ချမ်းသာတဲ့ ကမ္ဘာကျော်လူတွေကပြောတယ်
ဆင်းရဲစွာ မွေးဖွားလာတာဟာ မင်းအပြစ်မဟုတ်
ဘူး။ ဆင်းရဲစွာ သေဆုံးခဲ့ရင် မင်းအပြစ်တဲ့...
ဆင်းရဲတဲ့ ကမ္ဘာကျော်လူတွေကပြောတယ်
စိမ်းခံပစ္စည်းတွေမရှိပဲ အသက်ရှင်နိုင်တာ
ဘုရားကို ကျေးဇူးတင်တယ်တဲ့...
ကျွန်တော်ကလည်း ကျွန်တော့်ဆန္ဒကို ပြောလိုက်
ပါတယ်။ လူပီသတဲ့လူတစ်ယောက်ပဲ ဖြစ်ချင်ပါတယ်
လို့လေ...
ချမ်းသာတဲ့ လူအဖြစ်လည်း မွေးဖွားမလာခဲ့ရသလို
ဆင်းရဲစွာလည်း မကြီးပြင်းခဲ့ရပါဘူး။ ဒါပေမဲ့
ပြီးပြည့်စုံသော ဘဝဆိုတာ မရှိမှန်းသိလိုက်ရတဲ့
အချိန်ကစပြီး လောဘ၊ ဒေါသ၊ မောဟတွေ လျော့
နည်းလာတာကိုတော့ ကိုယ့်ကိုယ်သတိထားမိတယ်။
ကျွန်တော့်မိဘများမှာ မချမ်းသာကြပေမဲ့ စျေးထဲ
မှာ ရှမ်းခေါက်ဆွဲဆိုင်ကလေးအရင်းပြုပြီး သားသမီး
၆ ယောက်ကို ဗိုက်ပြည့်ဝမ်းဝတဲ့အပြင် လူတန်းစေ့
အောင် ရှာဖွေကျွေးမွေးခဲ့တယ်။
အိမ်ကလေးက မိုးမလုံပေမဲ့ မေတ္တာတရားတွေနဲ့
နွေးထွေးလုံခြုံမှုရှိတယ်။ အိမ်ကလေးက ထရံကာ
ဆိုပေမဲ့ သားသမီးတွေအတွက် တခါးမရှိ၊ ဓားမရှိ
အချိန်မရွေး ခိုလှုံနားနေနိုင်တယ်။ အိမ်ကလေးက
လျှပ်စစ်မီးမရှိပေမဲ့ ထံရံပေါက်ကလေးတွေကနေ
နွေးထွေးတဲ့ နေအလင်း၊ အေးချမ်းတဲ့လရောင်နဲ့
လမ်းပြတဲ့ ကြယ်ရောင်တွေကတော့ ဝတ္တရားမပျက်
အခမဲ့ ပေးစွမ်းကြလေရဲ့...
ပြောပြချင်တဲ့ အကျိုးအကြောင်းတရားတွေကို
စာအုပ်ထုပ်ပြီး ဆက်ရေးရမယ်ဆိုရင် သိမ်းဆည်း
စရာနေရာ မရှိတော့လောက်အောင် ဖြစ်သွားလိမ့်
မယ်။ သြော် အကျိုးအကြောင်းဆိုလို့ ဖတ်ဖူးတာကို
သတိရမိလေရဲ့ အကျိုးအကြောင်း မပြောချင်ပါဘူး
အကောင်းအကြောင်းပဲ ပြောကြရအောင်တဲ့...။
တရားသဘောနဲ့ ဆန့်ကျင်ပေမဲ့ တစ်ဖက်က ကြည့်ပြန်တော့ အပြုသဘောဆောင်ပါတယ်လေ။
ဖြစ်ချင်တာတွေ ဖြစ်ဖို့ထက် ဖြစ်သင့်တာတွေကို
ဦးစားပေးရင်း တခါတခါ မင်းဘာဖြစ်ချင်လဲလို့
မေးလာရင် ကျွန်တော့်မှာ အဖြေမရှိဘူး။
တာယာမင်းဝေရဲ့ စာအုပ်ထဲကလို ပြောရရင်
ဟူး... သက်ပြင်းတစ်ချက်ကို အလိုမတူပဲ
မှုတ်ထုတ်လိုက်မိတယ်...
ဘဝဆိုတာ စကားလုံးကသာ နှစ်လုံးတည်းပေမဲ့
ကျယ်ပြန့်မှုက သမုဒ္ဒရာမက။ ဘကုံးနဲ့စပြီး ဝနဲ့
ဆုံးတဲ့ ဘဝ။ ဘယ်ကစပြီး ဘယ်မှာ ဆုံးမယ်မှန်း
မသိတဲ့ သံသရာမှာ လူဖြစ်လာရတာဟာ ကောင်းတာ
တွေကြုံရင် ဘုရားကို ကျေးဇူးတင်ဖို့နဲ့ မကောင်း
တာတွေ ကြုံလာရင် မိမိကံကိုအပြစ်တင်ဖို့လား။
ကျွန်တော်ကတော့ မေးသာ မေးလိုက်ရတာ
အဖြေမရှိ။ စာဖတ်သူများ ဖြေကြည့်ပါဦး...
#သစ်အယ်သီး
#ကိုကိုမိုးဟိန်း
Above is Myanmar language 🌐
Connect to me>>>
| KoKoMoeHein | Myanmarkoko5 | kokomoehei7 |
|---|---|---|