လွန်ခဲ့သော အနှစ် ၂၀လောက်က ဖတ်ခဲ့ဖူးသော ဝတ္တုတိုတစ်ပုဒ်ကိုအမှတ်ရသည်။ ဝတ္တုတိုအမည်က “အမဲသား ဟင်းတစ်ခွက်” ဖြစ်သည်။ ကမ္ဘာကျော်လက်ဝှေ့သမားတစ်ယောက်၏ ဇတ်လမ်းကလေး။ နာမည်ကြီး ကမ္ဘာကျော် လက်ဝှေ့သမားတစ်ယောက်အဖို့ ရှုံးပွဲမရှိအောင်မြင်နေခဲ့သည့်ရွှေရောင်နေ့ရက်များတွင် အောင်မြင်မှု နှင့်အတူ အစားအသောက်၊ အဝတ်အစား၊ အပျော်အပါးများဆိုသည်မှာ မလိုချင့်အဆုံးရရှိခဲ့သည်။သန်မာသော၊ တက်ကြွသော၊ ဖြတ်လတ်သောလူငယ်ဘဝမို့ ကျစ်လစ်သောကြွက်သားများ၊ဖြတ်လတ်လျင်မြန်သော တိုက်ကွက် များအားကိုးဖြင့်အရာရာကိုမကြောက်တမ်းမရွံ့တမ်း တိုက်ခိုက်အနိုင်ယူခဲ့ပါသည်။
ယနေ့ဆိုလျှင် အရင်ကကဲ့သို့ လက်ဝှေ့ပွဲများမဆင်နွဲရသည်မှာ ကြာလှပေပြီ၊ လက်ဝှေ့သမား တစ်ယောက် လက်ဝှေ့ မထိုးရလျှင်ဝင်ငွေကလည်းမရှိတော့ပါ။ ရရှိထားသော ငွေများကို ထိုင်စားလာခဲ့သည်မှာ လည်းကြာ ရှည်လှပေပြီ။ မရှက်တမ်းဝန်ခံရလျှင် သူအလွန်ကြိုက်နှစ်သက်သော အမဲသားဟင်းကိုပင် ဝယ်မစားနိုင်သည် မှာကြခဲ့ပါပြီ။အသက် ၅၀ ကျော် လာသောအခါ ခန္ဓာ၏ဖုထစ်သန်မာသော ကြွက်သားများရှိနေသေးသည့် တိုင်အ ရင်လိုအမောအပန်းသိပ်မခံနိုင်၊ သို့သော်စိတ်ကတော့ လူငယ်တစ်ယောက်လိုမိမိကိုယ်ကိုယ်ယုံကြည်ဆဲဖြစ်သည်။ အမဲသားဟင်းတစ်ခွက်လောက်မိန်ရေယှက်ရေစားသောက်ချင်ပြစ်ချင်စိတ်ကပြင်းပြလာသည်။ တိုက်တိုက်ဆိုင် ဆိုင်ဆိုသလို ယနေ့သတင်းစာတွင် နောက်ပေါက်လူငယ်လက်ဝှေ့သမားတစ်ယောက်၏ စိန်ခေါ်သည့်ပွဲမနက်ဖန် ရှိသည်။လေ့လာကြည့်တော့ အဲသည်ကောင်သည် သူ့ငယ်ဘဝကလက်ရာတွေကိုမမီ။ တစ်ချီလောက်တော့ နွဲလိုက်ချင်သည်။
နောက်တစ်နေ့တွင် သူသွားပြီးစာရင်းပေးလိုက်သည်။ စိန်ခေါ်သူလူငယ်နှင့်တစ်ချီတစ်မောင်းထိုးကြိတ် မည်။သည်ပွဲနိုင်လျှင် အမဲသားဟင်းတစ်ခွက်မက ဝယ်စားရလိမ့်မည်။
စိန်ခေါ်ပွဲက ည ၈ နာရီတိတိတွင်စတင်သည်။ ပထမတစ်ချီ၊နှစ်ချီ၊သုံးချီအထိ ငနဲသားကပ်တောင်မကပ်ရဲ မိမိ၏သန်မာလျှင်မြန်လှသောလက်သီးကြီးများကို အလူးအလဲရှောင်တိမ်းနေရသည်။လေးချီမြောက်တွင်မူ မိမိမော ပမ်းစပြုလာသည်။ငါးချီခြောက်ချီတွင်တော့ မိမိမခံနိုင်တော့ပါ။ အပြင်းအထန်မောပမ်းလာသည်။ လူငယ်လေး၏ လက်သီးထိုးချက်လက်ကနဲဝင်လာသည်။သူကမန်းကတမ်းတိမ်းရှောင်လိုက်သည့်တိုင် မျက်နှာပေါ်သို့လက်သီး ချက်ရောက်လာသည်။ “ခွမ်း” နောက်တစ်ချက် “ခွမ်း” “ခွမ်း” “ခွမ်း” “ခွမ်း” “ခွမ်း”။
သူသတိလည်မလာတော့ပါ။လူငယ်လေး၏ နောက်ဆုံးလက်သီးချက်နှင့်အတူအသက်ပါ ပါသွားခဲ့လေ သည်။ အမဲသားဟင်းတစ်ခွက်စားဖို့အတွက် အသက်ပါပေးသွားရပြီလား။
ဤဝတ္တုတိုကိုဖတ်ခဲ့ရစဉ်က ဒီလူ့နှယ်ကွာ အမဲသားဟင်းတစ်ခွက်အတွက်နဲ့များဟု မှတ်ချက်ပေးခဲ့ဖူး ပါသည်။သို့သော် ယနေ့လူ့လောကတွင် ထမင်းတစ်နပ်အတွက် အသက်ပေးသွားရသူများမရှိနိုင်ဖူးထင်ပါသလား။ လူတို့သည် ထမင်းတစ်နပ်အတွက် လိမ်လည်းလိမ်ဖူးကြ၏။ ခိုးလည်းခိုးဖူးကြ၏၊ သတ်လည်းသတ်ဖူးကြသည်။ ထမင်းတစ်နပ်အတွက် မိတ်ဆွေကိုလည်းသစ္စာဖေါက်ဖူးကြသည်။ မိဘကိုလည်းပစ်ပယ်ဖူးကြသည်။ မောင်နှမ အရင်းအချာတွေကိုလည်း မခေါ်နိုင်မပြောနိုင်ရိုင်းပြဖူးကြသည်။ လူသူတော်ကောင်းတွေကိုလည်းဒုက္ခပေးဖူးကြ သည်။
အမဲသားဟင်းတစ်ခွက်နဲ့အသက်ပေးသွားရတာမတန်သလို ထမင်းတစ်နပ်အတွက် …
ငရဲမကြောက် လိမ်ကြသူ၊ ခိုးကြသူ၊ လူလူချင်းသတ်ကြသူ၊ မိတ်ဆွေများကိုသစ္စာဖေါက်ကသူ၊ အမိအဘ တို့ကိုပြစ်ပယ်ထားကြသူ၊ မောင်နှမအရင်းအချာများမခေါ်မပြောနိုင်ကြတော့သူ၊ လူသူတော်ကောင်းများကို ဒုက္ခ ပေးကြသူတွေ ရောတန်ပါသလား။ တကယ်တော့ ထမင်းတစ်နပ်ကို ကြက်ကလေးငှက်ကလေးများပင်လျှင် ရှာ ဖွေစားသောက်တတ်ကြပါသည်။ အသိညာဏ်သာလွန်ပါသည်ဆိုသော လူသားသည် ကြက်ကလေးငှက် ကလေး များရိုးရိုးသားသားရှာဖွေစားသောက်နိုင်သော ထမင်းတစ်နပ်ကို အကုသိုလ်တွေကြူးလွန်ပြီးမှစားသောက်နိုင်မည် ဆိုလျှင်…ထိုလူသားအတွက် လူ့ဘဝဆိုသည်မှာ အလွန်ဝမ်းနည်းဘွယ်ရာပါတကား…..
ရေးသားသူ - မင်းစိုးနိုင်
Msc 010
Photo- Google