ခုတစ်လော ဇာတ်လမ်းတွဲလေးတစ်ခုကြည့်ဖြစ်ပါတယ်။ဇာတ်လမ်းတွဲလေးနာမည်က sky castle တဲ့။ဒီကားလေးက ပြီးခဲ့တဲ့တစ်လလောက်က ကိုရီးယားမှာပြသပြီးဆုံးခဲ့ပြီး တော်တော်လည်း အောင်မြင် လူကြိုက်များသည့် ဇာတ်လမ်းဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲလေးဟာ အောင်မြင်လူကြိုက်များသည့် ဇာတ်လမ်းတွဲလေးတစ်ခု ဖြစ်ပေမဲ့ အခြားနာမည်ကြီးဇာတ်လမ်းတွဲတွေလို နာမည်ကြီးထိပ်တန်းသရုပ်ဆောင် A-list များနဲ့ရိုက်ကူးထားခြင်း မဟုတ်ပါဘူး။ဒါ့ကြောင့် ဒီဇာတ်လမ်းတွဲလေးဟာ စစပြခြင်း အပိုင်း (၁)မှာ ကြည့်ရှု့နှုန်း ၁ရာခိုင်နှုန်းကျော်ခန့်သာ ရရှိခဲ့ပြီး နောက်ပိုင်းမှာတော့ ဒီဇာတ်လမ်းတွဲလေးရဲ့ဇာတ်လမ်းဇာတ်အိမ်ကောင်းမှု့,ပါဝင်တဲ့သရုပ်ဆောင်များရဲ့သရုပ်ဆောင်ကောင်းမှု့ စတဲ့ အချက်အလက်များကြောင့် ဇာတ်လမ်းတွဲလေးဟာ တစ်ဖြည်းဖြည်း ကြည့်ရှု့သူရာခိုင်နှုန်းတိုးကာ အောင်မြင်ကျော်ကြားလာခဲ့ရာမှာ နောက်ဆုံးမှာတော့ ကြည့်ရှု့သူရာခိုင်နှုန်း ၂၀ကျော်ရတဲ့ အထိ အောင်မြင်မှု့ဆွတ်ခူးနိုင်တဲ့ ဇာတ်လမ်းတွဲလေးတစ်ခု ဖြစ်ခဲ့ပါတယ်။
ဒီဇာတ်လမ်းတွဲလေး နာမည်ကြီးတဲ့အကြောင်းပြောပြီးပြီဆိုတော့ ဆက်လက်ပြီး ဒီဇာတ်လမ်းတွဲလေးရဲ့ဇာတ်လမ်း အကြောင်းအရာလေးပြောပြပါမယ်။ဇာတ်လမ်းအကြောင်းအရာလေးကတော့ ဂုဏ်ပကာသနမက်ပြီး သားသမီးတွေအတွက်ပညာရေးလောဘတွေ အဆမတန်တက်ကြတဲ့ မိဘတွေ စိတိထားမကောင်းတဲ့နည်းပြဆရာမ တစ်ယောက်နဲ့တွေ့ပြီးနောက်ဆုံးမှာ ဘယ်လို ဒုက္ခရောက်ရတယ်၊နည်းပြဆရာမက သူတို့ရဲ့လောဘကို အသုံးချပြီးသူတို့တွေနဲ့ သူတို့သားသမီးတွေ ဘဝပျက်အောင် ဘယ်လိုဒုက္ခပေးသွားခဲ့တယ်ဆိုတာပြသခဲ့တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဒီကားလေးထဲမှာ မိဘနဲ့သားသမီးတွေရဲ့ဆက်ဆံရေးတွေ၊ လောဘကြီးတဲ့ ဂုဏ်မက်တဲ့မိဘတွေကြောင့် သားသမီးတွေ ဘယ်လိုစိတ်ဒုက္ခ ရောက်ရတယ်ဆိုတဲ့အကြောင်းလေးတွေ၊သားသမီးဆန္ဒနဲ့ပျော်ရွှင်မှု့ကိုမကြည့်ဘဲ အောင်မြင်ဖို့အတွက် ပညာရေးကိုဘဲ ဖိလုပ်ဖို့ ဖိအားပေးတိုက်တွန်းတဲ့အခါမှာ နောက်ဆုံးတော့ သားသမီးနဲ့မိဘ ချစ်ခင်တဲ့ဆက်ဆံရေးတွေ ပျက်ဆီးပျောက်ဆုံးလာရတယ်ဆိုတဲ့အကြောင်းလေးတွေ၊နောက်ပြီး မိဘဖိအားပေးမှု့ကို မခံနိုင်တဲ့ သားသမီးအချို့ဟာ နောက်ဆုံးမှာ မိမိတို့ရဲ့စာရိတ္တပါပျက်ဆီးလာခဲ့ရတယ်ဆိုတဲ့အကြောင်းအရာလေးတွေကို ဒီဇာတ်လမ်းတွဲလေးမှ တစ်ဆင့် သိမြင်ခံစားနိုင်ပါတယ်။ နောက်ပြီးတော့လည်း မိဘတွေဟာ မိမိတို့လောဘ၊ဂုဏ်ပကာသန အတွက်နဲ့သားသမီးကို အတင်းဖိအားမပေးသင့်ဘဲ မိမိသားသမီးပျော်ရွှင်မှု့နဲ့စိတ်ချမ်းသာမှု့အတွက် မိမိသားသမီးလျှောက်လှမ်းချင်သော ဘဝလမ်းကြောင်းကိုသာ အောင်အောင်မြင်မြင်လျှေက်လှမ်းနိုင်အောင် ကူညီအားပေးဖေးမသင့်ကြောင်းကိုလည်း ဒီကားလေးက သရုပ်ဖော်ပြသ သင်ခန်းစာပေး
သွားခဲ့ပါတယ်။
ဒီကားလေးဟာ ရည်ရွယ်ချက်နဲ့ဇာတ်အိမ်ကောင်းတဲ့ ဇာတ်ကားလေးဖြစ်သလို ကားထဲမှာပါတဲ့ ဇာတ်ကောင်အသီးသီးရဲ့ဇာတ်ရုပ်များဟာလည်း စိတ်ဝင်စားစရာကောင်းကြပါတယ်။ ဒီကားလေးက မိသားစုလေးစုနဲ့နည်းပြဆရာမတစ်ယေက်ပေါ် မူတည်ပြီးဇာတ်အိမ်တည်ထားခြင်းဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းအရာက လေးနက်ပေမဲ့ ဒီကားထဲမှာ ပါတဲ့ဇာတ်ကောင်အချင်းချင်းရဲ့ဆက်ဆံရေးပေါ်အခြေခံပြီး ရိုက်ကူးပြသထားတဲ့ဟာသပြကွက်လေးတွေလည်းပါတော့ ဒီကားလေးဟာ စိတ်ဝင်စားဖို့ကောင်းသလို ရယ်လည်း အတော်ရယ်ရတဲ့ ကားလေးတစ်ခု ဖြစ်ပါတယ်။နောက်ပြီး မမျှော်လင့်တဲ့ ဇာတ်လမ်းအပြောင်းအလဲတွေ၊ဇာတ်ကောင်တော်တော်များများရဲ့ လောဘဒေါသနဲ့အားပြိုင်မှု့တွေ၊အဖြူနဲ့အမည်း ဆိုသလို ကောင်းတဲ့ဇာတ်ကောင်တွေနဲ့ မကောင်းတဲ့ဇာတ်ကောင်တွေရဲ့အားပြိုင်မှု့တွေ ဆက်ဆံရေးတွေ အဖြစ်အပျက်တွေနဲ့ ဒီကားလေးဟာ ပရိသတ်အာရုံကိုတော်တော် စွဲဆောင်နိုင်တဲ့ ကားလေးတစ်ခု ဖြစ်ခဲ့ပါတယ်။korea drama စိတ်ဝင်စားပြီး အချိန်လည်းရှိတယ်ဆိုရင်တော့ sky castle ဆိုတဲ့ ဇာတ်လမ်းတွဲလေးဟာ ကြည့်ရှု့သင့်တဲ့ ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်ပါတယ်။အထူးသဖြင့် သားသမီးရှိတဲ့မိဘတွေ ကြည့်ရှူ့သင့်တဲ့ ဇာတ်လမ်းတွဲလေးတစ်တွဲလို့လည်း ထင်မြင်မိပါတယ်။အဆုံးသတ်အနေနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းကောင်းကောင်းကြည့်ချင်တဲ့ သူတွေအတွက်တော့ ဒီကားလေးဟာ လက်မလွတ်တမ်း ရွေးချယ်သင့်တဲ့ဇာတ်လမ်းတွဲလေးတစ်ခု ပါဟုပြောရင်း စာလေးကို နိဂုံးချုပ်လိုက်ပါတယ်။
MSC-033,Author-myothuzar