သူတစ်ပါးအား အလင်းပြသူ၏ တန်ပြန်အကျိုး
🌔🌱🌱🌱🌱🌱🌱🌱🌱🌱🌔
ဗုဒ္ဓဘုရားရှင်လက်ထက်က သာဝတ္ထိပြည်ရှိ အနာထပိဏ်သူဌေးကြီးထံတွင် ရေခပ်ရေသယ် အိမ်ကျွန်ပေါင်း ၉၉ ယောက်ရှိ၏။ ၎င်းတို့သည် အမျိုးအနွယ်စုအားဖြင့် သီးသန့်နေကြ၏။
တစ်နေ့တွင် ၉၉ ယောက်သော မိသားစုထဲမှ ကျွန်အမျိုးသမီးကလေးတစ်ဦး မွေးဖွား၏။ မိသားစုများမှာ တအံ့တသြ လာရောက်ကြည့်ရှူကြ၏။ အကြောင်းမှာ ၉၉ ယောက်သော ဦးရေသည် ယနေ့ ၁၀၀ ပြည့်သူဆိုပြီး အထူးအဆန်း လာကြည့်ကြခြင်းပင်ဖြစ်သည်။
တို့အမျိုးစု တစ်ရာပြည့်လေပြီးဟူသော အာမေဍိတ်သံနဲ့အတူ "ပုဏ္ဏိကာ ..ပုဏ္ဏိကာ " ဟူသော အသံတွေ ထွက်ဆူကြသဖြင့် သမီးငယ်အမည်ကို "ပုဏ္ဏိကာ "ဟု ခေါ်ဆိုကြလေသည်။ မြန်မာလိုအားဖြင့် ပြည့်သွားခြင်း , လိုနေသည်ကို ဖြည့်လိုက်ခြင်းဟု အဓိပ္ပါယ်ပင်။
ပုဏ္ဏိကာ အရွယ်ရောက်သောအခါ မိဘများအတိုင်း အနာထပိဏ် သူဋ္ဌေးအိမ်တွင် ရေခပ်ရေသယ် အလုပ် လုပ်ရ၏။ အနာထပိဏ် သူဋ္ဌေးအိမ်တွင် ကျွန်လုပ်ရခြင်းသည် ပုဏ္ဏိကာအဖို့ ပို၍ကံကောင်း၏။ အဘယ့်ကြောင့်ဆိုသော် အရိယာသူတော်စင်များ အမြဲတမ်းဝင်ထွက် သွားလာနေသောကြောင့်ပင်ဖြစ်၏။
ဤသို့ ရေခပ် ရေသယ်လုပ်ရင်းဖြင့် မြတ်စွာဘုရား၏ တရားတော်များအား လိုက်နာကျင့်သုံး၏။ အလုပ်တစ်ဖက်နှင့်ပင် သောတာပန်တည်သွားလေ၏။ အလုပ်မအား၍ တရားအားမထုတ်နိုင်သူများအတွက် ပုဏ္ဏိကာမလေးကို အားကျအတုယူသင့်ပေသည်။
တစ်နေ့တွင် ပုဏ္ဏိကာသည် ဆောင်းတွင်း နံနက်ခင်း၌ မြစ်ဆိပ်သွားပြီး ရေခပ်၏။ မြစ်ဆိပ်ရောက်လျှင် ပုဏ္ဏားတစ်ဦးရေချိုးနေသည်ကို တွေ့လေသည်။ ဆောင်းတွင်းကလည်းဖြစ်၊ မြစ်ရေကလည်း အေး၏။ ပုဏ္ဏိကာ၏ မေးရိုက်သံလည်း ကြားနေရ၏။
ဤအချင်းအရာကို တွေ့သော ပုဏ္ဏိကာသည် အံသြသွားပြီး ရေချိုးနေသည့် ပုဏ္ဏားအား
"အို...ပုဏ္ဏား..ချမ်းအေးလှတဲ့ နံနက်ခင်းမှာ အဘယ်ကြောင့် ရေချိုးနေရသနည်း။ အကျွန်ုပ်ကတော့ အနာထပိဏ် သူဋ္ဌေးကြီးရဲ့ ကျွန်တစ်ယောက်ဖြစ်လို့ ရေလာခပ်တာပါ။ ရေမခပ်လျှင် အရှင်သခင်က ငေါက်ငမ်းပြောဆိုမှာ ကြောက်ရပါတယ်။ ပုဏ္ဏားကြီးလည်း ကြောက်စရာရှိလို့ ရေဆင်းချိုးနေတာလား"
ပုဏ္ဏိကာ စကားကိုကြားသောအခါ ပုဏ္ဏားကြီးလည်း ဒေါသထွက်ပြီး
"ဟဲ့...သူငယ်မ အသိဥာဏ်နည်းလှချည်းလား၊ ပုဏ္ဏားတို့ရဲ့ခေါင်းဆောင် ဂိုဏ်းဆရာကြီးဖြစ်တဲ့ ငါ့ကိုတောင် မသိဘူးလား။ မကောင်းမှု အကုသိုလ်ပပျောက်အောင် ရေချိုးခြင်း အကျင့်မြတ်ကို ကျင့်နေတာ မှတ်ထား။
ကောင်မလေး အကုသိုလ် ဒုစရိုက်မှုတွေဟာ တခါတည်း သန့်ရှင်းသွားလိမ့်မယ်။ ဘယ်သူမဆို မကောင်းမှု ဒုစရိုက်တွေ ကင်းပျောက်အောင် ဒီနည်းလမ်းကို ကောင်းကောင်းမှတ်ထားရမယ်။
ပုဏ္ဏိကာက
"အို...ပုဏ္ဏား.. ရေချိုးလျှင် မကောင်းမှု ပပျောက်သည်ဟု သင့်အား မည်သူကပြောလေသနည်း"
ပုဏ္ဏားလည်း အောင့်သက်သက် ဖြစ်သွား၏။ အသက်ကြီးသော လူတစ်ယောက်ကို အသက်ငယ်သော လူတစ်ယောက်က ဝေဖန်လျှင် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လက်ခံသူနည်းသည်မှာ ဓမ္မတာပင်ဖြစ်၏။
"ရှေးရှေးက ဆရာ့ဆရာကြီးများ ပြောကြားခဲ့သော အကျင့်လမ်းဆိုတာ သင်မသိလေဘူးလား'"
ဒါဆို ပုဏ္ဏားကြီး ငါးတို့ လိပ်တို့ မိကျောင်းတို့ ရေမှာနေတာမဟုတ်ဘူးလား"
"ဟုတ်ပါတယ် ပုဏ္ဏိကာ "
"သေချာ စဉ်းစားကြည့်စမ်းပါ ပုဏ္ဏားကြီး, ခဏလေး ရေချိုးရုံမျှဖြင့် အကုသိုလ်တွေ စင်ကြယ်ပြီး ကုသိုလ်တရားတွေ အမြဲရမည်ဆိုလျှင် ရေ၌နေသော ငါး လိပ် မိကျောင်းတွေဟာ နတ်ပြည်ရောက်ကုန်မှာပေါ့" ပုဏ္ဏိကာ၏ စကားကိုကြားပြီး ပုဏ္ဏားကြီး တွေဝေသွား၏။
"ပုဏ္ဏား...သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲ သူသည်၎င်း၊ လုယက်တိုက်ခိုက် ဖျက်စီးတတ်သော သူခိုးဓားပြ လူဆိုတို့သည်၎င်း၊ ရေချိုးလျှင် အပြစ်မှ လွတ်ကြသလား။
ရေချိုးခြင်းကောင်းမှုကြောင့် ထို သူခိုးလူဆိုးတို့သည် နတ်ရွာနိဗ္ဗာန်သို့ ရောက်ကြလေရော့သလား"
ပုဏ္ဏိကာ၏ စကားတို့သည် ပုဏ္ဏားကြီးအတွက် မကြားဖူးသော စကားများဖြစ်သလို တွေးကြည့်ပါက မှန်ကန်နေ၏။
"ပုဏ္ဏားကြီး သင်ပြောသည့်အတိုင်းဆို ရေဟာ မကောင်းမှုတစ်ခုထဲကို မျောနိုင်သည်မဟုတ်။ ကောင်းမှုကိုလည်း မျောနိုင်၏။ သင့်ရဲ့လက်ကို မြစ်ရေစီးထဲချထားပါက အသင့်ရဲ့လက်မှာအမှိုက်သရိုက် ရှိနေသည်ဖြစ်က မြစ်ရေစီးသည် မည်သည့်အရာကို မျှောယူထားလေမည်နည်း။ အကယ်၍ သင့်ရဲ့လက်မှာ အမွှေးနံ့သာ လိမ်းခြယ်ထားသည်ဖြစ်က မြစ်ရေက မည်သည့်အရာကို မျှောယူသွားမည်နည်း။
ပုဏ္ဏိကာ၏ စကားများသည် ပုဏ္ဏားကြီးအတွက် အဖြေခက်လေသောအရာများသာ။ ကောင်းမှု မကောင်းမှုတည်းဟူသော အကြောင်းတရားတို့ကို ရေ၌မျှော၍မရမှန်း ပုဏ္ဏားကြီး မသိချေ။
ဆင်းရဲခြင်းကို ကြောက်ရွံသော် ရေ၌ခိုက်တုန်အောင် အဆင်းရဲခံခြင်းဖြင့် မလွတ်မြောက်နိုင်ပဲ ဆင်းရဲစေတတ်သော အကုသိုလ်ကို ရှောင်ကြဉ်ခြင်းဖြင့်သာ လွတ်မြောက်နိုင်ပေမည်။
ပုဏ္ဏိကာ၏ စကားသံအဆုံးတွင် ပုဏ္ဏားကြီးသည် အသိဥာဏ်လင်းလက် တောက်ပသွား၏။ အနှစ်နှစ် အလလက ယူလာခဲ့သော အယူအမှားများ အစွဲများပျောက်သွားကာ
"အို.....ရှင်မ ပုဏ္ဏိကာ သင့်အားကျေးဇူးဆပ်လိုပါ၏။
ဤပုဆိုးကို သင့်အား ဆရာစားပြု၍ ပေးလှူ ပါသည်။
လက်ခံယူပါလော့ ပုဏ္ဏိကာ "
ပုဏ္ဏားကြီးက သူ၏ပုဆိုးကို ပုဏ္ဏိကာထံ ပေးလှူ ပါသော်လည်း ပုဏ္ဏိကာက
"ဆင်းရဲခြင်းအပေါင်းမှ လွတ်မြောလိုသော် မြတ်စွာဘုရားကို ဆည်းကပ်ပါလော့"
"တရားကို ဆည်းကပ်ပါလော့"
"သံဃာကို ဆည်းကပ်ပါလော့"
"သီလကို တည်ဆောက်၍ တရားမြတ်ကို ကျင့်သုံးအားထုတ်ပါလော့"
ပုဏ္ဏားကြီးသည် မြတ်စွာဘုရားထံ ချဉ်းကပ်ရဟန်းပြုလေသည်။ တရားအားထုတ်ရာ မကြာမီပင် ရဟန္တာဖြစ်လေသည်။ အတုယူ အားကျစရာပင်။
သူတစ်ပါးအား အလင်းပြသူသည် တန်းပြန်အလင်းရရှိသကဲ့သို့ ပုဏ္ဏားကြီးအား ကျွန်မကလေးပုဏ္ဏိကာက တရားဟောလိုက်သဖြင့် အစွဲကျွတ်သွားပြီးဟူသော သတင်းသည် သာဝတ္ထိမြို့တွင် ပျံ့နှံသွား၏။ ကျွန်ပိုင်ရှင်များသည် ပုဏ္ဏိကာအား ကျွန်အဖြစ်မှ အပြီးအပိုင် လွှတ်ပေးလိုက်၏။
ကျွန်အဖြစ်မှ လွတ်မြောက်ခွင့်ရသွားသော ပုဏ္ဏိကာသည် ဘိက္ခုနီမ ကျောင်းသို့သွားပြီး ရဟန်းမအဖြစ် ပြု၏။ ၀ိပဿ နာတရား အားထုတ်ရာ မကြာမီပင် ပုဏ္ဏိကာ ရဟန္တာ ထေရီမကြီး ဖြစ်သွားလေသည်။
ဤအကြောင်းအရာအား လေ့လာခြင်းဖြင့် တစ်ပါးသူအား လောကီအကျိုး (သို့) လောကုတ္တရာအကျိုး ဆောင်ကြဉ်းပေးသူ, အလင်းပြပေးသူ, ဒုက္ခရောက်သူအား ရှောင်ကြဉ်းပေးသူတို့သည် လောကနိယာမအရ တန်ပြန်အကျိုးများ တစ်နေ့နေ့ တချိန်ချိန်တွင် ခံစားရည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။
🌱 မေတ္တာဖြင့်
Credit by.