credit image source
၁၉၉၀ခုနှစ်၏ သင်္ကြန်ညတညတွင် အသူရာ နှင့် သိကြားမင်းတို့ အပြိုင် စစ်ခင်းနေကြသည်။လျှပ်နွယ် လျှပ်ပန်းတို့သည် ၎င်းတို့၏ လက်နက်များသဖွယ်။တချက်တချက် မည်သည့်ဘက်မှ ပစ်သည်မသိရသည့် မိုးကြိုးတည်းဟူသော လက်နက်ကြီးသံကိုလည်း ကြားနေရလေသည်။လူ့ပြည်လောကတွင်လည်း သေမင်းနှင့် စစ်ခင်းနေသူတဦးရှိနေ၏။ထိုသူကား မခင်ဝိုင်းပင် ဖြစ်တော့သည်။
မခင်ဝိုင်းသည် ရွှေဘိုခရိုင်တွင်းရှိ ရွာလေးတရွာမှ သာမာန်လယ်လုပ် ယာလုပ် ကျေးတောသူ တဦးဖြစ်လေသည်။သူမသည် ကိုစိန်လှနှင့် ပြီးခဲ့သော နှစ်ကမှ အိမ်ယာထူထောင်ခဲ့ပြီး မကြာမီတွင် ကိုယ်ဝန်ရှိလာခဲ့လေသည်။ညနေက မခင်ဝိုင်းတယောက် မွေးဖွားလို၍ ဗိုက်နာလာခဲ့သည်။မိန်းမတယောက် မီးဖွားခြင်းသည် မြို့အရပ်ဒေသတွင် အရေးကြီး ထူးဆန်းသောကိစ္စမဟုတ်။မခင်ဝိုင်းတို့ရွာလေးမှာတော့ မီးဖွားရခြင်းမှာ သေမင်းနှင့် သူနိုင် ကိုယ်နိုင်စစ်ခင်းရပေသည်။
ခင်ဝိုင်းတို့ရွာလေးသည် မြို့နှင့်လည်းအလှမ်းဝေးသည့်အပြင် ယ္ခုလိုမိုးရွာလျင် သွားရေးလာရေးလည်း ခက်ခဲလှပေသည်။အစစ အရာရာ ရှားပါးသော အရပ်ဒေသဖြစ်၍ ရောက်လာကျသော တာဝန်ကျ သားဖွားဆရာမများသည်လည်း မပျော်ကြ။ခဏသာ နေ၍ပြန်သွားကြသည်။ယ္ခုလို အရေးကြီးသော အချိန်ခါမျိုးတွင် မည်သူ့ကို အဖေခေါ်မှန်းမသိတော့။မိန်းမများ မွေးဖွားမည်ဆိုပါက ရွာထဲမှ လက်သည်ကြီး ဒေါ်မေသာ အားကိုးနေရသည်။ဒေါ်မေကလည်း သာမန်သာမွေးဖွားတက်သည် အခက်ခဲဖြစ်လာပါက သူလည်းမကယ်နိုင်။သေသူလည်းမနည်း။
ကိုစိန်လှတယောက်သည်လည်း ငယ်စဉ်က ရွာဦးကြောင်းဆရာတော် သင်ကြားပေးခဲ့သော အင်္ဂုလိမာလပရိတ်တော်ကိုသာ အားကိုးအားထားပြု၍ အထပ်ထပ်ခါ ရွတ်နေမိတော့သည်။ပရိတ်တော်ကို ပါးစပ်ကသာ ရွတ်နေရသော်လည်း အာရုံက မခင်ဝိုင်းထံတွင်သာ ဝဲနေသည်။မခင်ဝိုင်း၏ အမေ့ရေတသံများကလည်း အာရုံများကို ပို၍စုစည်းမရဖြစ်စေသည်။
လက်သည်ကြီးဒေါ်မေ တစ်ယောက် မခင်ဝိုင်းဘေးမှနေ၍ လိုအပ်သည်များ လုပ်ပေးရင်း ချွေးများပင်ပြန်နေရပြီ။"သမီးရေ… အားစိုက်ပြီးညှစ်လိုက်နော်"ဟူသောာ ဒေါ်မေ၏စကားအဆုံးတွင်"အူဝဲ…အူဝဲ"ဟူသော ငိုသံလေးထွက်လာသည်။"ယောက်ျားလေး မွေးတယ်ဟေ့ စိန်လှရေ"ကိုစိန်လှသည် ဝမ်းသာအားရ မီးနေခန်းအတွင်း ဝင်မည် အလုပ် ဒေါ်မေကြီးက"စိန်လှ အပြင်မှာပဲနေနော် အထဲဝင်မလာနဲ့အုံး"ဟူသော စကားသံက အရင်ထွက်ပေါ်လာ၍ ကိုယ့်ကိုယ်ထိန်းကာ အပြင်မှာပဲ ထိုင်စောင့်နေလိုက်ရလေသည်။
ခဏအကြာတွင် ဒေါ်မေ အပြင်ထွက်လာပြီး ကလေးရော အမေပါ ကျန်မာကြောင်း၊လိုအပ်သည်များ လုပ်ပေးပြီး၍ ပြန်တော့မည်ဖြစ်ကြောင်းပြော၍ပြန်သွားလေတော့သည်။
ကိုစိန်လှတယောက် ဒေါ်မေပြန်သွားလျှင်ချက်ချင်း မီးနေခန်းအတွက်းဝင်လိုက်သည်။မခင်ဝိုင်းက ပင်းပန်းနွမ်းနယ်နေသော ယဲ့ယဲ့အပြုံးလေးဖြင့် ဆီးကြိုလိုက်သည်။သားလေးကတော့ မခင်ဝိုင်းရင်ခွင်ထဲတွင် နို့စို့ပြီး အိပ်နေလေ၏။ကိုစိန်လှ မျက်နှာတွင် ကြည်နူးမူ့အပြုံးတွေနှင့်••••••••