မြန်မ့ာသမိုင်းအကြောင်း မဟုတ်ပေမယ့် ဗဟုသုတအဖြစ်တင်ပေးခြင်းသာ ဖြစ်ပါသည် စိတ်ဝင်စားမှသာ ဖက်ကြပါ ၁၉၄၀ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ တပ်ရင်းကြီး ၁၀၀ ထိုးစစ်သည် တရုတ်ပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။ အဆိုပါထိုးစစ်ကို တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားတော်လှန်ရေး တပ်မတော်၏ တပ်မမှူး ဖန်းတဲ့ဟွိုင်က ဦးဆောင်ပြီး ဂျပန်တပ်မတော်ကို အထိနာအောင် တိုက်ထုတ်နိုင်ခဲ့သည်။ ပိုင်ထွမ်တကျန့်သည် တရုတ်-ဂျပန်စစ်ပွဲအတွင်း ကွန်မြူနစ်တို့ အဓိကတိုက်ပွဲဝင်ခဲ့သည့် တိုက်ပွဲကြီး ၂ ခုထဲမှ တစ်ခုဖြစ်သည်။ ထိုတိုက်ပွဲကို ဦးဆောင်ခဲ့သူ တပ်မမှူး ဖန်းတဲ့ဟွိုင်မှာ (နောက်ပိုင်း ဒုတိယ တပ်တော်မှူး) ယဉ်ကျေးမှုတော်လှန်ရေး ကာလအတွင်း ရန်သူကို မိမိ၏ အင်အားသိအောင် ကြံစည်မှု၊ အပြတ်ရှင်း ၃ မျိုးကို စတင်အောင် လှုံဆော်ခဲ့သူ စသည်ဖြင့် စွဲချက်အမျိုးမျိုးတင်ကာ လူပုံအလယ်တွင် အပုပ်ချခံခဲ့ရသည်။ဂျပန်တို့ တရုတ်ပြည်ကို စတင်ကျူးကျော်လာသည့်အခါ ကူမင်တန်-ကွန်မြူနစ် ၂ ပါတီသည် မတူညီသည့် မူဝါဒများကို ဘေးချပြီး လက်တွဲခဲ့ကြသည်။ ထို့နောက် ကူမင်တန်နှင့် ကွန်မြူနစ် စစ်တပ်များပူးပေါင်းပြီး တရုတ်အမျိုးသား တော်လှန်ရေး တပ်မတော်အဖြစ် ဖွဲ့စည်းကာ ဂျပန်တို့ကို ရင်ဆိုင်တိုက်ထုတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဟော်ပေနှင့် စန်းတုန်းပြည်နယ်များတွင် ကွန်မြူနစ် ပြောက်ကျားတပ်များနှင့် ဂျပန်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထိုအချိန် ကွန်မြူနစ်ပါတီခေါင်းဆောင် မော်စီတုန်းက ဂျပန်ကို ရင်ဆိုင်တိုက်ခိုက်ခြင်း မပြုပဲ ပြောက်ကျားနည်းဖြင့်သာ ချေမှုန်းရန် ကြေညာထားသည်။ အကယ်၍ ဂျပန်ကို စစ်နိုင်ပါက ကူမင်တန်များနှင့် ပြန်လည်တိုက်ခိုက်ရအုံးမည်။ စစ်အင်အားကို ခြွေတာရန် လိုအပ်သည်။ ဂျပန်နှင့် ချန်ကေရှိတ်ကို ချခိုင်းထားပြီး ကွန်မြူနစ်က တဖက်မှ အင်အားကို စုဆောင်းမည်။ ခြေကုပ်နယ်မြေများ လွတ်မသွားစေရန်သာ ပြောက်ကျားနည်းဖြင့် ဂျပန်ကို ချေမှုန်းမည်ဟု ဆိုသည်။ မော်စီတုန်းက "ပထမရန်သူကို ဒုတိယရန်သူနဲ့ တိုက်ခိုင်းထားပြီး ငါတို့က လူအင်အား စုဆောင်းရမယ်။ ငါတို့ ရန်သူတွေ လက်ပန်းကျလာတော့မှ ပထမရန်သူကို ဒုတိယရန်သူနဲ့ ပူးပေါင်းတိုက်ထုတ်မယ်။ တပ်ရင်းကြီး ၁၀၀ ထိုးစစ် (၁၉၄၀ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ)ပါဝင်ကြသည့်တပ်များ တရုတ်ကွန်မြူနစ် အမျိုးသားတော်လှန်ရေးတပ်မတော် အမှတ် ၈ ခြေလျင်တပ်တော် ဒုတိယတပ်တော်မှူး ဖန်းတဲ့ဟွိုင် အမှတ် ၁၂၉ တပ်မ၏ လက်အောက်ခံတပ်ရင်းကြီး ၄၇ ရင်း အမှတ် ၁၂၀ တပ်မ၏ လက်အောက်ခံတပ်ရင်းကြီး ၂၂ ရင်း အမှတ် ၁၁၅ တပ်မ၏ လက်အောက်ခံတပ်ရင်းကြီး ၄၆ ရင်း စုစုပေါင်း တပ်ရင်းကြီး ၁၁၅ ရင်းဖြင့် ထိုးစစ်ဆင်ခဲ့သည်။ အစပိုင်းတွင် တပ်ရင်းကြီး ၂၂ ရင်း လူအင်အား ၇၀၀၀၀ ခန့်ဖြင့် ဂျပန်ကို ခုခံတိုက်ခိုက်ခဲ့သည်။ နောက်ပိုင်းတွင် တပ်ရင်းပေါင်း ၁၀၀ ကျော်သည်အထိ ထပ်မံအင်အား ဖြည့်တင်းပြီး အပြီးတိုင် ထိုးစစ်ဆင်တိုက်ခဲ့သည်။ တပ်ရင်းကြီး ၁၁၅ ရင်း လူအင်အား ၃ သိန်းကျော် ၄ သိန်းနီးပါး ရှိသည်။ အရေအတွက်ကို အတိအကျ မဖော်ပြခဲ့ပေ။
အဲ့ဒီလိုနဲ့ဂျပန်တော်ဝင်တပ်မတော် တရုတ်ပြည်မြောက်ပိုင်းစစ်ဒေသ ဂျပန်တပ်တော် ဒုတိယဗိုလ်ချူပ်ကြီး ဟာရာအိုတာဒါ အမှတ် ၁၅ ပူးပေါင်းတပ်မဟာ၊ အမှတ် ၂၇ တပ်မ၊ အမှတ် ၇ ပူးပေါင်းတပ်မဟာ၊ အမှတ် ၁၁၀ တပ်မ၊ အမှတ် ၈ ပူးပေါင်းတပ်မဟာ၊ အမှတ် ၁ ပူးပေါင်းတပ်မဟာ ဂျပန်လက်အောက်ခံ မွန်ဂိုစစ်ဒေသတပ်မတော် အမှတ် ၂၆ တပ်မ၊ အမှတ် ၂ ပူးပေါင်းတပ်မဟာ စန်းရှီစစ်ဒေသ အမှတ် ၁ တပ်တော် အမှတ် ၃၆ တပ်မ၊ အမှတ် ၃ ပူးပေါင်းတပ်မဟာ၊ အမှတ် ၄ ပူးပေါင်းတပ်မဟာ၊ အမှတ် ၉ ပူးပေါင်းတပ်မဟာ၊ အမှတ် ၄၁ တပ်မ နှင့် သစ္စာဖောက်တချို့ ဂျပန်တပ်များတွင် ပူးပေါင်းပါဝင်ကြသည်။ ဂျပန်တပ်မတော် စစ်အင်အား ၂၇၀၀၀၀ ကျော်ရှိပြီး ဂျပန်လက်အောက်ခံနိုင်ငံများမှ စစ်အင်အား ၁၅၀၀၀၀ ပါဝင်တိုက်ခိုက်ခဲ့သည်။၁၉၃၉ ခုနှစ်တွင် တရုတ်မြောက်ပိုင်းစစ်ဒေသရှိ ဂျပန်တပ်တော်က ကွန်မြူနစ်စစ်အင်အားသည် ၈၈၀၀၀ ခန့်သာ ရှိကြောင်း ခန့်မှန်းခြေ ကောက်ချက်ခဲ့သည်။ ၂ နှစ်ခန့်ကြာသော် ကွန်မြူနစ် တပ်မတော်၏ စစ်အင်အားမှာ ၁၄၀၀၀၀ ခန့်သာ ရှိနိုင်ကြောင်း ခန့်မှန်းခဲ့သည်။ သို့သော် ကွန်မြူနစ်တပ်များနှင့် ရင်ဆိုင်တိုက်ခိုက်သည့်အခါကျမှ တကယ်တမ်းရှိသည့် စစ်အင်အားသည် ခန့်မှန်ခြေထက် များပြားနေကြောင်း သိရတော့သည်။ ကွန်မြူနစ်ပါတီ၏ အမှတ် ၈ ခြေလျင်တပ်တော်ကို ဦးဆောင်ရသည့် မာရှယ် ကျူးတဲ့ လက်ျအာက်ရှိ တပ်ရင်းကြီး ၁၁၅ ရင်း လူအင်အား ၄ သိန်းခန့် ရှိသည်ကို ဂျပန်နှင့် ချန်ကေရှိတ် မသိအောင် လျှို့ဝှက်ထားနိုင်ခဲ့သည်။ ၁၉၄၀ ခုနှစ်တွင် ကျူးတဲ့သည် လက်အောက်ခံတပ်မများမှ တပ်ရင်းကြီး တချို့ကိုသာ ထုတ်နုတ်ပြီး ဂျပန်ကို ပြောက်ကျားစနစ်ဖြင့် ခြေမှုန်းစေသည်။ ကွန်မြူနစ်တပ်များသည် ပြောက်ငျားစနစ်ဖြင့် ဂျပန်တို့၏ ထောက်ပံ့ရေး မီးရထားလမ်းကြောင်းများကိုသာ ဖျက်ဆီးခဲ့ကြသည်။ တိုက်ပွဲအစပိုင်းတွင် ကွန်မြူနစ်ခြေကုပ်ဒေသကို ဂျပန်တပ်များ စစ်ဆင်ရန် ကြိုးပမ်းနေသည်ဟု သတင်းရရှိခဲ့သဖြင့် ကွန်မြူနစ်ခြေကုပ်ဒေသစခန်းမျာနှင့် နီးကပ်သည့် မီးရထားလမ်းကို အရင်ဦးစွာ ဖြတ်တောက်ပစ်ခဲ့သည်။ ဟော်ပေပြည်နယ်ရှိ တဲ့ကျူိးနှင့် စစ့်ကျားကျွမ်းကို ဆက်သွယ်ထားသည့် မီးရထားလမ်း၊ စန်းရှီးပြည်နယ်ဗဟိုရှိ ထိုက်ယွမ်နှင့် စစ့်ကျားကျွမ်းကို ဆက်သွယ်ထားသည့် မီးရထားလမ်း၊ စန်းရှီးပြည်နယ် မြောက်ဘက်ရှိ တထုန်းနှင့် ထိုက်ယွမ်ကို ဆက်သွယ်ထားသည့် မီးရထားလမ်းများကို ဖျက်ဆီးပစ်ခဲ့သဖြင့် ဂျပန်တို့ ထိုးစစ်ဆင်ရန် အခက်တွေ့သွားသည်။ ထို့ကြောင့် ဂျပန်တပ်များသည် ကွန်မြူနစ် ခြေကုပ်ဒေသကို အကြိမ်ကြမ် ထိုးစစ်ဆင်ခဲ့ပြီး တိုက်ပွဲငယ် ၁၀၉ ပွဲ၊ ထိတွေ့မှုအကြိမ် ၁၀၀၀ ကျော်၊ တိုက်ပွဲကြီး ၁၀ ပွဲဖြင့် ထိုးစစ်ဆင်ခဲ့ပြီးနောက် ကွန်မြူနစ် ပြောက်ကျားတပ်သား ၁၀၀၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့သည်။ ထိုအခါ ကွန်မြူနစ်ပါတီ ဗဟိုက သြဂုတ် ၂၀ ရက်နေ့တွင် မြောက်ပိုင်းရှိ ဂျပန်ခြေမှုန်းရေး တိုက်ပွဲ စတင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ကာ စက်တင်ဘာ ၁၀ ရက်နေ့အထိ ကွန်မြူနစ်တပ်များသည် ဂျပန်တို့၏ ထောက်ပံ့ရေး လမ်းကြောင်းများကို ဖြတ်တောက်တိုက်ခိုက်ပြီး မီးရထားလမ်းများကို ဖျက်ဆီးပစ်ခဲ့သည်။ တိုက်ပွဲစတင်သည်နှင့် ဒုတပ်တော်မှူး ဖန်းတဲ့ဟွိုင်က တပ်ရင်းကြီး ၂၀ ကို ထုတ်နုတ်ပြီး တန်ပြန်ထိုးစစ် ဆင်နွှဲခဲ့သည်။ သြဂုတ်လ ၂၂ ရက်နေ့တွင် တပ်တော်မှူး ကျူးတဲ့ကို အသိမပေးပဲ တပ်ရင်းကြီး ၈၀ ကျော်ကို ခေါ်ထုတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
နောက်ပိုင်းတွင်ဖန်းတဲ့ဟွိုင်သည် နောက်ပိုင်းတွင် တဖြည်းဖြည်း တပ်ရင်းကြီးများကို ထပ်မံဖြည့်တင်းပြီး ထိုးစစ်ဆင်စေရာ ဂျပန်နှင့် ချန်ကေရှိတ်တို့ပင် ကွန်မြူနစ်တပ်၏ စစ်အင်အားကို အံ့သြသွားခဲ့ရသည်။ ဖန်းတဲ့ဟွိုင်က အရင်ဦးစွာ ထောက်ပံ့ရေးခက်ခဲစေရန် တံတားများနှင့် ဥမင်လိုဏ်ခေါင်းများကို ဖြိုချပြီး ရထားလမ်းများကို ဖြုတ်ယူသွားသည်။ ပြီးမှ ဂျပန်ရှေ့တန်း အစောင့်တပ်များကို တိုက်ခိုက်သိမ်းယူသည်။ စက်တင်ဘာလအထိ မီးရထားလမ်း အရှည် မိုင် ၆၀၀ နီးပါးကို သုံးမရအောင် ဖျက်ဆီးပစ်နိုင်ခဲ့သည်။ ဂျပန်စစ်လက်နက်ထုတ်စက်ရုံများ အခက်တွေ့စေရန် ကျောက်မီးသွေးတွင်းများကို သိမ်းယူပြီး ဓာတ်အားပေးစက်ရုံများကို ဖျက်ဆီးပစ်ခဲ့သည်။ ထို့ကြောင့် ဂျပန်တပ်များ ထောက်ပံ့ရေးအတွက် အခက်တွေ့ခဲ့ပြီး စက်ရုံများမှာလဲ မလည်ပတ်နိုင်တော့သည့်အတွက် များစွာ အထိနာခဲ့ရသည်။ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ဂျပန်တပ်များ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မီးရထားလမ်းများကို ထိန်းချူပ်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ဖန်းတဲ့ဟွိုင်ကလဲ ဂျပန်တို့ကို တပ်ရင်းကြီး ၁၀၀ ကျော် အသုံးပြုကာ အပြင်းအထန် တိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်သည်ကို မော်စီတုန်းက သဘောမကျပေ။ ပထမအချက်မှာ စစ်အင်အားကို မဖြုန်းတီးလိုခြင်း ဖြစ်သည်။ သို့မဟုတ်ပါက စစ်ကြီးပြီးသည်နှင့် ချန်ကေရှိတ်အား ရင်ဆိုင်ရန် အခက်တွေ့ပေလိမ့်မည်။ ဒုတိယအချက်မှာ စစ်အင်အားကို ရန်သူတို့အား အသိမပေးလိုပေ။ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မော်စီတုန်းက ဖန်းတဲ့ဟွိုင်ကို "ထိုးစစ်နဲ့ တိုက်ခိုက်ကြောင်း ကြေညာမနေနဲ့။ တကယ်လို့ ချန်ကေရှိတ်သာ စစ်အင်အားကို သိသွားခဲ့ရင် ကွန်မြူနစ်ဆန့်ကျင်ရေးဘက်ကို လှည့်လာလိမ့်မယ်။" ဟု သတိပေးခဲ့သည်။ ဖန်းတဲ့ဟွိုင်လဲ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထိုးစစ်ဆင်ခြင်းကို ရပ်တန့်ခဲ့သည်။ ဂျပန်တပ်များသည် ထိုးစစ်ရပ်တန့်သွားသည်နှင့် တပ်များကို ပြန်လည်စုဖွဲ့ပြီး မီးရထားလမ်းနှင့် ထောက်ပံ့ရေးစခန်းများကို အခိုင်အမာ ပြန်လည်တည်ဆောက်သည်။ ဂျပန်တပ်များအနီးတွင် ခိုအောင်းနေသော ကွန်မြူနစ်ပြောက်ကျားများကို အပြတ်ရှင်း ၃ မျိုးဖြင့် လိုက်လံရှင်းထုတ်သည်။ တပ်ရင်းကြီး ၁၀၀ ထိုးစစ်သည် တရုတ်ကွန်မြူနစ်တို့ အောင်ပွဲကြီးတစ်ခု ဖြစ်ခဲ့သော်လည်း ယဉ်ကျေးမှုတော်လှန်ရေးအတွင်း ဖန်းတဲ့ဟွိုင်မှာ လူပုံအလယ်တွင် မျိုးစုံရှုံ့ချခြင်း ခံခဲ့ရသည်။ ဂျပန်တပ်များ အတော်ပင် အထိနာခဲ့ပြီး အနောက်နိုင်ငံမှ မှတ်တမ်းများအရ ဂျပန်တပ်သား ၂၁၀၀၀ နီးပါး ကျဆုံးပြီး ဂျပန်တို့၏ လက်အောက်ခံတပ်များမှ တပ်သား ၂၀၀၀၀ ကျော် ကျဆုံးခဲ့သည်။ တရုတ်မှတ်တမ်းများတွင် ဂျပန်တပ်သား ၅၀၀၀၀ နီးပါး ကျဆုံးခဲ့ပြီး မီးရထားလမ်းအရှည် မိုင် ၆၀၀ ခန့်ကို ဖျက်ဆီးနိုင်ခဲ့သည်။ မော်တော်ကားလမ်းများကိုပါ မိုင်းထောင်ဖျက်ဆီးခဲ့ပြီး တံတား ၂၁၃ စင်း၊ လိုဏ်ခေါင်း ၁၁ ခုနှင့် မီးရထားဘူတာရုံ ၃၇ ရုံကို ဖျက်ဆီးနိုင်ခဲ့သည်။ ကျင့်ရှင်း ကျောက်မီးသွေးတွင်းကိုလဲ ၆ လကျော် ပိတ်ပစ်ခဲ့ရသည်။
ဒါပေမယ့်တပ်ရင်းကြီး ၁၀၀ ထိုးစစ်အပြီး ဂျပန်စစ်ဗိုလ်ချူပ်ကြီး ယာဆုဂျီ အိုကာမူရာကို ၁၉၄၁ ခုနှစ်တွင် တရုတ်မြောက်ပိုင်း စစ်ဒေသ၏ တပ်တော်မှူးအဖြစ် ခန့်အပ်ခဲ့သည်။ တိုက်ပွဲအတွင်း ပြောက်ကျားတပ်များကြောင့် အထိနာခဲ့သည့် ဂျပန်တပ်သည် မြေလှန်စနစ်ကျင့်သုံးပြီး တောရွာများကို မီးရှို့ဖျက်ဆီးကြသည်။ သို့သော်လည်း ဂျပန်ဆန့်ကျင်ရေး ပိုမိုအားကောင်းလာခဲ့ပြီး တောရွာများကို အခြေပြုသည့် ကွန်မြူနစ် တပ်သားများသည် ဂျပန်တို့ကို ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ကြသည်။ ထိုအခါ ဂျပန်တို့သည် တရုတ်လို စန်းကွမ်းကျန့်စဲ့၊ ဂျပန်လို စန်းကိုးဆာကူဆန် ဟု ခေါ်ဆိုသည့် အပြတ်ရှင်း ၃ ချက်ဖြင့် လုပ်ဆောင်ခဲ့သည်။ အကုန်သတ်၊အကုန်မီးရှို့၊ အကုန်လုယက် ဟုဆိုကာ တရုတ်ပြည်မြောက်ပိုင်းရှိ တောရွာများကို မီးရှို့ဖျက်ဆီးကြသည်။ ယောကျာ်းမှန်လျှင် လူငယ်၊ လူကြီးနှင့် မွေးကင်းစကလေးပါ မကျန် အကုန်သတ်ဖြတ်ကြသည်။ ရွာများကို မီးရှို့ဖျက်ဆီးပြီး ပစ္စည်းတို့ကို လုယက်ကြသည်။ အမျိုးသမီးများကို မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့ကြသည်။ ထို့ကြောင့် စစ်ကြီးပြီးဆုံးသည်နှင့် ဂျပန်စစ်ဗိုလ်ချူပ်ကြီးများနှင့် စစ်ရာဇဝတ် ကျူးလွန်သူများကို ဖမ်းဆီးပြီး သေဒဏ်ပေးခဲ့သည်။ ထိုးစစ်အပြီးတွင် ကွန်မြူနစ်တပ်များသည် ပြောက်ကျားစနစ်ဖြင့်သာ ဂျပန်တို့ကို ခုခံတိုက်ခိုက်ကြသည်။ ချန်ကေရှိတ်သည်လဲ ကွန်မြူနစ်တို့၏ အင်အားကို သိသွားသည့်အတွက် စစ်ကြီးပြီးခါနီးတွင် လက်နက်ခဲယမ်းများကို အလျင်အမြန် စုဆောင်းသည်။ လက်နက်ခဲယမ်း ပြန်လည်စုဆောင်းနေချိန်တွင် ကွန်မြူနစ်တို့ကို ချူံချင်းမြို့တွင် ခေါ်ယူတွေ့ဆုံကာ နိုင်ငံရေးအရ ဆွေးနွေးရန် ကြိုးစားခဲ့သည်။စစ်ပွဲအတွင်း မော်စီတုန်းက လင်ပြောင်ကို "ဂျပန်ကို နယ်မြေများများပိုင်ဆိုင်အောင် ခွင့်ပြုလိုက်တာက နိုင်ငံကို ချစ်ပြဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ မဟုတ်ရင် ချန်ကေရှိတ်ကို ချစ်တဲ့နိုင်ငံ ဖြစ်လာလိမ့်မယ်။" ဟု ပြောခဲ့သည်။ ထိုစကားအရကော သမိုင်းမှတ်တမ်းများအရပါ ဂျပန်ကို ဒိုင်ခံ ခုခံတိုက်ခိုက်ခဲ့သူမှာ ချန်ကေရှိတ်သာ ဖြစ်သည်။ ချန်ကေရှိတ်သည် ရှန်ဟိုင်းတိုက်ပွဲ တစ်ပွဲတည်းဖြင့် ကူမင်တန်တပ်သား ၂ သိန်းခွဲခန့် ကျဆုံးခဲ့ရသည်ကို ကြည့်ပါ တရုတ်-ဂျပန် စစ်ပွဲအတွင်း မည်မျှအထိနာခဲ့သည်ကို မှန်းဆနိုင်မည် ဖြစ်သည်။အခုလိုဝင်ရောက် ဖက်ရှု့အားပေးကြသော သူငယ်ချင်းအပေါင်း မင်္ဂလာအပေါင်းနဲ့ ကြည့်စုံကြပါစေ စုမွန်ကောင်း တောင်းလိုက်ပါသည်။