ကျွန်မအားကျလေးစားခဲ့ရတဲ့ မချစ်ပိုရဲ့သမိုင်း မသိသေးတဲ့သူတွေအတွက် တင်ပြပေးလိုက်ရပါတယ်။မြန်မာအမျိုးကောင်းသမီး စောင့်လေမျိုးနွယ်ကိုထိန်းသိမ်းသော အာဇာနည်မိန်းမ သူရမချစ်ပို မြန်မာ့သမိုင်းမှာ အမျိုးသမီးတွေရဲ့ မျိုးချစ် စိတ်ဓါတ်နဲ့ တိုင်းပြည် ချစ်စိတ်တွေက စံနမူနာ ယူထိုက်တယ်။လွတ်လပ်ရေးနေ့ကလည်း နီးလာတော့ ၁၉၅၀-ခုနှစ် လွန်ခဲ့တဲ့နှစ်၇၀က မချစ်ပိုရခဲ့တဲ့ သူရဘွဲ့ဆိုတာ ပေးချင်တိုင်း ပေးလို့ မရသလို သာမာန် ကြိုးစား အားထုတ်မှု လောက်နဲ့ မရဘူး ဆိုတာကိုကန့်လန့် တိုက်နေတဲ့သူတွေသိစေဖို့နဲ့ သူရမချစ်ပိုဆိုတဲ့ အမျိုးကောင်း မြန်မာ အမျိုးသမီး အကြောင်းကို ယှဉ်ကြည့် နိုင်အောင် တင်ပေးလိုက်ပါတယ်။၁၉၅၀ပြည့်နှစ်၊လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အစိုးရမှ `သူရ´´ဘွဲ့ ချီးမြှင့် ပေးအပ်ခဲ့သူ အမျိုးသမီးတစ်ဦး ရှိခဲ့ပါသည်။မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော အမျိုးသမီး ``သူရ´´ဘွဲ့ ပိုင်ရှင်လည်း ဖြစ်ပါသည်။၎င်းမှာ တနသာင်္ရီတိုင်း ထားဝယ်သူမလေး သူရမချစ်ပို´' ဖြစ်ပါသည်။ မချစ်ပိုကို ၁၉၀၇ခုနှစ်တွင် ထားဝယ်မြို့ တွင် မွေးဖွား၍ ထားဝယ်မြို့ တွင် ကြီးပြင်းခဲ့သည်။မချစ်ပိုသည် အသက်(၂၀)အရွယ် ၁၉၄၇ခုနှစ်တွင် BE တပ်ထဲ ဝင်သွားသော သူမ၏ မောင်ဖြစ်သူအား ရှာဖွေရန် ထားဝယ်မှ မေမြို့ ခေါ် ပြင်ဦးလွင်သို့ တစ်ဦးတည်း ထွက်ခွာသွားခဲ့ပြီး ပြင်ဦးလွင်မြို့ ရှိ ဦးကြွယ်•ဒေါ်ပုတို့၏ မွေးစားသမီး ကဲ့သို့ ချစ်ခြင်းကိုရရှိကာ ထိုအိမ်တွင် ဆက်လက် နေထိုင်သည်။ ထို့နောက် ဦးကြွယ်•ဒေါ်ပုတို့နှင့် ရင်းနှီးသူ BE တပ်မှ တပ်ကြပ်လှမောင်နှင့် လူငယ်သဘာဝ ချစ်ကျွမ်းဝင်ကာ အိမ်ထောင်ကျ လေတော့သည်။မချစ်ပိုသည် BE တပ်မှ စစ်သည်ဖြင့် အိမ်ထောင်ကျပြီးနောက် ၁၉၄၉ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ရက်နေ့တွင် KNDO ကရင်တပ်ဖွဲ့များသည် မေမြို့ ယခုပြင်ဦးလွင်မြိုအား အလစ်အငိုက် စီးနင်း သိမ်းပိုက် လာသည်။ထိုအချိန် မေမြို့ တွင် ဗိုလ်မှူးထင်ပေါ်နှင့် ဗိုလ်ကြီးဘဖြူ ဦးစီးသော အမှတ်(၁) BE တပ်ခွဲနှင့် အမှတ်(၂) BE တပ်ခွဲတို့သည် ရရာ လက်နက် ခဲယမ်းများ သိမ်းဆည်းကာ လားရှိုးဘက်သို့ ဆုတ်ခွာ သွားခဲ့ကြရသည်။ထိုသို့ဆုတ်ခွာသွားသော တပ်များသည် လားရှိုးတွင် ပြန်လည်စုဖွဲ့ကာ မေမြို့သို့ ပြန်လည် ချီတက် လာခဲ့ကြသည်။မေမြို့  ရေချမ်းအိုးရွာ ဘက်တွင် တိမ်းရှောင် နေကြသော BE တပ်မှ အရာရှိ စစ်သည်များနှင့် ကျန်တပ်ပေါင်းစုံမှ တပ်ဖွဲ့ဝင်များ သည်လည်း BE တပ်တွင် လာရောက်ပူးပေါင်း ကြလေသည်။ထိုနောက် တပ်ပေါင်းစု အင်အားဖြင့် ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့တွင် ပြန်လည် တိုက်ခိုက်ခဲ့ရာ BE တပ်ကုန်း (ယခု မေမြို့ အင်ဂျင်နီယာတပ်) နေရာကို ပြန်လည်သိမ်းပိုက် ရရှိခဲ့ပြီး လက်နက် ခဲယမ်းများကိုပါ ရရှိခဲ့လေသည်။ထို့အပြင် မြို့တွင်း တိုက်ပွဲအဖြစ် ဆက်လက် တိုက်ခိုက်သော တပ်ဖွဲ့ဝင်များသည်လည်း မေမြို့ -လားရှိုး လမ်းတလျှောက် မြို့မရုပ်ရှင်ရုံ အထိ သိမ်းပိုက် လိုက်နိုင်ခဲ့သည်။အင်ဂျင်နီယာတပ်မှ ဦးဆောင်ကာ မေမြို့ ကို ပြန်လည် တိုက်ခိုက်ခဲ့သော ဖေဖေါ်ဝါရီ (၂၄)ရက်နေ့အား BE တပ်ဖွဲ့(ခေါ်) အင်ဂျင်နီယာ တပ်ဖွဲ့နေ့ အဖြစ် ဂုဏ်ပြုမှတ်တမ်း တင်ခဲ့လေသည်။
ထိုသို့ ဖေဖေါ်ဝါရီ (၂၄)ရက်တွင် စခန်းများရှိပြီး ဖြစ်သော်လည်း မြို့တွင်းတိုက်ပွဲများ ဆက်လက် ဖြစ်ပွားဆဲဖြစ်ပြီး တစ်ဖက်နှင့် တစ်ဖက် ခြေကုတ် စခန်းများကို အားပြုကာ အဖွဲ့ငယ်များ စေလွှတ်၍ အပြန်အလှန် သတင်းထောက်လှမ်း တိုက်ခိုက် နေကြလေသည်။မြို့ပေါ်တွင်လည်း လေ့ကျင့်မှု မရှိသော အရပ်သားများသည်ပင် ရရာ လက်နက် စွဲကိုင်ပြီး တပ်နှင့်ပူပေါင်း တိုက်ပွဲ ဝင်ကြလေသည်။ ဤအခြေအနေတွင် ခက်ခဲသော ကိစ္စရပ်တစ်ခုမှာ ရန်သူသတင်း ထောက်လှမ်း ရရှိရေး ပင်ဖြစ်သည်။ထိုစဉ်က BEDT ကုန်းမှ ထွက်လိုက်သည်နှင့် ရန်သူသည် ယောင်္ကျား မှန်သမျှအား ဖမ်းဆီးခြင်း သို့မဟုတ် ပစ်ခတ်ခြင်း များကို ပြုလုပ်လျှက်ရှိပြီး မိန်းမများမှာ ဈေးရောင်းခြင်း နွားကျောင်းခြင်း များဖြင့် ဝင်ထွက်လျှက် ရှိလေသည်။BE တပ်ဦးစီးသော တပ်ပေါင်းစု အတွက် အခက်အခဲ ဖြစ်ပေါ်လျှက်ရှိသော သတင်းထောက်လှမ်း ရရှိရေးအတွက် မိမိဆန္ဒ အလျောက် တာဝန်ကို ယူလိုက်သူမှာ ထားဝယ်သူ မလေး ``မချစ်ပို´´ ပင်ဖြစ်ပါသည်။မချစ်ပိုသည် ထားဝယ်သူ ဖြစ်ခြင်းကြောင့် စကားပြောလျှင် အသံဝဲပြီး အသားမဖြူ မညို၊ မျက်နှာ လေးထောင့်စပ်စပ် အရပ် ငါးပေသုံးလက်မ ခန့်ရှိသည်။စကားပြောလျှင် ခပ်ပြတ်ပြတ် ပြောတတ်သဖြင့် လုပ်စရာရှိလျှင် ပြတ်ပြတ်သားသား လုပ်မည့် သဘောကိုလည်း ဆောင်လေသည်။မချစ်ပို၏ ယောင်္ကျားဖြစ်သူ တပ်ကြပ်လှမောင် အပါအဝင် အင်ဂျင်နီယာ တပ်ဖွဲ့များသည် လေ့ကျင့်ရေး တပ်ကုန်းတွင် ရင်ဆိုင်ထားစဉ် တစ်ဖက်နှင့် တစ်ဖက် အဖွဲ့ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ကြရာမှ တပ်ကြပ်လှမောင်အား သေနတ်ထိမှန်ကာ ဒဏ်ရာရှိထားသည်။မချစ်ပိုသည် ဓားတိုတလက်နှင့် လက်ပစ်ဗုံး တို့ယူဆောင်ကာ ခမောက်ဆောင်းကာ တုတ်တစ်ချောင်း လွယ်အိပ် တစ်လုံး တို့ဖြင့် နွားကျောင်းသားမ ပုံသဏ္ဍာန်ဖြင့် KNDO တပ်များ တပ်စွဲထားသော မေမြို့လေ့ကျင့်ရေး တပ်ကုန်း ဆေးတပ်ကုန်းများ ဘက်သို့ နည်းမျိုးစုံဖြင့် ဝင်ရောက်ကာ ရန်သူ၏ လက်နက်ကြီးများ ထားရှိရာ နေရာ ကွပ်ကဲရေးရုံး တည်နေရာနှင့် အခြားသော ထောက်လှမ်းရေး လုပ်ငန်းများကိုလည်း လုပ်ဆောင် ပေးခဲ့လေသည်။ရန်သူသည် နွားတစ်အုပ်နှင့် မချစ်ပိုအား နွားကျောင်း နေသည်ဟုသာ ထင်မြင် နေကြသည်။မချစ်ပိုသည် နွားကျောင်းရင်းဖြင့် ရန်သူ လက်နက်ကြီး ပစ်ကူနေရာများ စစ်သေနတ်ကြီးများ ချထားသည့် နေရာများအား တပ်ဖွဲ့ထံ သတင်းပြန်လည် ပို့ပေးနိုင်ခဲ့လေသည်။တစ်ခါတစ်ရံ ရန်သူ အဖွဲ့ငယ် သုံးလေးဦးခန့် တွေ့ဆုံစဉ် အခွင့်သာပါက ပြောက်ကျား နည်းစနစ်အဖြစ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်လာခဲ့ရာ ရန်သူတပ်ဖွဲ့များ အတော်ပင်အထိနာ ခဲ့ကြသည်။စစ်ဆင်ရေးတွင် ကျင်လည်လာသော မချစ်ပိုသည် လက်ရှိ လုပ်ဆောင်ချက်ကို အားမလိုအားမရ ဖြစ်ကာ ထမီအစား ဘောင်းဘီဝတ်လိုကြောင်း နေရာတိုင်း သုံးမရသော လက်ပစ်ဗုံးအစား သေနတ်ပေးရန်နှင့် နေ့ခင်းဘက်တွင် ထောက်လှမ်းရရှိခဲ့သော နေရာများအား ညဘက်တွင် တပ်ဖွဲ့နှင့်အတူ လိုက်ပါ တိုက်ခိုက်လိုကြောင်း တင်ပြခဲ့လေသည်။မချစ်ပို၏ တင်ပြချက်အား ဗိုလ်ကြီးဘဖြူမှ သဘောတူကာ ရိုင်ဖယ်ဖြင့် အဆင်မပြေနိုင်သဖြင့် မချစ်ပိုအား ခြောက်လုံးပြူး ထုတ်ပေးလိုက်သည်။
မချစ်ပိုသည် နေ့ခင်းဘက်တွင် သတင်းထောက်လှမ်း၍ ညဘက်တွင် ညတိုက်ပွဲများကို ဆက်လက်၍ ဆင်နွှဲလေတော့သည်။မချစ်ပို ပါဝင်သော တပ်ဖွဲ့၏ တိုက်ခိုက်မှုများကြောင့် KNDO အဖွဲ့များမှာ များစွာ အထိနာ ခဲ့လေသည်။ထို့နောက် ထောက်ပံ့ရေးကုန်းသို့ ဝင်စီးသော ညတွင်ကား မချစ်ပိုကို ကျည်ဆံထိမှန် လေတော့သည်။နေ့ခင်းဘက်က မချစ်ပို ဝင်ရောက် ထောက်လှမ်းရရှိခဲ့သည့် လက်နတ်ကြီး နေရာအား တပ်ဖွဲ့မှ နောက်ပိုင်းမှ မော်တာဖြင့် ဦးနှိမ်ပစ်ခတ်ထားပြီး မချစ်ပို ပါဝင်သောအဖွဲ့က ရန်သူ၏ ခံစစ်စည်းထဲသို့ အတင်းထိုးဖောက် ဝင်ရောက် သွားကြလေသည်။ရန်သူများ ခေါင်းမထောင်နိုင်အောင် ဖြစ်နေချိန်တွင် စစ်သည်များက လှံစွပ်ဖြင့် တက်ထိုးရန် ပြင်ဆင် ကြလေရာ မချစ်ပိုက လက်မခံပဲ လက်ပစ်ဗုံးဖြင့် ပစ်မည်ဟုဆိုကာ လှိမ့်၍ ချည်းကပ် သွားလေသည်။မချစ်ပို အပစ်မခံရစေရန် စစ်သည်များက ကာပစ် ပစ်ပေးရင်း ယောင်ပြလှုပ်ရှားမှုများ ပြုလုပ်ပေး ကြလေသည်။ ရန်သူ သေနတ်သံများ ရပ်ဆဲသွားခဲ့ ပြန်လေသည်။မချစ်ပိုကား ထပ်မံ၍ လက်စွမ်းပြ ခဲ့ပြန်လေသည်။ချည်းကပ်မျဉ်းမှ ပြန်အထွက်တွင် မချစ်ပိုကို လှိမ့်မှောက်ပြီး ဆုတ်ခဲ့ရန် ပြောသော်လည်း ရန်သူအား အထင်သေးမိကာ မတ်တပ်ပြန်လာခဲ့သည်။ရန်သူသေနတ်သံ တစ်ချက် ထွက်ပေါ်လာပြီး မချစ်ပို ဗိုက်ကို လက်နှင့်ဖိကာ လဲကျသွားခဲ့လေသည်။မချစ်ပိုကား သတ္တိကောင်းလှပေသည်။ဒဏ်ရာ ရသည့်တိုင် ညည်းညူခြင်းမရှိ၊ ဗိုက်ကို အဝတ်ဖြင့် ပတ်ပြီး ဖိထားလေသည်။ရဲဘော်များ မချစ်ပိုကို ပွေ့ကာမြို့ထဲဘက်သို့ ခေါ်ဆောင်၍ သွားကြလေသည်။ထို့နောက် နယူးဆေးတိုက်မှ ဆရာဝန် ဒေါက်တာဘရှင် ရောက်ရှိလာပြီး မချစ်ပိုအား ကားဖြင့်တင်ကာ ဆေးတိုက်တွင် ညတွင်းချင်း ခွဲစိတ်ကုသပေးလေသည်။ထို့သို့ခွဲစိတ် ကုသပြီးသောအချိန်တွင် KNDO အဖွဲ့များက မသင်္ကာသဖြင့် ဆေးတိုက်သို့ လာရောက် စစ်ဆေးကြကြောင်း ဒေါက်တာဘရှင်က မင်သေသေဖြင့် ဟောက်လွှတ်သောကြောင့် ပြန်သွားကြကြောင်း သိရှိရလေသည်။ထိုအချိန်က ခေတ်အခြေအနေရ လျှပ်စစ်မီးနှင့် အောက်လင်းမီး မရှိခြင်းကြောင့် မချစ်ပို၏ ဒဏ်ရာကို ဖယောင်းတိုင် မီးဖြင့် ခွဲစိတ်ကုသ ပေးခဲ့ကြောင်း ဒဏ်ရာအား ၁၅ချက်ခန့် ချုပ်ခဲ့ရကြောင်း မချစ်ပိုသည် ထိုဆေးတိုက်မှာပင် တစ်ပတ်ခန့် ပုန်းအောင်းကာ ဆေးကုသနေခဲ့ရကြောင်း အနာမကျက်သေးမီ မချစ်ပိုက ပြန်ချင်လှပြီဆိုကာ မွေးစာဖခင် ဦးကြွယ်၏ နေအိမ်သို့ ပြန်ခဲ့လေသည်။KNDO အဖွဲ့မှ ဗိုလ်အဆင့် ရှိသော စောဘစံ ဆိုသူမှာ ထုံးဘိုရပ်ထဲမှ မချစ်ပုဆိုသူ အမျိုးသမီးနှင့် ပတ်သက်လျှက် ရှိကြောင်း၊ မချစ်ပုနှင့် စောဘစံ၏ ယုတ်မာမှုများကြောင့် အရပ်ထဲမှ တခြား မိန်းကလေးများမှာလည်း ဖျက်ဆီးခံခဲ့ရသည်များ လည်းရှိခဲ့ကြောင်း စောဘစံ၏ အမြှောင်မယား မချစ်ပု၏ လက်ထောက်ချမှုကြောင့် စောဘစံအဖွဲ့သည် မချစ်ပိုကို သိရှိသွားလေတော့သည်။မချစ်ပို၏ လှုပ်ရှားမှုများအား စောင့်ကြည့်ကာ ဆေးတိုက်မှဆင်းပြီး ဦးကြွယ်၏ အိမ်တွင် ပုန်းခို နေထိုင်နေသော မချစ်ပိုအား စောဘစံ ဦးဆောင်ပြီး လက်နတ်ကိုင် လေးငါးဦးခန့်ဖြင့် မချစ်ပိုအား လာရောက်၍ ဖမ်းဆီး ခေါ်ဆောင်သွားကြ လေတော့သည်။မချစ်ပိုသည် ထွက်ပြေးရန် မကြိုးစားပဲ ဓားတို တစ်ချောင်းကို ဝှက်ကာ လိုက်ပါသွားလေသည်။ထိုရက်များတွင် မေမြို့ ရှိ BE တပ်များမှာ မန္တလေးသို့ ဆင့်ခေါ်ခြင်း ခံရသဖြင့် ပြန်လည်ဆုတ်ခွာ၍ သွားကြလေရာ တပ်ဖွဲ့ဝင်များ၏ ဇနီးနှင့်သားသမီးများကို ကြည့်ရှုစောင့်ရှောက် ထားနိုင်ခြင်း မရှိတော့သဖြင့် မိသားစုဝင်များမှာ ဟိုသည် ပုန်းအောင်း၍ နေကြရ ရှာလေသည်။မချစ်ပိုမှာလည်း ဒဏ်ရာ မပျောက်ကင်း သဖြင့် ကျန်ရစ်ခဲ့ရာမှ အဖမ်းခံရခြင်း ဖြစ်လေသည်။KNDO အဖွဲ့များသည် သာမန်စစ်သည် မိသားစုများကို စိတ်ဝင်စားခြင်း မရှိဘဲ ၎င်းတို့အား နည်းမျိုးမျိုးဖြင့် တိုက်ခိုက်ခဲ့သော မချစ်ပိုကိုသာ သဲကြီးမဲကြီး လိုက်ရှာ နေခဲ့ကြခြင်း ဖြစ်လေသည်။
မချစ်ပိုကို စောဘစံက သူ၏အမြှောင်မယား မချစ်ပုနေအိမ်သို့ ဖမ်းဆီး၍ ခေါ်ဆောင်သွားလေသည်။ထိုအချိန်က မချစ်ပိုတွင် အံပ္ပွားရှိခြင်းကြောင့် ဓား သေနတ်ပြီးကာ သူမကိုယ်တိုင် သာမက နောက်က လိုက်ပါကြသူများသည်လည်း ကျည်ဆန် ထိမှန်ခြင်း မရှိဟု ယုံကြည်နေကြသည်။စောဘစံ၏ မယားမချစ်ပု၏ နေအိမ်သို့ ရောက်သည်နှင့် မချစ်ပိုကို ဖမ်းချုပ်ကာ သူမ၏ အံသွားများကို ဓားဖြင့် ကလန့်ထုတ်ကြလေသည်။မချစ်ပိုသည် အမှန်လည်း အံသွားအပို(အံပွား) ပါသူတစ်ဦးဖြစ်သည်။မချစ်ပိုသည် ဝှက်ယူလာသော ဓားတိုဖြင့် သွားကို နှုတ်နေသူအား ထိုးလေရာ သူပုန်နှစ်ဦး ဓားထိုးခံရကာ သေဆုံးလေတော့သည်။သူပုန်ဗိုလ် စောဘစံသည် မခံရပ်နိုင်ဖြစ်ကာ သေနတ်ဆွဲ၍ မချစ်ပိုအား တရစပ် ပစ်ခတ်လေရာ မချစ်ပိုမှာ လဲကျသွားလေတော့သည်။မချစ်ပိုသည် ဒဏ်ရာပြင်းထန်စွာ ရနေသော်လည်း အတန်ကြာသည်အထိ သေဆုံးခြင်း မရှိသဖြင့် အသက် ပြင်းသည်ဟု ပြောစမှတ်ပြုကြလေသည်။ထို့နောက် စောဘစံသည် မချစ်ပိုအား ရေတွင်းထဲသို့ ပစ်ချ လိုက်လေသည်။ အပေါ်မှ အုတ်ခဲကျိုးများ ပန်းအိုး ကွဲများ ပစ်ချလိုက်လေသည်။ဤသို့ဖြင့် မြန်မာအမျိုးသမီး သူရဲကောင်း မချစ်ပိုသည် (၈.၄.၄၉) ရက်နေ့၊ အသက်(၄၂)အရွယ်တွင် ကျဆုံး သွားရရှာလေသည်။မချစ်ပို ကျဆုံးသော နေ့ရက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ထိုစဉ်က တောင်မြောက် စစ်တိုင်းနှစ်ခုသာရှိ) လက်အောက်ခံ တပ်များက မန္တလေးမြို့အား ပြန်လည် သိမ်းပိုက်သော နေ့ ဖြစ်လေသည်။ထို့နောက် မချစ်ပိုသေဆုံးအပြီး (၃) ရက်ခန့် အကြာတွင် တပ်များ ပြန်လည်ရောက်ရှိလာပြီး မချစ်ပို၏ အလောင်းအား ပြန်လည် ဆယ်ယူကြရ လေသည်။မပုတ်မသိုး အကောင်းအတိုင်း ရသည်ဟု ဆိုသည်။ တချို့က မသေသေးဟု ဆိုပြန်သည်။(၁၆.၄.၄၉) ရက်နေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ မန္တလေး-မေမြို့ ကားလမ်းအား စစ်ဆေးရန် ရောက်ရှိ၍ လာသော ဗိုလ်မှူးကြင်နှင့် စစ်သည်များသည် မချစ်ပို၏ အလောင်းကို စစ်အခမ်းအနားဖြင့် ကောင်းမွန်စွာ သင်္ဂြိုလ်ခဲ့ကြလေသည်။မချစ်ပိုအတွက် အမိန့်စာအား ဦးထွန်းအုံမှ ဖတ်ကြားကြောင်း သိရှိရသည်။နိုင်ငံတော်အတွက် အသက်ကို ပဓနမထားပဲ သတ္တိ ပြောင်မြောက်စွာဖြင့် နောက်ဆုံးအချိန်ထိ ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့သော ``မချစ်ပို´´အား (၁၉၅၀)ပြည့်နှစ်၊ လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အစိုးရမှ သူရ´´ ဘွဲ့ တံဆိပ်တော်အား ချီးမြင့်ပေးအပ်ခဲ့သည်။ယနေ့အထိ မေမြို့ ရှိ မချစ်ပို၏ အုတ်ဂူလေးကို အစဉ်အဆက် ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြလေသည်။အမိမြေကိုချစ်သော အာဇာနည်အမျိုးသမီး သူရမချစ်ပို´´၏ အုတ်ဂူဖြူဖြူလေးကို ပြင်ဦးလွင်မြို့  ထုံးဘိုရပ်တွင် ယနေ့တိုင် တည်ရှိနေဆဲဖြစ်ပါသည်။မသိနားမလည်ကြသော လူအချို့က အုတ်ဂူသင်္ချိုင်းမှာမြို့ထဲ ရောက်နေသဖြင့် ပြောင်းရွေ့ပစ်သင့်သည်ဟု ယူဆနေကြပါသည် များစွာ သတိထားသင့်သည်။အမျိုးချစ်သူများက ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိသည်။သူရမချစ်ပို´´၏ အုတ်ဂူသည် သင်္ချိုင်းမဟုတ်သည်ကို သတိပြုပါ။မေမြို့ (ပြင်ဦးလွင်) တိုက်ပွဲတွင် မြန်မာ အမျိုးသမီးများ၏ စိတ်ဓါတ်ကိုပြ၍ ဂုဏ်ရောင်ကို ထွန်းလင်းစေသော စံအိမ်လေး တစ်ခုသာဖြစ်ပါသည်။သူရမချစ်ပို´´သည် ရုပ်ခန္ဓာ သေဆုံးသွားသော်လည်း စွမ်းရည်သတ္တိ မသေဆုံးသေးသော ထာဝရ အစဉ်အမြဲ ရှင်သန်နေမည့် မြန်မာအမျိုးကောင်းသမီး တစ်ဦးသည် ထိုအုတ်ဂူ စံအိမ်လေးထဲတွင် အေးငြိမ်းစွာလဲလျောင်း နေသည်သာဖြစ်သည်။ ရုပ်ထုအထိမ်းအမှတ် စိုက်ထူ အပ်သော မျိုးချစ် အာဇာနည် အမျိုးသမီးဖြစ်သည်။ဂုဏ်ယူလေးစားပါတယ် မချစ်ပို....