credit image source
မယ်ပသည် ရပ်ကွက်ထဲတွင် အာအကျယ်ဆုံးနှင့် အကြွားထူဆုံးပင်ဖြစ်သည်။ သူငယ်ချင်းများရှေ့တွင်လဲ ယောကျာ်းကို ဘယ်လိုနိုင်ကြောင်း မယ်ပဆိုတာနဲ့ သူ့ယောကျာ်းက ကြောက်ရကြောင်း ကြွားမဆုံးပင်။တစ်နေ့ ဈေးဝယ်သွားရင်း သူ့ငယ်ချင်း မယ်မြနဲ့တွေ့လေသည်။
မယ်ပသည် မယ်မြ ကိုတွေ့တာနှင့်"ဟယ် မယ်မြ ဈေးလာတာလား… ဘာတွေဝယ်ပြီးပြီလဲ…မတွေ့တာကြာတော့ အသားတွေမဲသွားလိုက်တာ…ဝလာလိုက်တာလဲ အရမ်းပဲ"
မယ်မြကတော့"အေးဟယ် အိမ်မှုကိစ္စတွေကလည်းများ ကလေးကလည်းရှိ ဆိုတော့ဒီလောက်တော့ရှိမှာပေါ့ဟယ်… မယ်ပ… နင်ကတော့ လှလာလိုက်တာအရမ်းပဲ…အနာမလိုတောင်ဖြစ်တယ်အေ"။
မယ်မြစိတ်ထဲတွင်တော့"ကောင်မ သူ့ကျတော်တော်လှရှာတယ်… သူများကျ မှိုချိုးမျှစ်ချိုးပြောနေလိုက်တာ"ဟုတွေးနေမိသည်။ထိုနောက်"မယ်ပရေ သွားတော့မယ်…ငါ့ယောကျာ်းက ဈေးဝယ်တာစောင့်နေတာ ကြာရင် ပြောလိမ့်မယ်…သွားပြီဟေ့ ကောင်မရေ နောက်မှတွေ့မယ်"ဟု နှုတ်ဆက်ကာ သွားမည်အပြု
"အမလေးအေ… ညည်းတို့တွေကလဲ ယောကျာ်းဆို ဖင်တုန်အောင် ကြောက်နေကျလိုက်တာ…ငါ့လိုနေစမ်းပါဟဲ့… ငါ့ယောကျာ်းဆို ငါ့အောက်မှာ ပြားပြားဝပ်ပဲ"ဟု မယ်ပကပြောရင်း ယောကျာ်းကိုဘယ်လိုနိုင်ကြောင်း ကြွားမဆုံးဖြစ်နေ၍ မယ်မြသည် မပယ်၏ အကြွားဒဏ် မခံနိုင်တော့၍ အတင်းစကား ဖြတ်ကာ ထွက်သွားလေတော့သည်။
တစ်နေ့မယ်ပ၏ ယောက္ခမ ထံသို့ မယ်ပ ယောက်ျားနိုင်သော သတင်းရောက်သွားလေသည်။ယောက္မအဖွားကြီးလည်း ထိုသတင်းကိုကြာသောအခါ"ငါ့သားကိုနိုင်တဲ့ ကောင်မတွေ့ကျသေးတာပေါ့"ဟု ကြိမ်းဝါးကာ မယ်ပအိမ်သို့လာရောက်နေထိုင်ကာ မယ်ပအခြေနေကို အကဲခတ်နေလေသည်။သူ့သားကို တကယ်သာ နိုင်နေတာ သေခြာပါက ဒင်းကို ကောင်းကောင်း ပညာပေးမည်ဟုလည်း စိတ်ထဲက ကြုံးဝါးနေလေ၏။
ညနေ မိုးချုပ်ခါနီးတွင် မယ်ပ သူငယ်ချင်းတစ်ယောက်နှင့် သူတို့ လင်မယား အိပ်ခန်းထဲတွင် ဖုန်းပြောနေလေသည်။မယ်ပ ယောကျာ်းလဲ အခန်းထဲတွင်ရှိသည်။ ယောကျာ်းဖြစ်သူက ဘာအသံမှ မထွက်ရဲ။ မယ်ပကတော့ အသံကျယ်ကြီးဖြင့် ဖုန်းပြောနေသဖြင့် ယောက္ခမ အဖွားကြီးသည် အခန်းနားသွားကာ သွားချောင်းကြည့်မိသည်။ မယ်ပ ဖုန်း ပြောနေသည်က
" အမလေး… ယောကျာ်း ဆိုတဲ့အမျိုးက ကိုယ်ကနိုင်ထားမှဟဲ့ …ငါ့ယောကျာ်းဆို ငါ့အောက်မှာ ပြားပြားဝပ်ပဲ…ဘယ်ခေါင်းမှမထောင်ရဲဘူး…ခေါင်းထောင်ရင် ထောင်တဲ့ခေါင်း တက်နင်းပစ်မှာ…ငါက အာ့လိုမျိုးကိုလုပ်ထားတာ… မယ်ပဆိုတာနဲ့ ငါ့ယောကျာ်းက ဘာအသံမှမထွက်ရဲဘူး"
ထိုအချိန်တွင် မယ်ပ ယောက္ခမအဖွားကြီးက သံမာမာဖြင့်"သမီးဘာလုပ်နေလဲ" ဟု မေးလိုက်သောအခါ မယ်ပသည် ပြောနေသောဖုန်းကို ပိတ်လိုက်ကာ"အမေ သမီး အကိုကို့ ကိုနင်းပေးနေတာပါ"ဟု ရိုကျိုးသံဖြင့် ဖြေလိုက်လေတော့သတည်း။