ဖြူမ အစာမစားနိုင်သည်မှာ နှစ်ရက်ခန့်ရှိပြီ။ဖြူမ၏လက်ရှိသခင်မှာလည်း ဖြူမအတွက် စိတ်မကောင်း။တစ်ခါတစ်ရံမှသာ စားရသော ကြက်သားဟင်း,ငါးဟင်း,အမဲကြော် များပါ မကြာခဏချကျွေးနေသည်။သခင် မည်မျှပင် အစားကောင်းများချကျွေးသော်လည်း ဖြူမ မစားနိုင်တော့။မှိုင်တွေ ငြိုးဖျသောမျက်နှာထားနှင့်သာ ဖြူမရှေ့ချထားသော အစာများကို ငေးမောကြည့်နေမိသည်။
ဖြူမ အစားအစာများကိုငေးမောကြည့်ရင်း အတိတ်ကို ပြန်မြင်ယောင်မိသည်။ဒီလိုကြက်သား,ငါး,အမဲကြော်များကို နေ့စဉ်စားခဲ့ရသော ဖြူမ၏ဘဝ။ဖြူမကို သိပ်ချစ်သော သူဌေးဇနီးမောင်နှံလင်မယား။အထူးသဖြင့် မိန်းမဖြစ်သူ သူဌေး၏ဇနီးသည် ဖြူမကို သိပ်ချစ်သည်။ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဖြူမပေါက်စ အရွယ်ကတည်းက သူဌေး၏ဇနီးသည်က တွေ့ရှိကာ ခေါ်ယူမွေးစားခြင်း ခံခဲ့ရသည်။သူဌေးမ ငယ်ရွယ်စဉ်ကမွေးထားသော ခွေးမကြီးနှင့်တူ၍ ခေါ်ယူမွေးစားသည်ဟုပြောသည်။ဖြူမသည် မျိုးရိုးသန့်ပြီး ချစ်စရာကောင်းသော လူကြိုက်များသော အိမ်မွေးခွေးအမျိုးအစား မဟုတ်သော်လည်း ကံကြမ္မာက ဖြူမကို ထိုခွေးများနည်းတူ ကံကောင်းခြင်းများ ပေးခဲ့ဟန်တူသည်။ဖြူမသည် ငယ်စဉ်ကတည်းက သူဌေးအိမ်မှာ မွေးစားခံရကာ အစာအာဟာရကောင်းကောင်းနှင့် ချစ်ခင်ယုယမှုများ ခံခဲ့ရသည်။
သို့သော်အချိန်တွေပြောင်းလာသလို ဖြူမ၏ကံကြမ္မာမှာလည်း ပြောင်းလာပုံရသည်။ဖြူမအရွယ်ရောက်လာသလို ဖြူမ၏သခင် သူဌေးလင်မယားမှာလည်း စီးပွားရေးတွေကျလာသည်။ရန်တွေလည်း တကျက်ကျက်ဖြစ်လာသည်။ဖြူမကိုလည်း သိပ်ဂရုမစိုက်တော့။သခင်သည် အရက်တွေလည်း ခဏခဏသောက်လာတတ်သလို အပြင်မှပြန်လာလျှင် ကားပေါ်မှာ သူစိမ်းမိန်းမများ မကြာခဏပါလာသည်ကို တွေ့ရတတ်သည်။ဖြူမက ထိုသူစိမ်းမိန်းမများကို မြင်လျှင် ထိုးဟောင်တော့သည်။ထို သူစိမ်းမိန်းမများ အိမ်ထဲမဝင်သော်လည်း ဖြူမက သူတို့ကို မကြိုက်ပေ။ဒင်းတို့ ဝတ်စားဆင်ယင်ပုံက လျှပ်ပေါ်လော်လီနှင့် အင်မတန် အမြင်ကပ်စရာကောင်းသည်။ထို့ကြောင့် သူတို့ကိုတွေ့လျှင် ဖြူမ ထိုးသာဟောင်သည်။ဖြူမ သူတို့ကို ထိုးဟောင်လျှင် သခင်က ဖြူမကို ကန်ကြောက်ရိုက်နှက်ပေတော့သည်။ယခင်တုန်းကတော့ ဖြူမ လူစိမ်းများကိုထိုးဟောင်လျှင် ဖြူမကိုသခင်က ဟိန်းဟန့်ရုံသာဟန့်သည်။ယခုတော့ ဖြူမအား ကန့်ကြောက်ရိုက်နှက်နေပြီ။ဖြူမ တစ်ခုသိလာသည်မှာ သခင်သည်ဖြူမအား ယခင်ကလောက် မချစ်တော့ပေ။
သခင်မသည်လည်း ယခုတစ်လော ဖြူမကို ယခင်ကလောက် မချစ်တော့ဘူး ထင်သည်။အစာတောင် အချိန်မှန်မှန်လာမကျွေးတော့ပေ။လာကျွေးလျှင်လည်း ယခင်ကလို သားငါးများနှင့် ဝေဝေဆာဆာစားကောင်းသော အစာများ မဟုတ်တော့ပေ။ယခုတစ်လော ထမင်းချည်းသက်သက်တစ်နေ့တစ်ခါလောက် လာကျွေးလျှင်တောင် ဖြူမကံကောင်းသည်ဟု ဆိုနိုင်သည်။အဘယ့်ကြောင့်ဆိုသော် အချို့ရက်များတွင် သခင်မသည်ဖြူမအား အစာကျွေးဖို့ မေ့နေသောကြောင့် ဖြစ်သည်။တစ်ခါတစ်ရံ ဖြူမကိုအစာလာကျွေးရင်း သခင်မသည် ဖြူမအား စကားတွေပြောကာ ငိုနေတတ်သည်။ဖြူမ သခင်မ၏စကားများကို အကုန်နားမလည်သော်လည်း ထိုစကားများထဲတွင် သခင်၏နာမည်ကို ခဏခဏကြားနေရသည်ကိုတော့ ဖြူမသိသည်။သခင်မသည် သခင်ကြောင့် စိတ်ဆင်းရဲနေသည်ကို နောက်ဆုံးတော့ ဖြူမ နားလည်လိုက်သည်။
သခင်နှင့်သခင်မသည် ယခင်ကလို ဖြူမအား သိပ်ဂရုမစိုက်တော့ တစ်ခါတစ်ရံ ဖြူမလည်း အိမ်ထဲမှ အပြင်ထွက်ဖို့ ကြိုးစားတတ်လာသည်။ရပ်ကွက်ထဲရှိ အချို့လမ်းများသို့ ဖြူမသွားသည်။တစ်ခါတစ်ရံတွင် ထိုလမ်းများမှာနေသော ခွေးများက လိုက်လံဟိန်းဟောင်ပြီး ကိုက်မလိုလုပ်၍ ဖြူမ အမောတကြီး ပြန်ပြေးခဲ့ရသည်များလည်းရှိသည်။နောက်ဆုံးတော့ ဖြူမလည်း အန္တရာယ်ကင်းသော လမ်းအချို့သာ သွားတော့သည်။ထိုသို့လမ်းများသို့လျှောက်သွားရင်း ခွေးထီးတစ်ကောင်သည် ဖြူမနောက်သို့ တကောက်ကောက်လိုက်နေလေတော့သည်။ထိုခွေးသည် ဖြူမကိုရန်လည်း မမူပေ။
ကြာတော့ ဖြူမကိုယ်ဝန်ရလာသည်။သခင်တို့လင်မယား တဖြည်းဖြည်းအခြေအနေဆိုးလာသလို ဖြူမကိုယ်ဝန်လည်း တဖြည်းဖြည်းကြီးမားလာသည်။သခင်မသည် ဖြူမကိုယ်ဝန်ရလာသည်ကို စိတ်ပျက်ပုံရသည်။"ငါ့မှာ စိတ်ဆင်းရဲရတဲ့အထဲ နင်ကလည်းတမှောင့်" ဟုပြောကာ ဖြူမအား ဆူပူကြိမ်းမောင်းနေတော့သည်။တစ်နေ့တော့ ဖြူမကိုယ်ဝန်မှခွေးကလေးများ မွေးဖွားလာသည်။ဖြူမသည် မိမိ၏ကလေးများကိုမြင်ရသောအခါ ပျော်ရွှင်မိသည်။သို့သော် ဖြူမ၏အပျော်မှာ ကြာကြာ မခံလိုက်ပေ။သခင်မသည် တစ်လခန့်အကြာမှာ ဖြူမ၏ကလေးများအား အခြားနေရာသို့ ပို့လိုက်သည်။ဖြူမကိုလည်း နောက်ထပ်ကလေးမမွေးနိုင်အောင် သားကြောဖြတ်လိုက်သည်။
ဖြူမသည် မိမိ၏ကလေးများပျောက်ဆုံးသွားသောကြောင့် ရပ်ကွက်အတွင်းသို့လျှောက်သွားကာ တွေ့လိုတွေ့ငြား လိုက်ရှာတော့သည်။အချို့လမ်းများတွင်နေသော ခွေးများက ဖြူမလာလျှင် သူတို့နေရာကျူးကျော်သည်ဟု သတ်မှတ်ကာ ဝိုင်းဝန်းဟောင်ပြီးလိုက်ကိုက်ကြသည်လည်းရှိသည်။ယခင်ကတော့ ထိုသို့ဟောင်ပြီး တိုက်ခိုက်မည့်ပုံပြလျှင် ဖြူမ အလွယ်တကူ ထွက်ပြေးတတ်သော်လည်း ယခုတော့ ကလေးဇောကြောင့် အများနှင့်တစ်ကောင် ဖြူမ ပြန်ကိုက်လေတော့သည်။သို့သော် အားနည်းသူက ခံရသည့်ထုံးစံအတိုင်း ဖြူမခန္ဓာကိုယ်ပေါ်မှာ အခြားခွေးများ၏ကိုက်ခဲကုတ်ခြစ်မှုများခံရကာ ဖြူမ အားလျော့နောက်ဆုတ်လာရသည်။ဒဏ်ရာများ,ပင်ပန်းနွမ်းနယ်မှုများနှင့် ဖြူမသည် သခင်တို့၏အိမ်ရှေ့ရောက်အောင် မနည်းကြိုးစားပြန်လာသည်။ကြိုးစားပြန်လာသော်လည်း တံခါးဝမှာ သော့ခတ်ထားလျက် အိမ်ကြီးမှာလည်း တိတ်ဆိတ်နေသည်။ ဖြူမ၏ "ဝုတ်" "ဝုတ်" ဟူသောအသံကို သခင်တို့ မကြားလေရော့သလား။အိမ်ကြီးမှာ တိတ်ဆိတ်မြဲအတိ။
ဒဏ်ရာများနှင့်ဖြူမသည် ဘယ်မှမသွားဘဲ အိမ်ရှေ့မှာ ပေကပ်နေပါသေးသည်။သို့သော် အိမ်ကြီးထဲမှ မည်သူတစ်ဦးတစ်ယောက်မှ မထွက်လာသလို မည်သည့်အရိပ်အရောင်မှလည်း မတွေ့ရ။ဆာလောင်မှုဒဏ်ကြောင့် နောက်ဆုံးတော့ ဖြူမသည် ထိုအိမ်ရှေ့မှ နောက်ဆုတ်ထွက်ခွာလာရတော့သည်။ဆာလောင်ကာ ခွန်အားပြတ်လတ်မှု,ဒဏ်ရာများ၏နာကျင်မှုကြောင့် လမ်းဘေးတစ်နေရာတွင် ဖြူမလဲကျသွားရသည်။လူပေါင်းများစွာ ဖြူမဘေးက ဖြတ်သွားသော်လည်း မည်သူမျှ ဖြူမကို ဂရုစိုက် ကယ်တင်ခြင်း မပြု ကြချေ။
ကံအားလျော်စွာပင် အဖိုးအိုတစ်ယောက်သည် ဖြူမအား ပွေ့ချီကာ ကယ်တင်ပေးခဲ့သည်။လက်ရှိသခင် အဖိုးအို၏ပြုစုကုသပေးမှုကြောင့် ဖြူမ ဒဏ်ရာများ သက်သာလာသည်။ဖြူမ နာလန်ထူလာချိန်တွင် ဖြူမသည် သခင်ဟောင်းတို့၏အိမ်ရှေ့သို့ သွားကြည့်သေးသည်။သခင်တို့ကား ထိုအိမ်မှာ မနေတော့ပေ။သခင်တို့သည် ဖြူမအား စွန့်ခွာသွားကြလေပြီ။ဖြူမ၏ကလေးများသည်လည်း သခင်မ၏လက်ချက်ကြောင့် ဘယ်ဆီသို့ရောက်နေမှန်းလည်း ဖြူမ မသိချေ။
ဖြူမသည် လက်ရှိသခင်အဖိုးအိုဆီတွင် ပဲနေခဲ့ပြီး တဖြည်းဖြည်းနှင့်အသက်ကြီးလာခဲ့သည်။ယခုတော့ ဖြူမသည် အိုခြင်း၏အဆုံးသတ် သေခြင်းဆီသို့ တဖြည်းဖြည်း နီးကပ်လာလေပြီ။သခင်ဟောင်းများ၏ပုံရိပ်,သူမွေးဖူးသော ကလေးများ၏ပုံရိပ်များကို ပြန်လည် မြင်ယောင်ရင်း ဖြူမ၏အာရုံများ မူးဝေလာချိန်တွင် သခင်အဖိုးအို၏
"ဖြူမရေ နောက်ဆို ဒီလို ဘဝမျိုး မဖြစ်ပါစေနဲ့" "ဖြူမရေ ကောင်းတဲ့ဘဝရောက်ပါစေ" ဟူသောဆုတောင်းစကားများကို နားထောင်ရင်း ဖြူမ၏အာရုံအလုံးစုံမှာ မှောင်မည်းသွားပါတော့သည်။
Photo credit-google image
Author-myothuzar,MSC-033