ပညာ ပေါက်ကွဲမှု
- itemကျွန်တော်တို့ ရှစ်တန်း နှင့်ကိုးတန်းနှစ်က သင်ခဲ့ရသော အင်္ဂလိပ်စာပြဋ္ဌာန်း စာအုပ်တစ်အုပ်ရှိသည်။ “ဗလာစည်နှင့် အခြားဝတ္တုတိုများ” “The Empty Drum and Other stories” ဖြစ်ပါသည်။ ရေးသူမှာ နှယ်နှယ်ရရ မဟုတ် ။ စာရေးဆရာအဖြစ်သာမက ဒဿနပညာရှင် အနေနှင့်ပါ လူသိများ ထင်ရှားသော လီယိုတော်စတွိုင်း ဖြစ်ပါသည်။ ဤစာအုပ်ထဲမှာ အရူးအိုင်ဗင် ဆိုသော ဝတ္တုတိုလေးကို ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် စွဲလန်းခဲ့ကြဖူးသည်။
အထူးသဖြင့် ဗီလိန်ဇာတ် ကောင်၊ နတ်မိစ္ဆာကြီး သေဆုံးသည့်အခန်းဆိုလျှင် အထပ်ထပ်ပြန်ဖတ်မိသည်။ ဦးနှောက်နှင့် အလုပ်လုပ်သည်ဆိုသော ထိုပုဂ္ဂိုလ်ကြီးမှာ မျှော်စင်ပေါ်မှလိမ့်ကျပြီး ဦးနှောက်တွေထွက်ကျကုန်သည်။ ဤသည်ကိုကြည့်ပြီး ကျွန်တော်တို့၏ ဇာတ်လိုက်ကျော် အိုင်ဗင်ပြောလိုက်သောစကား မှာ ကျွန်တော်တို့ ဟာဒယ နှင့်သွားတွေ့ တော့သည်။ ပညာရှိကြီး ပညာတွေခေါင်းနဲ့ မဆန့်တော့လို့ ပေါက်ကွဲထွက်ကုန်ပြီဟေ့ ဟူ၏။
ဝန်ခံရလျှင် ထိုတွေက ကျွန်တော်တို့တတွေမှာ မဟာအိုင်ဒီယာကြီးတစ်ခု၏ ညို့အားပြင်းပြင်းအောက်တွင် မိမိကိုယ်ကို
ကျေနပ်နေကြချိန်ဖြစ်သည်။ ထိုခေတ်၊ ထိုအခါက အဆိုပါအိုင်ဒီယာကြီးတွင် ပညာဆန့်ကျင်ရေး ၊ ပညာတတ်ဆန့်ကျင်ရေး လေထုက
အတော်အားကောင်းနေချိန်လည်းဖြစ်သည်။ သို့ပြင်ပညာကိုပင် ညှိုးသူရန်ဘက်လို အထင်ရောက်နေခဲ့ကြသော ကျွန်တော်တို့တတွေမှာ အရူးအိုင်ဗင်၏ ပညာတွေ ပေါက်ကွဲထွက်ကုန်ပြီ ဆိုသောစကားကို ပါးစပ်ဖျားမှ မချနိုင်အောင် ဖြစ်ကြတော့သည်။ စာကြိုးစားသော စာဂျပိုးကျောင်းသားတွေကို သရော်လှောင်ပြောင် ချင်တိုင်း ဤစကား ဖြင့်အားရပါးရ ထိုးနှက်တိုက်ခိုက်ခဲ့ကြသည်။
သည်လိုနှင့် နှစ်ပေါင်း သုံးဆယ်ကျော်မျှအကြာတွင် ပညာပေါက်ကွဲမှု ဆိုသောအသံကို နောက်တစ်ကြိမ် ကြားလိုက်ရပြန်သည်။ ဒီတစ်ခါကြား၇သော အသံတွင်မူ ထေ့ငေါ့ သရော်ဟန်မရှိ ။ တောရမ်းမယ်ဘွဲ့လည်းမဟုတ် ပညာရှင် စကားဝိုင်းမှ လွင့်လာသောအသံဖြစ်သည်။ သို့အတွက် စိတ်ဝင်တစား နားစွင့်လိုက် မိသည်။ ဘာလဲ ပညာပေါက်ကွဲမှု……………။
* item
photo crediy google