ကျွန်တော့် အသိတစ်ယောက်ရှိတယ်။ သူ့နာမည်က လူချစ်။ ကိုလူချစ်မှာ အသစ်အဆန်းစီးပွားရေး အကြံဥာဏ်တွေ ရှိတယ်။ဘယ်အချိန်မေးလိုက်မေးလိုက် သူ့မှာလုပ်စရာတွေ အပြည့်။ စီးပွားရေးလုပ်ငန်းတွေကို အကြံတွေပေးနေတယ် ဆိုတာက တစ်မျိုး။ဖုန်းဆော့ဝဲထွင်ဖို့ ပိုက်ဆံထည့်မယ့်သူ စောင့်နေတယ်ဆိုတာက တစ်ဖုံ။ ဘယ်အခမ်းအနားမှာတော့ ဘာစကားတွေ သွားပြောရဦးမယ် ဆိုတာလဲပါသေး။လောင်စာဆီ အသစ်တစ်မျိုးထုတ်ဖို့ သိန်းသန်းချီတန်တဲ့ ပရောဂျက်ကြီး စတော့မယ်ဆိုတာလည်း ခဏခဏပြော။ သူ့ကိုဘယ်တော့ကြည့်ကြည့် ဆက်တိုက်ပြောနေတာပဲ။ရပ်ကိုမရပ်တာ။ စကားပြောခွင့်လေးများသွားမပြောလိုက်နဲ့ ကမ္ဘာကို ဘယ်လိုပြောင်းလဲ ပစ်မယ်ဆိုတာကစတာပဲ။သွားရေယိုစရာအကြံဥာဏ် ပေါင်းများစွာကို အားရပါးရ ရေပက်မဝင်ပြောတာ။
ကိုလူချစ်ကြည့်လိုက်ရင် အမြဲတမ်းတက်တက်ကြွကြွနဲ့။ ဆရာကြီးပေါ့။ အမြဲမပြတ်ကြံဆနေသူကြီး။
ပြောတာရှိသေးတယ်။ သူကအနာဂါမ်အဆင့်တောင်ရောက်နေပြီတဲ့ ။ မင်းတို့အားတဲ့နေ့ ငါဆီလာပြီးတရားနာစေ ချင်တယ်။တစ်ထိုင်တည်းနဲ့သောတပန်လောက်တည်သွားအောင်ငါလုပ်ပေးပါ့မယ်တဲ့။ကဲ။မြတ်စွာဘုရားတောင်သူ့လောက်မစွမ်းဘူး။ငါမိန်းမက သကဒါကန်၊ငါ့သားက သောတပန်၊ငါ့သမီးက လည်းသောတပန်ဆိုတာလည်းရှိသေး။ သူများဆီက အကြွေး ယူထားရင်မဆပ်တော့ဘူး။တစ်ခါတစ်ခါတော့ ပြောပြစ်ချင်တယ်။အကြွေးတွေနဲ့အနာဂါမ်မျိုးကိုမတွေ့ဖူးသေးဘူးလို့။
ဒီလိုအချိုးကို အသက် ၅၀ ကျော်လာတာတောင် ကိုလူချစ်မပြောင်းလဲဘူး။ကျူရှင်ဆရာလုပ်လည်း တော်ရိယော်ရိပဲ လုပ်တယ်။စာမေးပွဲနီးရင် စာပိုသင်ပေးဖို့ထက် စာမေးပွဲအောင်တဲ့ ဂါထာတွေယူလာပြီးကျောင်းသားတွေကိုဝေတယ်။ သူ့ကျောင်းသားတွေ အောင်ချက်ညံ့တော့ သူ့အတန်းဆို အပ်မယ့်သူမရှိတော့ဘူး။ကိုလူချစ်ရဲ့အဆိုးဆုံးပြဿနာက သူ့ကိုသူ ယုံနေတာ အံ့သြစရာကောင်းလောက်အောင်ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာ၊ အမြင်ကတ်ဖို့တောင်ခက်သား။ လေးစားစရာကောင်းလောက်အောက်ကို အောက်ခြေလွတ်သွားတာဆိုပါတော့။
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးသိပ်ထားတဲ့ စိတ်ရဲ့ အဓိကပြဿနာက ဒီလိုပါ။ တကယ်တော့ တန်ဖိုးထားတယ်၊အထင်ကြီး တယ်ဆိုတာက အကောင်းမြင်စိတ်မဟုတ်လား။ ဒါပေမယ့် လူတစ်ယောက်ရဲ့ တကယ့်တန်ဖိုးဟာ သူ့ကိုသူဘယ်လောက် မကောင်းမြင်တတ်သလဲဆိုတဲ့ အပေါ်မှာမူတည်တယ်။ ကိုယ့်ရဲ့အပြစ်အနာအဆာတွေကို ကိုယ့်ဘာသာမြင် တတ်ဖို့ကအ ရေးကြီးပါတယ်။ဘေးပတ်လည်မှာ ဘဝတစ်ခုလုံးပျက်စီးနေတာတောင် ကိုလူချစ်တစ်ယောက် သူ့ဘဝရဲ့ ၉၉.၉ ရာခိုင်နှုန်းသော အချိန်တွေအားလုံးမှာ စိတ်ချမ်းသာ၊ ပျှော်ရွှင် အကောင်းတွေ မြင်နေတယ်ဆိုရင် ဒါက ပျှော်ရွှင်မှုကိုတိုင်း တာနိုင်တဲ့ပေတံမဟုတ်တော့ပါဘူး။
သူဟာ ဒီလိုစိတ်မျိုးကိုစွဲသွားပြီ ဆိုရင်ဘေးကလူတွေ ဝေးဝေးရှောင်ဖို့လိုလာပြီး။ ဘယ်လိုပဲ အကျိုးအကြောင်းနဲ့ ရှင်းပြရှင်းပြ ဒီလူ့စိတ်ထဲမှာ ဒါ ငါရုပ်ချောတာ၊ ချမ်းသာတာ၊ တော်တာ၊အောင်မြင်တာ၊ဥာဏ်ကောင်းတာကို မကျေနပ်လို့၊ မနာလိုလို့၊ မလိုမုန်းထားလို့ နှောက်ယှက်နေတယ်ဆိုပြီး ထင်လာပြီ။
တကယ်တန်ဖိုးဆိုတာ ကိုယ်ကောင်းတဲ့ အရာတွေပဲ ခံစားတတ်တာမဟုတ်ပါ။ ကိုယ့်ရဲ့ မကောင်းတဲ့ နတ်ဆိုး တွေကိုပါ လက်ခံနားလည် နိုင်ခြင်းဖြစ်တယ်။ ကိုချစ်ကတော့ သူ့ရဲ့ မကောင်းတဲ့ ပြဿနာတွေကို ရင်မဆိုင်ရဲတော့ စိတ်ကူးယဉ်အောင်မြင်မှုတွေနေက်မှာ ပုန်းကွယ်ရင်းလုံးပါးပါးသွားတော့မှာပါ။
မင်းစိုးနိုင်
MSC-010
Photo – Google