ကိုယ့်ရဲ့စွမ်းဆောင်နိုင်မှုအခြေအနေ မိသားစုရဲ့ငွေကြေးတောင့်တင်းမှုထောက်ပံ့ပေးနိုင်မှုအခြေအနေတွေဟာလဲ
ဘ၀ရည်မှန်းချက်ဆုံးဖြတ်ချက်တို့ချမှတ်ဖို့ရန်အတွက် ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။အလွန်အလှမ်းဝေးသော
အခြေနေတစ်ရပ်ကိုမှန်းဆလို့ ခက်ခဲနေမည့်အစား မိမိလှမ်းတက်နိုင်တဲ့ အနီးဆုံးအဆင့်တစ်ခုကိုဦးစွာ ရောက်နှင့်နေသင့်
ပါသည်။အဘက်ဘက်က ပြည့်စုံမှ ဆိုလျှင်တော့ ဘယ်တော့မှအရောက်သွားနိုင်မည်မဟုတ်တော့။လိုအပ်ချက် ဆိုတာ
ဘ၀တိုင်း နေရာတိုင်း အခြေနေတိုင်းမှာ ရှိနေမည်သာဖြစ်သည်။
ဘယ်အလုပ်ကိုပဲဖြစ်ဖြစ် လုပ်ချင်တဲ့အလုပ်ကိုအကောင်းဆုံးလုပ်ရပါမည်။မိမိလုပ်တဲ့အလုပ်နဲ့ ထိုက်တန်တဲ့
ကြိုးစားအားထုတ်မှုနှင့်ထိုအလုပ်နဲ့ ထိုက်တန်တဲ့ အရည်အချင်းများကို အရင်ဆုံးလေ့လာဆည်းပူးထားရမည်ဖြစ်ပါသည်
ကျောင်းသားတစ်ဦး ပညာရှာမှီးသူတစ်ဦးဖြစ်လျှင် ပညာရရှိရေး စာမေးပွဲအောင်မြင်ရေး တို့ကို ဦးစားပေးဆောင်ရွက်
ရမည်။ ၀န်ထမ်းလုပ်နေသည်ဆိုလျှင်လည်း မိမိတာဝန်များကိုကျေပွန်စွာ ထမ်းဆောင်နိုင်ရေးနှင့် မိမိတက်လှမ်း
ရယူနိုင်မည့် ရာထူးအခွင့်အရေးများ ရရှိရေးတို့ကို ဦးတည်ကြိုးစားကြရပါမည်။ ကိုယ်ပိုင်စီးပွားရေးလုပ်သူဖြစ်သည်
ဆိုလျှင်လည်း မိမိလုပ်ငန်းတိုးတက်အောင်မြင်ရေး အတွက်လုံ့လ၀ီရိယစိုက်ကာ အစဉ်အမြဲနိုးကြားရိုးသားစွာ လုပ်
ဆောင်ကြရမည်ဖြစ်ပါသည်။
လူငယ်ဆိုသည်မှာ အလားအလာကောင်းများစွာ နှင့်အနာဂါတ်ကို စိတ်တိုင်းကျပုံဖော်ရေးဆွဲနိုင်တဲ့ မဟာအခွင့်
အရေးကိုပိုင်ဆိုင်ထားကြသူများဖြစ်ပါသည်။တစ်ခုတော့ရှိသည် ထိုအခွင့်အရေးတို့ကို သင်သည် တစ်ကြိမ်သာ
ရွေးချယ်ခွင့်ရှိပါသည်။တစ်ကြိမ်သာလျှင် ပြင်ဆင်လျှာက်လမ်းခွင့်ရပါသည်။ ထိုအခွင့်အရေးသည် လူငယ်အတွက်သာ
ဖြစ်ပါသည်။ မိမိရွေးချယ်ပြီးသောလမ်းကြောင်း မှားခြင်းမှန်ခြင်း ဆိုးခြင်းကောင်းခြင်းတို့ကို မိမိသာလျှင်
ခံစား စံစားရမည်ဖြစ်သည်။ လွဲမှားသော ဘ၀လမ်းကြောင်းကိုရွေးမိသည်ဆိုလျှင်တော့ ဘ၀အနာဂါတ်သည်
ခက်ခဲပင်ပန်းပြီး အောင်မြင်နိုင်မည်မဟုတ်ပါ။ လူငယ်ဘ၀ကို ကျော်လွန်လာပြီး မည်သည့်လမ်းကို လိုက်ရမှန်းမသိဘဲ
လမ်းပျောက်သူလိုဖြစ်နေဦးမည်ဆိုလျှင်တော့ အချိန်ကုန်ရုံသာရှိပါမည်။ အချိန်ဆိုသည်မှာ ကုန်ဆုံးသွားပြီးလျှင်
ပြန်ရနိုင်သောအရာမဟုတ်ပါ။ အချိန်ပိုများကိုလဲ ငွေကြေးတက်နိုင်လို့ ၀ယ်ယူရနိုင်ကောင်းသောအရာမဟုတ်ပါ။
လူငယ်ဆိုသည်မှာ အချိန်ကောင်းများ များစွာပိုင်ဆိုင်ကြွယ်ဝသူများဖြစ်ပါသည်။ ကောင်းမွန်မှန်ကန်သော
ရွေးချယ်မှုများနှင့်ဘ၀လမ်းကြောင်းကို ရွေးချယ်ခွင့်အပြည့်အ၀ရရှိသူများဖြစ်ပါသည်။အချိန်ဆိုသည်မှာ
လောကတွင် အရာရာကိုမဖြစ်ဖြစ်အောင် ဖန်တီးနိုင်သည့် တစ်ခုတည်းသော တန်ခိုးရှင်ဖြစ်ပါသည်။
ဘ၀တစ်လျှောက် အချိန်အပိုင်းအခြားတို့တွင် အဖိုးတန်သောအချိန်တစ်ခုသည် လူငယ်ဘ၀အချိန်လေးဖြစ်သည်။
ထိုအချိန်အပိုင်းအခြားလေးသည် အရာရာကိုဖန်တီးပေးနိုင်သော အခြေအနေမှာရှိလို့နေသည်။ ဘ၀ရည်မှန်းချက်
တိကျပြတ်သားစွာမရှိပဲနှင့် လူအများနှင့်ရောယောင်ပြီး ဟေးလားဝါးလားဖြင့် လူငယ်ဘ၀ရဲ့အဖိုးတန်အချိန်များကို
တလွဲအသုံးပြုခဲ့မည်ဆိုလျှင်တော့ အကျိုးနည်းမည်မှာ သေချာပါသည်။ကိုယ့်ဘ၀တက်လမ်း ကို ကိုယ်ပိတ်ပင်သလို
ဖြစ်မည်။လူငယ်ဆိုတာ အညွန့်တလူလူနှင့်ဟု လူကြီးတွေတင်စားပြောဆိုတက်ပါသည်။ ကိုယ့်အညွန့်ကိုယ်ချိုးသည်
ဟုသာဆိုရပေလိမ့်မည်။ထိုသို့သောလူငယ်များ အရေအတွက်များသောတိုင်းပြည်သည်လည်း တိုးတက်ဖွံ့ဖြိုးမှုမှာ
အစဉ်အမြဲနောက်ကျလို့နေမည်သာဖြစ်ပါသည်။
ငယ်ရယ်စဉ်အခါမှာကြိုးစားရှာမှီးထားသော အသိပညာ ဗဟုသုတများသည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ
မိမိဘ၀အတွက် အားကိုးစိတ်ချရသော အသိပညာဆိုသည်မှာဖြစ်လို့လာရပါသည်။လူငယ်ဘ၀တွင် အမှားများစွာနှင့်
လောကကို မြေစမ်းခရမ်းပျိုးပြီး လျှောက်လှမ်းရသည်မှာ သဘာဝဖြစ်ပါသည်။ မှားတော့မှားပါလိမ့်မည်။ မိမိအမှား
အပေါ်မှာ ဘ၀သင်ခန်းစားယူနိုင်ဖို့လိုပါသည်။အမှားတိုင်းကိုတော့ လိုက်မှားနေလို့မဖြစ်တာ လူတိုင်းသိပါသည်။
သူတစ်ပါးအမှားများကိုလည်း ဘ၀သင်ခန်းစာအတွင်းမဖြစ်မနေထည့်သွင်းဆင်ခြင်ကာ မိမိဘ၀အတွက် အသုံးချ
တက်ရပါလိမ့်မည်။သို့မှသာလျှင် အနည်းဆုံးသော တန်ဖိုးပေးချေပြီး အမြတ်အစွန်းများသည့် ဘ၀အတွေ့အကြုံ
များရရှိနိုင်ပါသည်။လူငယ်ဆိုသည်မှာ ရင့်ကျက်မှုအားနည်းပါသည်။ ရင့်ကျက်မှုရဲ့ သဘောကတော့ အသိဥာဏ်
အတွေးအခေါ် အယူအဆနှင့်ဆုံးဖြတ်လုပ်ကိုင်ဆောင်ရွက်မှုဟုဆိုနိုင်သည်။ထိုကဲ့သို့သော အားနည်းချက်များကို
တဖြည်းဖြည်းချင်းပြုပြင်သွားရန်တော့ မလွဲမသွေလိုအပ်ပါသေးသည်။
တစ်ဖြည်းဖြည်းနှင့် ဘ၀သည် မိမိဆုံးဖြတ်လုပ်ကိုင်ဆောင်ရွက်မှုအောက်တွင် ပီပီပြင်ပြင်ဖြစ်လို့လာပါမည်။
မိမိဘ၀ကို ကျွမ်းကျင်စွာကိုင်တွယ်မောင်နှင်နိုင်ပြီးလှပတဲ့ ဘ၀တစ်ခုကို တိုးတက်မှုအကျိုးရလဒ်များရအောင်
စွမ်းဆောင်နိုင်ပါလိမ့်မည်။လူငယ်တစ်ဦးအတွက် ရင့်ကျက်လာမှုရှိလာသည်နှင့်အမျှ မိမိဘ၀တွက် ရည်မှန်းချက်ကို
အောင်မြင်အောင် တည်ဆောက်နိုင်ရန် အခြေအနေကောင်းတစ်ရပ်ကို ရရှိနေပြီဟုဆိုနိုင်၏။လူငယ်တို့အတွက်
စကားလက်ဆောင်လေးတစ်ခုတော့ပေးချင်ပါသည်။ စာရေးဆရာကြီး နာပိုလီရန်ဟေးလ် ၏အဆိုအမိန့်ကလေး
ဖြစ်ပါသည်။အလုပ်လုပ်ရာမှာ ရင်းမြစ်နေရာပေါင်းစုံက အကျိုးခံစားခွင့်တွေ ပိုမိုကြီးမားစွာရရှိနိုင်စေရပါမယ်။
မျှော်မှန်းချက်ထားရှိပြီး သင်ရနိုင်တာ လုပ်ဆောင်နိုင်တာထက်ပိုပြီး အလုပ်လုပ်ရမှာဖြစ်တယ် လို့ဆိုပါတယ်။