ငယ်ငယ်က အဖေရိုက်လျှင် အမေရိုက်သည်နှင့်မတူကြောင်းသိသည်။ အမေက ကဲဟယ်ကဲဟယ်နှင့်ရိုက်နေ သော်လည်း တကယ်ကအားမပါ အမေ့လက်ကရိုက်နေသော်လည်း ဖွထားသည်။ အဖေကတော့ရိုက်ပြီဆိုလျှင် ၂ ချက် လောက်ပဲရိုက်သည်။ အဲဒီ ၂ ချက်က ဆေးလူးယူရသည်။ အလျှိုးရာထင်ကာ ပေါက်ပြဲသွားသည်အထိနာသည်။ ဒီတော့ အဖေ့ကိုအလွန်ကြောက်သည်။ တကယ်တော့အဖေက ရိုက်ခဲလှသည်။ ပြောမရဆိုမရ ဖြစ်လွန်းမှသာ ရိုက်ရခြင်းဖြစ်မည်။
နောက် ကျောင်းကဆရာကလည်းအလွန်ရိုက်သည်။အထူးသဖြင့်သင်္ချာဆရာ ဦးဥာဏ်မျိုးချစ်သည်လက်သံပြောင်လှ သည်။ ၂ တန်းကတည်းက ၁၆ အလီအထိမရလို့အရိုက်ခံရသည်။ တစ်တန်းလုံးအီစိမ့်နေအောင်အရိုက်ခံရသည်။ ဆရာ ကြောင့်မို့ကျွန်တော်သည် ၁၀ တန်းအထိ သင်္ချာအမှတ်ကောင်းရခဲ့သည်။ အဖေ့ကြောင့်မို့လိမ်မာယဉ်ကျေးခဲ့သည်။ တစ်ဖက် ကရိုင်းရိုင်းစိုင်းစိုင်းပြောဆိုလာလျှင် ထိပ်တိုက်တွေ့ခဲလှသည်။ အတတ်နိုင်ဆုံးရန်ကိုရှောင်သည်။မိမိဘဝတွင် ရန်ကို အတတ်နိုင်ဆုံးရှောင်ခဲ့သည့်တိုင် ရန်ပြုလိုသူ၏ တိုက်ခိုက်မှုကို (၃)ကြိမ်လောက်ခံရသည်။ ပထမအကြိမ်က ပထမတန်း ကျောင်းသားဘဝကဖြစ်သည်။မိမိသည် ကြောက်တတ်သူဖြစ်၍ ဘယ်သူနှင့်မျှသူငယ်ချင်းမရှိ။ကျောင်းဆင်းလျှင် အကိုလာပြီး စောင့်ခေါ်မှာကိုသာမျှော်နေခဲ့သည်။ တစ်နေ့ အကိုကနောက်ကျနေသည် ဆရာမကအတန်းဖြုတ်လိုက်ပြီ။ ကျောင်းပေါက် ဝတွင်ကြည်လင်ကစောင့်နေသည်။ကိုယ်လည်း အပြင်အထွက် သူကလက်သီးဖြင့်ထိုး၍ထွက်ပြေးသည်။ဆရာမသိသွား၍ သူ့ကိုခေါ်ရိုက်ထားသော်လည်း ကြည်လင်သည် ဘယ်အငြိုးကြောင့်မှန်းမသိ အမြဲသာရန်လိုက်ရှာနေသည်။ လေးတန်းနှစ် ရောက်တဲ့အထိ သူကလိုက်လိုက်နှောက်ယှက်နေဆဲဖြစ်သည်။နောက်ဆုံးတော့ မတတ်နိုင်ကြည်လင်ကို တစ်ယောက်ခြင်း ချရန် ကျွန်တော်က စိန်ခေါ်လိုက်သည်။ထိုနေ့က တစ်ယောက်တစ်ပြန်ထိုးကြကြိတ်ကြသည်။ သူလည်းနာကိုယ်လည်း နာသည်။ ထို့နောက်ပိုင်းတွင်တော့ ကြည်လင်ကဘယ်တော့မှမနှောက်ယှက်တော့ပါ။ ကြောက်တတ်မှန်းသိ၍ နှောက် ယှက်နေခြင်းသာဖြစ်သည်။
နောက် အလုပ်ဝင်သည့်အရွယ် အသက် ၃၀ ပင်ကျော်ပါပြီ။ ဒီအရွယ်ကြီးရန်ဖြစ်စရာအကြောင်းကိုမရှိလှပါ။ သို့သော်ထိုနေ့က အဆောင်တွင်အခြားသူငယ်ချင်းဝန်ထမ်းများက ခွင့်ပြန်သွားသည်။ အရာရှိဆောင်တွင်တော့ အရာရှိ များရှိသည်။ တစ်ယောက်တည်းမို့ ည ၉ နာရီတွင်အိပ်ပျော်သွားသည်။ ညသန်းခေါင်ကျော်လောက်တွင် မိမိအခန်းတံခါးကို ခြေထောက်ဖြင့် တစ်ဒိုင်းဒိုင်းကန်သည့်အသံကြောင့်မိမိလန့်နိုးလာသည်။ အပြင်ဘက်မှာတစ်ခုခုဖြစ်နေသည် ကိုမိမိ မသိမကြား၍ လာနိုးကြသည်ဟုထင်သည်။တံခါးဖွင့်ပေးလိုက်တော့ ကိုသန်းဟိန်းဆိုသူဖြစ်သည်။အိပ်ပြီလားဟုဆို၏ ။အိပ်ပြီ ပေါ့ဗျာ။ဘယ်အချိန်ရှိနေပြီလဲ ဆိုတော့။ ငါ့အခန်းလိုက်ခဲ့ဦးဟုဆို၏။အိပ်ပါတော့ဗျာအချိန်မရှိတော့ပါဘူးဆိုတော့။ လာမှ သာလာစမ်းပါကွာဟုဇွတ်ခေါ်သည်။မကောင်းတတ်၍ လိုက်သွားတော့ ဘာမှမဟုတ်ဘူးဆိုသည်။ သည်းခံပြီးပြန်ခဲ့ရသည်။ နောက်တစ်နေ့လည်း ထိုနည်းလည်းကောင်းလာပြန်သည်။ ည ၂ ခက်တီးအချိန်ကို အခန်းတံခါး ခြေထောက်ဖြင့် လာကန်နိုးသည်။ခဏခဏဆိုတော့ သည်းမခံနိုင်တော့သည့်အတွက် အဆောင်မှူးကိုသွားပြောပြထားလိုက်သည်။ဒါကို အဆောင်မှူးကိုသွားပြီးတိုင်ရပါ့မလားဆိုပြီး ဓါးကိုဝှက်ကိုင်ပြီး နောက်ကလိုက်သည်။ဒီလိုပဲ ပုန်းရှောင်နေခဲ့ရသည်။
နောက်တစ်နေ့တွင် ကိုယ့်ကိုပြဿနာရှာမရတော့ ကိုလှဌေးဆိုသူကို ကျွန်တော့နည်းတူသွားစ ပြန်ရာ ဟိုလူက ဘာမပြောညာမပြော လက်သီးဖြင့်ထထိုးလေသည်။ နောက်ပိုင်းဘယ်သူ့မှပြဿနာမရှာရဲတော့ပါ။ ကျွန်တော်စဉ်းစားကြည့် သည်။ ငါလိုသည်းခံနေတာနဲ့ ကိုလှဌေးလို တုန့်ပြန်တာဘယ်သူမှန်သနည်း။ သည်းခံခြင်းသည် ရန်ကိုငြိမ်းစေ၏ ဆိုသော်လည်း သည်းခံသောကျွန်တော်မှာရန်မငြိမ်း ချက်ခြင်းတုန့်ပြန်ပြီး ထထိုးခဲ့သည့် ကိုလှဌေးကြောင့် ကျွန်တော့ကိုပါ ရန်မရှာတော့ပဲ ငြိမ်းသွားခဲ့သည်။ သို့သော် သူ့ဗီဇစရိုက်က ရန်လိုသူဆိုတော့ အစိုင်းဆင်းရင်း ရန်ဖြစ်ပြီး အလုပ်မှထုတ် ပယ်ခံရသည်အထိဖြစ်သွားခဲ့သည်။ ဒီလိုဆိုတော့လည်းစိတ်ကမကောင်း။နောက်ပိုင်းကြားရသည်က လမ်းဘေးတွင် အထည်ရောင်းနေသည်တဲ့။
ကျွန်တော်စဉ်းစားကြည့်သည် လူသည် ဆုံးမသွန်၍ ရသောသတ္တဝါလားသူ့ဘာသာယဉ် ကျေးသည့်သူက ယဉ်ကျေးလာပြီး ရိုင်းစိုင်းသူက ရိုင်းစိုင်းမြဲလား။စာတွေဖတ်သော်လည်း မပြောင်းလဲတတ်သူ၊ လူကြီးသူမများက ဆိုဆုံးမသော်လည်း မနာခံတတ်သူ၊ ပညာရှိသူတော်ကောင်းရဟန်းသံဃာများက သွန်သင်သော်လည်းသွန်သင်၍မရသူ အများကြီးတွေ့ရသည်။ ထိုသူများကို မြတ်စွာဘုရားကိုယ်တော်တိုင်ရှိသော်မှ သွန်သင်ဆုံးမလွယ်ပါမည်လား။ ဒီလိုပြောရတာ လည်းအကြောင်းရှိသည်။ မြတ်စွာဘုရားလက်ထက်တွင် မြတ်စွာဘုရားကိုယ်တိုင် ဥပက္ခာပြုရသည့် ရဟန်းသံဃာများ ပင်ရှိခဲ့ဖူးရာ လူကိုလူခြင်း ဆုံးမသွန်သင်၍ ရနိုင်မရနိုင်သံသယဖြစ်မိခြင်းဖြစ်သည်။ စာရေးဆရာသူမောင် ရေးသည် စာလေးအမှတ်ရသည်။ စာရေးဆရာသုမောင်တွင် စာရေးဆရာမောင်ဝဏ္ဏ၊ စာရေးဆရာ မင်းလူဟူသောညီအကို သုံးယောက်ရှိသည်။ သုံးယောက်စလုံး ဖေါင်တိန်ကို ခါးပိုက်နှိုက်ခံရသည်။ဟိုခေတ်က ပတ်ကားဖေါင်တိန်ကတန်ဘိုးလည်းရှိ သည်။ပထမဆုံး အကိုအကြီးဆုံး ဖြစ်သည့် စာရေးဆရာမောင်ဝဏ္ဏကို ဘတ်စ်ကားပေါ်တွင် ဖေါင်တိန် အနှိုက်ခံရသည်။ အနှိုက်ခံရသည်ကိုလည်းတန်းသိသည်။ သူက တရားသမားစာရေးဆရာဆိုတော့ သူများပစ္စည်းယူတာမကောင်းတဲ့ အကြောင်းတရားစဟောသည်။ ခဏနေတော့ ခါးပိုက်နှိုက်က ဘာတွေလာပြောနေတာလည်းဆိုပြီး လက်သီးဖြင့်ထိုး၍ ကားပေါ်မှဆင်းသွားသည်။နောက်တစ်ယောက်က စာရေးဆရာ မင်းလူ သူ့ကိုလည်း သူ့အကိုကြီးနည်းတူ ဘတ်စကား ပေါ်မှာပင်ဖေါင်တိန်အနှိုက်ခံရပြန်သည်။ သူကတော့ စုံထောက်စာရေးဆရာဆိုတော့ ခါးပိုက်နှိုက်ကို ညီလေးကဒီနယ်မြေ ကလည်း အကိုက ပုဇွန်တောင်ကခါးပိုက်နှိုက်ပဲ ။ အချင်းချင်းတွေလာလုပ်မနေပါနဲ့ကွာ ဆိုပြီးကပ်ပြောလိုက်တယ်။ ခါးပိုက်နှိုက်က ဟာဟုတ်လားအကို စောရီးနှော်ဆိုပြီး ဖေါင်တိန်လေးပြန်ထုတ်ပေးလိုက်တယ်။အဆင်ကိုပြေလို့။ နောက်ဆုံး သုမောင်အလှည့်လည်းဒီလိုပဲ ဘတ်စကားပေါ်မှာ ဖေါင်တိန်နှိုက်ခံရတာပဲ။သူလည်းသူညီအကိုတွေလို တန်းသလိုက်တာပဲ။ မတူတာကတော့ မှတ်တိုင်အဆင်းမှာ ခါးပိုက်နှိုက်က အဆင်း၊ သူက နောက်ကနေ ခြေထောက်နဲ့ကန်ချလိုပြီး ခါးပိုက်နှိုက်ဂျွမ်းပြစ်သွားတော့မှ ထွက်ကျသွားတဲ့ ဖေါင်တိန်လေးပြန်ကောက်ယူပြီး ကားပေါ်ပြန်တက်ပြီးဆက်စီး သွားခဲ့ တယ်ဆိုပဲ။
ကဲ ရန်ပြုလာသူ၊ ဒုက္ခပေးလာသူတွေကို ဘယ်ပုံဘယ်နည်းတုန့်ပြန်မှုကို အကောင်းဆုံးဖြစ်မလဲ အများကစဉ်းစား ဝေဖန်အကြံပြုကြပါကုန်။
မင်းစိုးနိုင်
MSC-010
Photo – Google