Myanmar Steemit Community မှ ညီအကိုမောင်နှမများ ၊ဆရာ ၊ဆရာမများနဲ့ steemit ကိုမြန်မာနိုင်ငံ မှာဖွံဖြိုးတိုးတက်ရေး၊ မြန်မာလူငယ်များ steemit platform မှနေ၍ဗဟုသုတ ၊ အသိပညာ တိုးတက်ဖွံ့ဖြိုးရေးအပင်ပန်းခံ ပြုစုပျိုးထောင်ပေးကြသော ပညာရှင်များအားလုံး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း နဲ့ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာ ဦးစွာပထမ ပို့သလိုက်ရပါသည် ။
ကျွန်တော်သည် steemit ၏ ကျေးဇူးကြောင့် ယခုအခါမြင်သမျှ တွေ့သမျှ အလကားမနေတော့ပဲ စာရေးသားရန်အတွက် ကုန်ကြမ်းရှာသော အလေ့အထတစ်ခုရရှိခဲ့ပါသည် ။စာရေးသားခြင်းဟူသော အလုပ်မှာ တကယ်တော့ အလွန်မလွယ်ကူသော အလုပ်တစ်ခုဖြစ်ပါသည် ။ မိမိရေးသားသော စာပေအကြောင်းအရာ စိတ်ဝင်စားမှုရှိစေရန် ၊ အရေးအသားပြေပြစ်စေရန် ၊ ခိုင်လုံသောအရေးအသားဖြစ်ရန် ၊ စိတ်ကူးကောင်းရန် ၊ ကုန်ကြမ်းအမြဲရှာရန် နှင့် ကျွန်တော်တို့မသိသေးသော များစွာသောအကြောင်းအရာများ လိုအပ်ပါသည် ။ ထိုများစွာသော အကြောင်းအရာများပြည့်စုံရန် ပါရမီရှိရမည့်အပြင် ဇွဲလုံလ ၊ ဝီရိယလည်းရှိရပါသည် ။ အဓိက အကြောင်းအရာမှာ ကုန်ကြမ်းရရှိရန်ဖြစ်ပါသည် ။ သို့ပေမယ့် တွေ့သမျှအကြောင်းအရာ အားလုံးကိုလည်းရေးသားရန်မဖြစ်နိုင်ပေ ။ မိမိရေးသားသော စာပေသည် စာဖတ်သူ အကျိုးတစ်ခုခုရရှိရန် အဓိကထားပါက ကုသိုလ်လည်းရ ဝမ်းလည်းဝသော အလုပ်တစ်ခုဖြစ်ပါသည် ။
Photo credit;
စာအုပ်စာပေ ၊ လူ့မိတ်ဆွေ ဟုဆိုရိုးစကား ရှိခဲ့သလို စာပေအကျိုး အမှန်တိုး ဖတ်သည့်လူ့တန်ဖိုး ဟူ၍ဖြစ်ပါသည် ။ အကျိုးပြုစာပေ ၊ သုတစာပေ ၊ ရသစာပေ ၊ ဟာသစာပေ အစရှိသဖြင့် မည်သည့်စာပေဖြစ်ဖြစ် စိတ်ဝင်တစားဖတ်ရှုပါက စာဖတ်သူအနေဖြင့် အကျိုးတစ်စုံတစ်ရာ ရရှိမှာအမှန်ပင်ဖြစ်ပေသည် ။ ယခုအခါ စာဖတ်ခြင်းအကျိုးကျေးဇူးအပြင် မိမိဖတ်ထားသော စာပေဗဟုသုတတို့ကို ပြန်လည်ဝေမျှရန် အခွင့်အရေးကောင်းများ ရှိလာပြီဖြစ်သည် ။
ထိုအရာမှာ Steemit ပေါ်တွင် အတွေ့အကြုံ ၊ ဗဟုသုတ ၊ အသိပညာ အတတ်ပညာ များကိုစာပေအဖြစ်ရေးသားခြင်းဖြင့် ဝင်ငွေများရှာနိုင်ပြီဖြစ်ပါသည် ။ သို့သော်စာကောင်းတစ်ပုဒ် ရေးသားနိုင်ရန် အထက်ကဖော်ပြခဲ့သောစာပေအသိပညာ ၊ အတွေ့အကြုံ ၊ ဗဟုသုတ ရှိမှဖြစ်ပေမည် ။ ထိုသို့ရှိရန် စားများများဖတ်ရန်လိုအပ်ပေသည် ။ စာဖတ်ခြင်းသည်လည်း လွယ်ကူသောအလုပ်ဟုမထင်မိပါ ။ စာပေအမျိုးမျိုးရှိသလို စာဖတ်ခြင်းဟူသည်လည်း အမျိုးမျိုးရှိပါသည် ။ တချို့ကပျင်း၍စာဖတ်ကြပါသည် ။ ယခု smart phone များပေါ်လာပြီးနောက်ပိုင်း ထိုအလေ့အထအတော်ပင်နည်းသွားပါသည် ။ တိုးတက်လာသော ခေတ်နှင့်အညီ ဇိမ်ခံပစ္စည်းမျိုးစုံ ပေါ်ထွက်လာသောကြောင့် ပျင်း၍စာဖတ်ခြင်း အလေ့အထအတော်ပင် နည်းသွားသည်ဟု အနောက်နိုင်ငံ သုတေသီများမှ ပြေကြားထားပါသည် ။
Photo credit;
အသိပညာ ၊ အတတ်ပညာလိုချင် ၍လည်းစာဖတ်ကြပါသည် ။ ခေတ်မှီအီလက်ထရောနစ် ကိရိယာပစ္စည်းများ များစွာပေါ်ထွက်လာသလို ထိုပစ္စည်းများ အသုံးပြုပုံ အသိပညာ ၊ အတတ်ပညာစာအုပ် များလည်းများစွာပေါ်ထွက်လို့ လာပါသည် ။ အထူးသဖြင့် ကွန်ပျူတာ ၊ ဖုန်းနှင့်ဆိုင်သော စာအုပ်များ ဆိုင်တိုင်းလိုလိုတွင် ဝယ်ယူ၍ရပါသည် ။ ကျွန်တော့်အသိသူငယ်ချင်းဆိုလျင် နယ်မှလာ၍အလုပ်လုပ်သူဖြစ်ပါသည် ။ သူသည်ကုမ္ပဏီ တစ်ခု၌ အလုပ်လုပ်ပါသည် ။ကွန်ပျူတာဝယ်နိုင်ရန် အသာထားလို့ အစစအရာရာ ကုန်ကျစရိတ်ကြီးမားသော ရန်ကုန်မြို့ကြီးပေါ်တွင် သူရရှိထားသော ဘွဲတစ်ခုဖြင့် အတော်ပင်ရုန်းကန်ရပါသည် ။ သူသည်ကွန်ပျူတာအလွန်ဝါသနာပါသောသူ တစ်ယောက်ဖြစ်ပါသည် ။ သို့သော်စားဝတ်နေရေးအတွက် အလုပ်တစ်ဖက်က ရှိသေးသည်အပြင် သင်တန်းတက်ရန် ငွေပိုငွေလျှံဆိုသည်မှာလည်း ဝေးစွာနတ္ထိ သူ့၌မရှိပါ ။ သူအလွန်ဝါသနာပါသော ကွန်ပျူတာ ပညာရပ်ကို စာအုပ်များဖတ်၍ လေ့လာပါသည် ။ စာအုပ်ထဲမှ သင်ခန်းစာများကို သူ၏ရုံးတွင်ရှိသော ကွန်ပျူတာတွင် လေ့ကျင့်သည်ဟုသိရပါသည် ။ တခါတလေ ကျွန်တော့ထံမှ laptop computer ငှား၍ လေ့ကျင့်ပါသည် ။ ယခုအခါ သူသည် computer တော်တော် ကျွမ်းကျင်သည့် အပြင် graphic design ပညာကိုပင် ဆက်လက်လေ့လာနေပြီဖြစ်ပါသည် ။ သင်တန်းသွားရာတွင် ကုန်မည့်အချိန် ၊ ကုန်ကျမည့် ငွေတို့ကို စာအုပ်ဖတ်ခြင်းဖြင့် ချွေတာကာ ထိရောက်စွာ အသုံးချခဲ့ပါသည် ။
Photo credit;
ဗဟုသုတ ၊ ဒေသန္တရ အကြောင်းအရာများ ကိုသိချင်၍လည်းစာဖတ်ကြပါသည် ။ မရောက်ဖူးသေးသော နိုင်ငံ ၊ မြို့ ၊ ရွာ ၊ဒေသအကြောင်းအရာများ ၊ ယဉ်ကျေးမှုများ ၊ ဓလေ့ထုံးစံများ ကိုစာဖတ်ခြင်းဖြင့်သိနိုင်ပါသည် ။ ထိုမျှမကသေး စီးပွားရေးဆိုင်ရာ အချက်အလက်များ ၊ ထွက်ကုန်ပစ္စည်းများ ၊ ဥပဒေသ အချက်အလက်များ ကိုလည်း စာဖတ်ခြင်းဖြင့်ပင် ဗဟုသုတ ရှာမီး၍ရနိုင်ပါသည် ။ ယခုအခါ ကမ္ဘာကြီးသည် ရွာကြီးတစ်ခုအလားမှတ်ထင်ရအောင် ဖွံ့ဖြိုးတိုးတက်လာပါသည် ။ မိမိလိုချင်သော စာအုပ် ၊ စာပေ ၊ ပညာရပ်ဆိုင်ရာများကိုလည်း online မှရှာဖွေ၍ လေ့လာနိုင်ပြီဖြစ်ပါသည် ။ မည်သို့ပင်လေ့လာစေကာမူ စာမဖတ်ချင်၍တော့ မရပါ ။ စာအုပ်ကို ဖတ်ရသလို Ebook ခေါ် အင်တာနက်စာအုပ် များလည်းဖတ်ရမည် ဖြစ်ပါသည် ။ ကျွန်တော်တို့ မြန်မာနိုင်ငံ အနေဖြင့် တခြားနိုင်ငံများနှင့် ယှဉ်လျှင်စီးပွားရေး ဖွံ့ဖြိုးမှုအလွန်ပင် နောက်ကျခဲ့ရပါသည် ။ ကိုလိုနီစနစ်ဆိုးအပြင် နိုင်ငံရေးမတည်ငြိမ်ခြင်း ၊ ဒေသတွင်းမတည်ငြိမ်ခြင်း၊ ခေတ်အဆက်ဆက် အစိုးရများ၏ စာပေအားပေးမှု အားနည်းခဲ့ခြင်း ၊ နိုင်ငံရေးအတွက် စာပေကိုအသုံးချခဲ့ခြင်း ၊ အစမ်းသပ်ခံများဖြစ်ခဲ့ရခြင်း စသည့်အဓိက အကြောင်းအရာများကြောင့် စာပေပညာရှင်များပေါ်ထွက်လာမှု အလွန်ပင်နည်းခဲ့ရပါသည် ။ ထိုသို့ စီပွားရေး ဖွံ့ဖြိုးမှု နောက်ကျခြင်း သာဓက တစ်ခုအနေဖြင့် အင်တာနက် ဈေးနှုန်းများ အိမ်နီးချင်းနိုင်ငံ များနှင့်ယှဉ်လျှင် အလွန်ပင် ဈေကြီးလှပေသည် ။ နိုင်ငံစီးပွာရေး ဖွံ့ဖြိုးတိုးတက်မှ လူနေမှုဘဝများ မြင့်တက်ကြမည်မှာ အမှန်ပင် ဖြစ်လေသည် ။ ****စီးပွာရေး အားနည်းသော်လည်းမိမိ ဘဝလူနေမှု မြင့်မားရေးအတွက် စာအုပ်စာပေ ၊ လူ့မိတ်ဆွေ ဆိုသည့်အတိုင်း စာပေပညာဖြင့် မြှင့်တင်နိုင်ကြပါစေရန် အထူးအားပေးတိုက်တွန်းရပါသည်*** ။
Photo credit;
ကျွန်တော်တို့ထက် အစပေါင်းများစွာ တိုးတက်နေသော အနောက်နိုင်ငံတစ်ခုတွင် စာပေတန်ဖိုး ထားပုံကို စာဖတ်သူတို့အားပြန်လည် မျှဝေချင်ပါသည် ။အနောက်နိုင်ငံ တစ်ခု၏အလွန်နာမည်ကြီးသော တက္ကသိုလ် တစ်ခုတွင်ဖြစ်ပါသည် ။ ပါမောက္ခကျောင်းအုပ်ကြီး ၏ရုံးခန်းသို့ အိုမင်းနေသော အဖိုးအိုနှင့်အဖွားအို နှစ်ဦးမှာ လက်ချင်းချိတ်လို့ ဖြည်းဖြည်းချင်း လမ်းလျောက်လာပါသည် ။ သူတို့၏ ပုံစံနှင့် ဝတ်စားဆင်ယင်ထားပုံမှာ သာမာန်မျှသာဖြစ်ပါသည် ။ ကျောင်းအုပ်ကြီး ရုံးခန်းရှေ့အခန်းဝ၌ စာရေးမတစ်ယောက်ကို တွေ့ရပါသည် ။ ထိုစာရေးမမှ သာမာန်ဝတ်စားထားသော အဖိုးအိုနှင့်အဖွားအို စုံတွဲအား တချက်မျှ မော့ကြည့်ပြီး အလုပ်ရှုပ်ဟန်ဖြင့် " ဘာများအကူအညီပေးရမလဲ " ဟုမေးပါသည် ။ အဖွားအိုမှ ပါမောက္ခကျောင်းအုပ်ကြီးနှင့်တွေ့ ချင်ကြောင်းပြောပါသည် ။ စာရေးမကကြိုတင် ချိန်းဆိုထားပါသလားဟုမေးရာ အဖွားအိုမှ ခေါင်းခါ၍ မရှိကြောင်းပြောပါသည် ။ ယခုအချိန်သည်ကျောင်းအုပ်ကြီးနားနေချိန်ဖြစ်သဖြင့် တွေ့ခွင့်မရနိုင်ကြောင်း တွေချင်ပါက ၁ နာရီခန့်စောင့်ရမည် ဖြစ်ကြောင်း စာရေးမမှပြန်၍ ပြောပါသည် ။ ထိုအခါ အဖိုးအိုနှင့် အဖွားအိုမှာ ဧည့်သည်များထိုင်ရန် ထားထားသော ထိုင်ခုံတွင်ထိုင်၍စောင့်နေပါသည် ။ တစ်နာရီခန့်ကြာသောအခါ စာရေးမမှ ပါမောက္ခကျောင်းအုပ်ကြီးထံသို့ ဧည့်သည်ရောက်နေကြောင်း ဖုန်းဖြင့်အကြောင်းကြားပါသည် ။ ပြီးမှ အဖိုးအိုနှင့် အဖွားအိုအား ဝင်ခွင်ရပြီဖြစ်ကြောင်း ပြောပြီးလိုက်ပို့ပါသည် ။
ပါမောက္ခကျောင်းအုပ်ကြီးမှ အဖိုးအိုနှင့်အဖွားအို အားတွေ့သောအခါ ဘာများအကူအညီပေးရမလဲ ဟုမေးပြန်ပါသည် ။ ထိုအခါ တချိန်လုံးတိတ်ဆိတ်စွာနေခဲ့သော အဘိုးအိုမှ ၎င်းတို့သည် ယခုတက္ကသိုလ်တွင် တက်နေ၍ မကြာခင်ကမှကင်ဆာရောဂါဖြင့် ဆုံးပါးသွားသော ကျောင်းသားတစ်ဦး၏ မိဘများဖြစ်ကြောင်းမိတ်ဆက်ပါသည် ။ သူတို့၏သားသည်စာတော်၍ ပါမောက္ခကျောင်းအုပ်ကြီးကို အားကျအတုယူသူတစ်ဦးဖြစ်ကြောင်း ၊ သူ၏ကျောင်းစာများ ၊ ဘွဲ့လွန်ဆိုင်ရာစာတမ်းများအတွက် ဤတက္ကသိုလ်၏ စာကြည့်တိုက်ကို အားကိုးခဲ့ရကြောင်း ပြောပြပါသည် ။ ယခုအခါ သူ့သားဆုံးပါးသွားပြီ ဖြစ်သဖြင့် သူသားအတွက် အမှတ်တရတစ်ခုလုပ်ပေးချင်ကြောင်း ၊ ၎င်းမှာ သူ့သားအတွက် အားကိုးခဲ့ရာဖြစ်သော ပညာရပ်ဆိုင်ရာ စာကြည့်တိုက်အား ဒေါ်လာ ၁၀ သန်း လှူချင်၍ဖြစ်ကြောင်းပြောပါသည် ။ အဘယ်ကြောင့် ထိုစိတ်ကူးဖြင့် လှူရသလဲဟု ပါမောက္ခကြီးမှ မေးမြန်းသောအခါ သူတို့နှစ်ဦးစလုံးသည် စာမတတ်ကြကြောင်း နှင့် သူတို့ကဲ့သို့မဖြစ်စေရန်နှင့် သူတို့သားကဲ့သို့ ပညာတတ်များစွာမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ကြောင်း ၊ သူတို့တွင် ပညာတတ်သားသမီးမြောက်မြားစွာရှိသည် ၊ မွေးထုတ်ပေးခဲ့သည်ဟု ခံယူ၍လှူရခြင်းဖြစ်ကြောင်းရှင်းပြပါသည် ။ ဤသည်မှာ စာမတတ်သော်လည်း စာပေ၏ အကျိုးကျေးဇူးကို သိရှိသူဖြစ်ကြောင်းနှင့် မိမိတို့သည် အလှူရှင်ဖြစ်သော်လည်း မာန်တက်ခြင်းမရှိပဲ သည်းခံစွာစောင့်ဆိုင်းတတ်သော သူတို့နိုင်ငံ၏ ဥပဒေလေးစားလိုက်နာမှုကို အတုယူလေးစားမိပါသည် ။အကျဉ်းချုံး၍ ဖော်ပြခြင်းဖြစ်ပြီး မှတ်မိသလောက်ရေးသဖြင့် လွဲချော်မှုရှိပါက ကျွန်တော်၏ အမှားပင်ဖြစ်ကြောင်း ပြောကြားလိုပါသည်။
Photo credit;
နိဂုံးချုပ်အနေဖြင့် စာဖတ်ခြင်း အကျိုးကျေးဇူး ၊ ထိုသို့စာဖတ်ရန် စာရေးရန် အခြေအနေပေးလာသော steemit နှင့်ကြိုးစားတွဲခေါ်နေသော သူများအတွက် ကျွန်တော်ကိုယ်တိုင် ဖန်တီးထားသော ကဗျာလေးဖြင့် အဆုံးသတ်လိုက်ပါရစေ ခင် ဗျား ။ ။
စာပေအကျိုး ၊ အမှန်တိုး ၊ ဖတ်သည့်လူ့တန်ဖိုး
အကျိုးလည်းရှိ ၊ ထိုးထွင်းသိ ၊ စဉ်းစားချင့်ချိန်ညှိ
အသိလည်းကြွယ် ၊ နူးညံ့တယ် ၊ စာဖတ်သူ့စိတ်ဝယ်
စာပေတန်ဖိုး ၊ စဉ်မျှော်ကိုး ၊ ဖွံ့ဖြိုးနိုင်ငံအကျိုး
တစ်ဖက်တစ်လမ်းမှ ၊ ကြိုးစားတယ် ၊ Steemit လုပ်သူများရယ်
သူတို့စေတနာ ၊ ရိုးသားမှု ၊ မြင်လို့ကြည့်ပါယခု
လက်တွဲလို့ရယ် ၊ စေတနာကြွယ် ၊ မာန်မာနကိုဖယ်
သိသမျှတတ်သမျှ ၊ ပြန်ကာမျှ ၊ သူတို့ဗဟုသုတ
မအားလပ်သည့်ကြား ၊ လွန်ကြိုးစား ၊ ချစ်စရာ ဆရာများ
စိတ်ရှည်စွာနဲ့ ၊ တွဲခေါ်တယ် ၊ မြန်မာ့စာပေးအရေးအတွက်ရယ်
မကြာခင်ရှု အောင်မြင်မှု ၊ စာပေအတွက်ကြိုးစားမှု
ညီညွတ်စွာရယ် ၊ ချီတက်မယ် ၊ ပန်တိုင်ဆီသို့ကွယ်
အနာဂတ်မှာအောင်မြင်ရေး ၊ ထာဝစဉ်သာ မဝေး
ထို့ကြောင့်အားလုံး ၊ ကြိုးစားသည် ၊ မြန်မာစတင်းမစ် ကွန်မြူနတီ
ကျွန်တော့်ရင်တွင်း ခံစားချက်များဖြင့် မြန်မာ့စာပေအတွက် ကြိုးစားနေသော Steemit Myanmar အတွက် ဂုဏ်ပြု၍စပ်ဆိုထားသော ကာရန်ကဗျာတစ်ပုဒ် ဖြစ်ပါသည် ။
ကိုယ်တိုင်ရေးဖြစ်သောကြောင့်အမှားအယွင်းများပါပါက ခွင့်လွတ်ကြပါရန်နှင့် မိမိထက်တော်သောဆရာ များ၏ဆုံးမမှုကို အစဉ်နာယူ၊အစဉ်လေးစားလျက်
Written by @Nandaminkhant
Steemit Myanmar