အဖေ လစာထုတ်ရင် ကျွန်တော်ပျော်သည်။ညီလေးများလည်းပျော်သည်။အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ မုန့်စားရသောကြောင့်ပင်ဖြစ်သည်။
ကျွန်တော်တို့ညီအကိုတွေ ကျောင်းသွားရင် သူများတကာတွေလို မုန့်ဖိုးမရပါ။ထို့ကြောင့် မုန့်မစားရပေ။အဖေလစာထုတ်မှ ကျွန်တော်တို့အတွက် အဖေကိုယ်တိုင် မုန့်ဝယ်လာ သည် ထိုအခါ ကျွန်တော်တို့ ညီကိုတွေ မုန့်စားရသည်။
တစ်နေ့ လစာထုတ်လာတော့ အဖေက အမေ့ကိုလစာအပ်သည်။ကျွန်တော်တို့အတွက် မုန့်မပါခဲ့၍ အမေက ကျွန်တော်တို့ ညီအကိုတွေကို လက်ဆွဲပြီးမုန့် လိုက်ဝယ်ကျွေးပါတယ်။ထိုအချိန်တုန်းက ကျွန်တော်တို့ စားရသော ကမုန့်မှာ ဝေဖာချောင်းလေးများကို ထန်းလျှက်ရည်နဲ့ သုတ်ထားသောမုန့်ကိုအမေက ညီအကိုလေးယောက်ကို တစ်ယောက်တစ်ထုပ်ဆီ ဝယ်ကျွေးပါတယ်။ကျွန်တော်တို့ ညီအကိုတွေ မုန့်စားရသောကြောင့် အရမ်းပျော်ပါသည်။ ညီလေးတွေကလဲ ဝေဖာချောင်းမုန့်စားရင်း ဆော့နေကျသည်။
အိမ်ရောက်တော့အမေက စာအုပ်ကြီးကိုရှေ့ ချပြီးရေးနေတယ်။ ကျွန်တော် ဘာတွေရေးနေမှန်း မသိပါဘူး။ တစ်လတစ်လအမေရေး နေတာတော့တွေ့တယ်။ကျွန်တော်ဘာတွေလဲ သိချင်သွားသည်။ ပြတင်းပေါက်နေပြီးတိုးတိုးလေး သွားချောင်းကြည့်မိတယ်။ အမေပိုက်ဆံတွေ ကိုင်ပြီး မျက်ရည်အဝိုင်းသားနဲ့ ဖြစ်နေတာတွေ့မိတယ်။ ဘာလို့ငိုနေတာလဲပေါ့။နောက်တစ်နေ့ အမေမရှိတုန်း အမေ့စာအုပ်လေးကို ခိုးပြီးကြည့်မိတယ်။ အမေ့စာအုပ်ထဲတွင်တော့
အကြီးကောင် ကျူရှင်လခဘယ်လောက်…
အလတ်ကောင် ကျူရှင်လခဘယ်လောက်…
အငယ်ကောင် ကျူရှင်လခဘယ်လောက်…
စားစရိတ်ကဘယ်လောက်…
အသုံးစရိတ်ကဘယ်လောက်…
စာရေးကိရိယာကဘယ်လောက်…
ဘယ်လောက် …
ဘယ်လောက်…တွေနှင့် အကုန်ပေါင်း လိုက်သောအခါ အဖေ့လစာ မကျန်တော့သလောက်ပင်။ဘာကြောင့် အမေမျက်ရည် ဝိုင်းနေတယ်ဆိုတာ ကျွန်တော်သိသွားပါပြီ။ထိုအချိန်မှစ၍လစာထုတ်သောရက်တွင် ကျွန်တော်မပျော်တော့သည်မှာ ယနေ့ထိဖြစ်တော့သည်။
Photo credit google
MSC-224