဆံပင် ဆိုသည်မှာ တစ်ဦးနှင့်တစ်ဦးပင်တူနိုင်သည်မဟုတ်။ တစ်ချို့သူများဆိုလျှင်ရေတွက်လို့ ရနိုင်လောက်အောင်ပင် ဆံပင်ပါးလျားနေသူတွေလည်းရှိပါသည်။ကျွတ်သည့်ဆံပင်ကကျွတ်ဆိုတော့လေ။
ဝေဒပညာအသင်းမှပညာအခမဲ့ နက္ခတ်ပညာသင်တန်းတက်စဉ်က မြင့်သောဘုရားရင်ပြင်တစ်ခုပေါ်တွင် ပက်လက်အိပ်၍ ကြယ်နက္ခတ်တွေကြည့်ခဲ့ဖူးသည်။ သာမန်မျက်စေ့ဖြင့်ကြည့်ခဲ့ရသည်ဖြစ်၍ ကြယ်နှင့်ဂြိုလ်သည် မကွဲပြား အားလုံးကိုကြယ်တွေပဲထင်နေသည်။
ယခုတော့ စာပေဗဟုသုတမျက်စေ့ Telescope (စိတ်ကူးထဲကမှန်ပြောင်း)ဖြင့်ကြည့်တော့ ကြယ်နှင့်ဂြိုဟ် သည်မတူပါ။မှန်ပြောင်းအားကောင်းရင်အားကောင်းသလောက် ဂြိုဟ်ကြီးများက ကြီးမားထင်ရှားစွာမြင်ရသည်။ ဂျူပီတာခေါ်ကြာသပတေးဂြိုဟ်၊ ဗီးနပ်စ်ခေါ်သောကြာဂြိုဟ်၊ မာကြူရီခေါ်ဗုဒ္ဓဟူးဂြိုဟ်၊ မားစ်ခေါ်အင်္ဂါဂြိုဟ်၊စေတန် ခေါ်စနေဂြိုဟ်စသည်ဖြင့်ဖြစ်သည်။ ဂြိုဟ်မျက်နှာပြင်ပေါ်ရှိ တောင်များ၊ ချိုင့်များအထိလည်းမြင်နိုင်သည်။ ကြယ် များကျတော့ထိုသို့မဟုတ် ဘယ်လောက်ကြီးသည့် မှန်ပြောင်းကြီးဖြင့်ကြည့်သည်ဖြစ်စေ ၊ဘယ်လောက်အား ကောင်းသည့် မှန်ပြောင်းဖြင့်ကြည့်သည်ဖြစ်စေ ကြယ်များကကြီးမလာပါ။အကြောင်းကတော့ ကြယ်များဟာ အလင်းနှစ်သန်းပေါင်းများစွာဝေးကွာလွန်းတဲ့အတွက် အကန့်အသတ်ရှိတဲ့ ကမ္ဘာမြေကမှန်ပြောင်းလောက်နဲ့မကြည့် မြင်နိုင်တာပဲဖြစ်ပါတယ်။ သို့သော်ယခင်ကမှုန်မွှားလွန်းသဖြင့် မမြင်ခဲ့ရသည့် ကြယ်ကလေးများကိုတော့ မြင်လာ တွေ့လာရပါသည်။
ငယ်ငယ်က ကြယ်ကလေးများကို ဟိုမှာတစ်လုံး သည်မှာတစ်လုံးစသည်ဖြင့် လိုက်ပြီးရေတွက်ကြည်ဖူး သော်လည်း နောက်ဆုံးတွင် ကိုယ်သာမော၍ ရပ်လိုက်ရသည် ကြယ်လေးများက ရေတွက်မကုန်နိုင်၊ ကိုယ်တွေနေ သည့်ကမ္ဘာဘက်ခြမ်းမှ မမြင်ရသောကြယ်များလည်းရှိနေပါဦးမည်။ မြင်နေရသည့်ဘက်ခြမ်းမှကြယ်ကလေးများ ကိုပင် မရေတွက်နိုင်ပါ။ကိုယ်ကသာ ရူးသွပ်စွာရေတွက်နေခဲ့မိခြင်းဖြစ်ပါသည်။
သို့သော် အားတက်စရာတစ်ခုတော့ရှိပါသည်။ နက္ခတ်ဗေဒပညာရှင် ကက်ပတိန်း ကပြောသည်။ပြောင်းဝ သုံးလက်မ ရှိတဲ့ မှန်ပြောင်းတစ်လက်ကိုယူပြီး ကောင်းကင်ကိုကြည့်လိုက်တဲ့အခါ ကြယ်တာရာအချို့(ဥပမာကြယ် ပေါင်း ၁၀၀ ပဲထားပါတော့)ကိုတွေ့ရတယ် ဆိုပါစို့။ ဒီမှန်ကိုဖြုတ်ပြီးခြောက်လက်မ အဝရှိတဲ့ မှန်ပြောင်းနဲ့ တပ်ကြည့်လိုက်ရင် စောစောက သုံးလက်မ မှန်ပြောင်းနဲ့မြင်ခဲ့ရတဲ့ ကြယ်တွေရဲ့အလင်းရောင်ထက် အလင်းရောင် လေးဆလောက်တောက်ပလာလိမ့်မယ်။ အလင်းရောင် နှစ်ဆတိုးလာရင် အကွာအဝေး နှစ်ဆတိုး လာတဲ့အတွက် ပထမမှန်ပြောင်းထက်(၈) ဆ တိုးပြီးမြင်လာရပါတယ်တဲ့။ပြောရရင် မူလ ကြယ်ပေါင်း ၁၀၀ မြင်ရရင် ခြောက်လက် မမှန်ပြောင်းနဲ့ကြည့်တဲ့အခါ ကြယ်ပေါင်း ၈၀၀ ကိုမြင်ရနိုင်တယ်လို ဆိုလိုတာပါ။ ဒါကိုမှ တိုးပြီးမြင်မလာပါဘူး ဆိုရင်တော့ ကိုယ်ကြည့်တဲ့ဘက်ခြမ်းမှာကြယ်တွေကအမှန်တကယ်နည်းပါးနေလို့သာဖြစ်နိုင်ပါတယ်လို့ သူကဆိုပါ တယ်။သူထပ်ပြောတာကတော့ ကြယ်တွေဟာ အဝေးကကြည့်တဲ့အခါ အညီအမျှပြန့်ကျဲနေသလိုထင်ရပေမယ့်။ တကယ်ကတော့ တစ်ချို့နေရာတွေမှာ ကျဲပါးပြီး တချို့နေရာတွေမှာစုဝေးပြွတ်သိပ်နေကြတာပါလို့ပြောပါတယ်။
ကျွန်တော်ကကြယ်လေးတွေကိုရေတွက်ကြည့်ချင်တယ်ဆိုတာ အပြင်းပြေသာဖြစ်ပြီး အမှန်တကယ်ရေ တွက်လို့ ရနိုင်တယ်လို့မယုံကြည်သလို မဖြစ်မနေရေတွက်ကြည့်ဖို့လည်းဆန္ဒမရှိခဲ့ပါဘူး။သို့သော်လည်း တကယ့် ပညာရှင်တွေကတော့ ရေတွက်ဖို့ အသေအချာကြိုးစားခဲ့ကြပါတယ်။ပြီးတော့ အကွာအဝေးတွေတိုင်းတာကြတယ်။ သူတို့ကြောင့်မို့ ကမ္ဘာကြီးရဲ့ အချင်း၊ လကမ္ဘာရဲ့အချင်း၊ ဂြိုဟ်တွေအားလုံးရဲ့အချင်းတွေကိုတိုင်းတာနိုင်ခဲ့ပါတယ်။ ပြီး တော့ ကြယ်တွေဂြိုဟ်တွေရဲ့ အကွာအဝေးတွေကို သူတို့က အစောကြီးကတည်းက ခန့်မှန်းတိုင်းခဲ့ကြပြီးပါပြီး။ ယနေ့ခေတ်မီကိရိယာတွေပေါ်လာလို့ ထပ်တိုင်တော့ သူတို့တွေရဲ့ ခန့်မှန်းချက်တွေဟာ မပြောပလောက်တဲ့ ကိန်း ဂဏန်းမျှသာလွဲချော်မှုရှိပြီး အားလုံးလိုလိုမှန်ကန်နေတာကိုတွေ့ခဲ့ကြရပါတယ်။
မိတ်ဆွေတို့လည်း ကြယ်လေးတွေကိုတကယ်ပဲရေတွက်ကြည့်ပြီး နက္ခတ်ဗေဒပညာရှင်တွေ မဖြစ်လာချင် ကြဖူးလားဗျာ။ ဒါဆိုရင်တော့ သေချာပေါက်မှန်ပြောင်းလေးတွေ လိုအပ်မှာဖြစ်ပါတယ်။အဝအကျယ် (၂) ဆ ရှိရင် ကြယ်လေး တွေကို (၈)ဆ မြင်ရမယ်နော်။မှတ်ထားကြဦး။
မင်းစိုးနိုင်
MSC-010
Photo – Google