ဖေဖေကညီညီလက်ကလေးကိုဆွဲပြီး ရန်ကုန်သို့တက်လာခဲ့သည်။လမ်းတစ်လျှောက်လုံးဘာစကားမှမဆိုခဲ့ တိတ်ဆိတ်နေလေသည်။ညီညီ ဖေ့ဖေ့မျက်နှာကိုတစ်ချက်တစ်ချက်ခိုးကြည့်မိသည်။
credit image source
ယောကျာ်းတစ်ယောက်၏ တည်ကြည်သော ပုံစုံဖြင့် ဖေဖေသည် နှခမ်းကိုတင်းတင်းစေ့ ထားသည်။ဖေ့ဖေ့၏ မျက်လုံးကတော့ နီရဲနေကာ မျက်ရည်များဖြင့် ပြည့်နေသလိုပင်။ဖေ့ဖေ့မျက်နှာ တည်နေတော့  တစ်ချက်တစ်ချက်ခိုးကြည့်ယုံမှအပ ညီညီဘာစကားမှမပြောရဲ။
ဖေဖေမျက်နှာသည် ပင်ပင်ပန်းပန်း ရှာဖွေလုပ်ကိုင်ကျွေးရသော ဒဏ်ကြောင့် ပို၍အသက်ကြီးသလိုထင်ရသည်။ ညီညီ့ကို ဆုပ်ကိုင်ထားသော ဖေဖေလက်တစ်စုံသည် ညီညီရင်ထဲထိနွေးနေသည်။မေမေဆုံးသွားခဲ့သည်မှာ တောင်တစ်နှစ်ပြည့်ခဲ့ပြီ။မေမေရှိစဉ်က ဖေဖေနှင့် ဒိုးတူဘောင်ဖက် လုပ်ငန်းကို လုပ်ကိုင်ခဲ့သော့ကြောင့် စီးပွားရေး အဆင်ပြေခဲ့သော်လည်း ယ္ခုအချိန်မှာတော့ စီးပွားရေးကအဆင်မပြေတော့။ဖေဖေက ကြိုးစားပြီး လယ်ယာလုပ်ကိုင်သော်လဲ လူတစ်ယောက်အား လျှော့သွား၍ အဆင်မပြေခဲ့။ထိုသို့ဖြင့် ညီညီပါကျောင်းထွက်ကာ ဖေဖေနှင့် အတူတူ လယ်လုပ်ငန်းကူညီလုပ်ကိုင်ခဲ့ရတော့သည်။
လအနဲငယ် ကြာသောအခါ ဖေဖေက"ငါနဲ့လယ်စိုက်ရင် ငါလိုပင်ပင်ပန်းပန်းလုပ်ကိုင်စားရလိမ့်မယ်။မင်းဘဝတက်လမ်းအတွက် တစ်ခုခုရှာရမယ်ငါ့သား။မင်းကို ဖေဖေက ၉တန်းအထိပဲထားနိုင်တယ်။မင်းကိုဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်အောင်မထားနိုင်ဘူးဆိုတော့ စိတ်မကောင်းပါဘူးသားရယ်။မင်းကိုပညာတတ်ကြီး ဖြစ်စေချင်ပေမဲ့ အဖေမလုပ်ပေးနိုင်ခဲ့ဘူး သားရာ။ မင်းဘဝအတွကိုအသက်မွေးဝမ်းကျောင်းပညာ တစ်ခုခုတတ်အောင်သင်ခိုင်းရမယ်။ ကြိုးစားစမ်းပါကွာ"ဆိုပြီး ဟိုတစ်နေ့ကပဲပြောနေသည်။အခုတော့ ကျွန်တော့်အကျီအဝတ်အစားကို ထုတ်ပြီးလက်ကိုကျစ်ကျစ်ပါအောင် ဆွဲပြီး ရန်ကုန်သို့ထွက်လာသည်။
ရန်ကုန်မြို့ ကားဝပ်ရှော့တစ်နေရာရောက်တော့ "သားဒီမှာအလုပ်လုပ်ရမယ်။အဖေ့အသိကားဝပ်ရှော့ပဲ။ သားဒီမှာအလုပ်လုပ် ပြီး သားဘဝအတွက် အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုတော့ ရအောင်ယူကွာ"ဆိုပြီး ပြောသည်။ညီညီက "ဖေဖေကရော ဘာလုပ်မှာလဲ" မေးတော့ ဖေဖေက အိမ်ပြန်ပြီး လယ်လုပ်မယ် ဟုဖြေသည်။
"ဖေဖေ… သားဖေဖေနဲ့ခွဲပြီးမနေနိုင်ဘူး…ပြီးတော့…ဖေဖေနဲ့လဲတစ်ခါမှခွဲပြီး မနေဖူးဘူး…သားမခွဲချင်ဘူး"
"သား…ဖေဖေပြောမယ်…ဖေဖေနဲ့သား တစ်နေ့ကျလို့ ဖေဖေသေရင်လဲ ခွဲရမှာပဲ…ဖေဖေလဲ ဘယ်ခွဲချင်ပါ့မလဲသားရဲ့… ဖေဖေသေသွားရင် သားတစ်ယောက်ထဲကျန်ခဲ့မှာ… အဲ့ဒါကြောင့် သားတစ်ယောက်ထဲရပ်တည်နိုင်အောင်ကြိုးစား ဟုတ်ပြီလား"
ညီညီပါးပေါ် မျက်ရည်များ တွဲခိုလာသည်။
"သား…ညီညီ ဖေဖေမျက်လုံးကိုကြည့်စမ်း… သားကိုဖေဖေဘာပြောထားလဲပြောစမ်း"
"ယောကျာ်းဆိုတာမငိုရဘူး သတ္တိရှိရမယ်" ဟု ညီညီက ထွက်ကျလာသောမျက်ရည်ကို လက်ဖဝါးဖြင့် ခပ်ကြမ်းကြမ်းသုတ်လိုက်ရင်းဖြေလိုက်သည်။
"ဟုတ်တယ်…လိမ္မာတယ်ငါ့သား …အလုပ်ကိုကြိုးစားကွာ… ပိတ်ရက်ရှည်ရရင် ဖေဖေဆီလာလည်… ဖေဖေလဲသားဆီလာလည်မှာပေါ့ ဟုတ်ပြီလား"ဟုပြောကာ
ညီညီကို ကားဝပ်ရှော့ပိုင်ရှင်သူဌေးဆီအပ်ပေးခဲ့လေသည်။
သူဌေးကညီညီကို"ဦးတို့ ဝပ်ရှော့က မိသားစုတွေလိုပဲ အကူအညီလိုရင်လဲပြောပါကွယ်…ပြီးတော့ အချင်းချင်း ညီအကိုတွေလိုရိုင်းပင်းကြ…ညီညီ… သားဘဝအတွက် အောင်မြင်ချင်ရင်တော့ ဘယ်အလုပ်မဆို လက်တစ်ဆုံးနှိုက်ပါသား…လူတစ်ချို့က အပေါယံလောက်လေးသိပြီး ငါသိပြီငါတတ်ပြီ ဆိုပြီးလုပ်တတ်ကြတယ်…အတွင်းကျကျ မလေ့လာမလိုက်စားတော့ မအောင်မြင်ကြဘူး…
အလုပ်တစ်ခုကို လုပ်ရင်လဲ အသေးအမွှားလေးကစ ဂရုစိုက်ပါသား… အရေးအကြီးဆုံးအချက်က အလုပ်တစ်ခုကို အပိုထည့်လုပ်ပေးပါ… အဲ့ဒါတွေသာ မင်းလုပ်နိုင်ရင် မင်းဘဝအောင်မြင်လာလိမ့်မယ်"ဟုရှည်လျှားစွာ ဆုံးမ ပြောပြလေသည်။
ညီညီက သူဌေးဆုံးမတဲ့အတိုင်း သေခြာလိုက်နာခဲ့ပါသည်။အလုပ်လုပ်ရာတွင်လဲ မညည်းညူခဲ့ ။စေတနာပါပါဖြင့် သူ့ကိုယ်ပိုင်အလုပ်ကဲ့သို့သဘောထားကာ ကြိုးစားသည်။ဘယ်သူခိုင်းခိုင်း အပြေးအလွားကလေး လုပ်ပေးစမြဲပင်ဖြစ်သည်။အကုန်စလုံးက ဖင်ပေါ့တယ် လိမ္မာတယ်ဆိုပြီး ဝိုင်းချစ်ကြသည်။
ကားပြင်ဆရာကလဲ လိမ္မာသောညီညီကို သားအရင်းကဲ့သို့သဘောထားကာ ပညာသင်ပေးလေသည်။ညီညီကလဲသေချာလေ့လာသင်ယူသည်။ဘယ်လောက်ပင်ပန်းပင်ပန်း အပြုံးမပျက်ခဲ့။ထမင်းစားချိန် အလုပ်သိမ်းချိန်တွင်လဲ ညီညီမနား သောက်ရေဖြည့်ပေးခြင်း တံမြက်စည်းလှည်းအမှိုက်သိမ်းပေးခြင်းတို့ ပြုလုပ်လေသည်။လစာထုတ်သောအခါ ညီညီတစ်ယောက် အလုပ်သင်အကူထက်ပိုသော လစာရလေသည်။သူဌေးက လစာကိုကန့်သတ်မထားတဲ့ တော်တဲ့သူ ကြိုးစားတဲ့သူဆိုရင် လစာကိုပိုထည့်ပေးစမြဲပင်ဖြစ်သည်။လစာပေးရာတွင် စာအိတ်ကလေးနှင့်သေချာပိတ်ပေးသည်။
ညီညီကရရှိတဲ့ လစာကလေးကို အမြဲ 4ပုံသည်။၁ပုံက အဖေ့အတွက် ၁ပုံကစုဆောင်းသည်။၁ပုံက ဆရာသမားနှင့်အလှူငွေ ၁ပုံက သူ့အသုံးစရိတ်အတွက်ဆိုပြီး အမြဲခွဲသည်။ သူ့အသုံးစရိတ်ထဲမှ စာအုပ်စာပေများကိုဝယ်ဖတ်သည်။ပညာသင်ပေးသောဆရာကိုလဲလတိုင်းကန်တော့သည်။
နောက်(၁၀)နှစ်ခန့်ကြာသောအခါတွင် ညီညီမှာကိုယ်ပိုင် ဝပ်လျှော့လေးထောင်နိုင်လာသည်။သူကိုယ်တိုင်သူဌေးနေရာရောက်ခဲ့လေသည်။အသစ်ရောက်လာသာ ပညာသင်လေးများကိုလဲ သူ၏ ဘဝအတွေ့ကြုံများကို ပြောပြပြီး ကျိုးစားစေခဲ့သည်။အလုပ်တစ်ခုကို အမြဲအပိုထည့်လုပ်စေခဲ့သည်။သူအပိုထည့် လုပ်စေခဲ့သည်မှာတော့"စေတနာ"ပင်ဖြစ်တော့သည်။