တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ သူများ
ပစ္စည်း အလကားလိုချင်တဲ့ လူတစ်ဦး ရှိတယ်။ အဲ့လူဟာ လမ်းဆုံ လမ်းခွမှာ ထိုင်ပြီး သူ့ရှေ့ဖြတ်လာတဲ့ လူမှန်သမျှဆီကနေ အကုန်တောင်းတယ်။
”ဘိုးဘိုး ဘာတွေယူလာတာလဲခင်ဗျာ...”
”အမယ်ကြီးအတွက် အချိုမုန့်လေးပါကွယ်...”
”အဲ့ဒါဆိုဘိုးဘိုးရယ် ကျနော့်လဲ တစ်ခုလောက် ကျွေးပါခင်ဗျာ...”
အဘိုးကြီးလဲ လူငယ်ကို သနားတာကြောင့်
အမယ်ကြီးဝေစုထဲကနေ မုန့်တစ်ခုယူပြီး လူငယ်ကို ကျွေးလိုက်တယ်။
နောက်တနေ့...
မိန်းကလေးတစ်ယောက် ကိုယ်တိုင်လိပ်တဲ့ဆေးလိပ် လေးတွေ ဗန်းလေးနဲ့ရွက်ပြီး သယ်လာတယ်။
”နှမ...နှမ...ခဏနေပါအုံး...”
”ဘာလဲရှင့်မောင်ကြီး...”
”နှမလေး ဘာတွေသယ်လာတာလဲကွယ်...”
”ဪ...ဆေးလိပ်လေးတွေပါရှင်။ ဟိုဘက်ရွာကို သွားရောင်းမလို့ပါ။”
”အဲ့ဒါဆို ငါ့နှမရယ်...မောင်ကြီးကို ဆေးလိပ်လေး
တစ်လိပ်နှစ်လိပ်လောက် ပေးခဲ့ပါလား။ ”
”မောင်ကြီးရယ်..ဒါတွေက ကျမရောင်းဖို့ပါ။”
”အေးပါနှမရယ်...။ သိပါတယ်။ မောင်ကြီးမှာပိုက်ဆံ မရှိသေးလို့ နောင်အခါ ဝယ်သောက်ပါ့မယ်။
ခုလောလောဆယ်တော့ တစ်လိပ်လောက်ဖြစ်ဖြစ်
ပေးခဲ့ပါ။”
မိန်းမပျိုလဲ ဆက်ပြောလဲ အကြောင်းမထူးနိုင်မှန်းသိလို့ ဆေးလိပ်နှစ်လိပ် ပေးခဲ့ရတယ်။
လူငယ်ဟာ...တွေ့သမျှလူဆီက ပါလာတဲ့ပစ္စည်း
တိုင်းတောင်းနေတော့တာပဲ။ မပေးချင်လို့လဲမရဘူး။ သူဒီလို တောင်းနေပေမယ့် သူက ချို့တဲ့နေသူ
မဟုတ်ပါဘူး။ သူ့မိဘတွေဟာ ကုန်သည်တွေဖြစ်ပြီး ငွေကြေးအတော်အသင့် ချောင်လည်သူတွေဖြစ်ကြပါတယ်။ သူကိုယ်တိုင်ကလည်း သန်သန်မာမာကြီးပါပဲ။
မိဘဆွေမျိုးတွေက အဲ့ဒီလို အချောင်မတောင်းဘဲ
အလုပ်လုပ်ပြီး လူရာဝင်အောင် နေစေချင်ပေမယ့် လူငယ်က တောင်းမြဲတောင်းနေတော့တာပဲ။ လူငယ်က မတောင်းရရင် မနေနိုင်ဘူးတဲ့။ ဗီဇလား၊ ဝသီလားတော့မသိ။ ဒါ့ကြောင့် လူငယ်ရဲ့ မိဘတွေဟာ လူငယ့်ကို သားအဖြစ်မှ စွန့်လွှတ်ထားကြတယ်။
လူငယ်ဟာ သူ့မြို့မှာ အချောင်တောင်းရတာနဲ့တင် အားမရတော့ဘဲ ဘုရင်ရှိတဲ့ နေပြည်တော်ထိ
သွားပြီး တောင်းတယ်။ (ပျဉ်းမနားနေပြည်တော်
မဟုတ်ဘူးနော်) သူထင်သလိုပါပဲ။ နေပြည်တော်မှာ မင်းမှုထမ်းတွေ၊ သူဌေးသူကြွယ်တွေပေါတော့
နန်းတော်နဲ့မနီးမဝေး ဇရပ်တစ်ခုမှာ နေပြီး တောင်းတာပေါ့။ ဒီလိုတောင်းလာတာကြာတော့ အဲ့ဒီ
အနီးတဝိုက်မှာ သွားလာနေထိုင်သူတွေဟာ စိတ်အနှောင့်အယှက် ဖြစ်လာတာပေါ့။
လူငယ်ကို ရှောင်ကွင်းသွားလို့ရသူရှိသလို ရှောင်မရလို့ မကြည်မသာနဲ့ပေးလိုက်ရသူတွေလဲ ဒုနဲ့ဒေးပဲ။
တနေ့ကျတော့ အမတ်တစ်ဦးဟာ လူငယ့်
အကြောင်း ကို ဘုရင်ကို လျှောက်တင်တယ်။
အကြောင်းစုံသိသွားတဲ့ဘုရင်က သူ့ရဲ့မင်းချင်း
နှစ်ယောက်ကိုခေါ်ပြီး အိုးတစ်လုံးကို ထမ်းပိုးနဲ့
သယ်စေပြီး လူငယ်ရှိရာ နေရာရှေ့ကိုလျှောက်
စေတယ်။ လူငယ်က တောင်းရင် ဘယ်လိုပြောရမယ်ဆိုတာကိုလဲ သင်ပေးလိုက်တယ်။
မင်းချင်းနှစ်ဦးလဲ ဘုရင်ညွန်ကြားထားတဲ့အတိုင်း
လူငယ်ရှေ့မှာ အိုးကိုသယ်ပြီး ဖြတ်လျှောက်တာ
ပေါ့။ လူငယ်လဲ အိုးကိုသယ်လာတဲ့ မင်းချင်းနှစ်ဦး ကိုမြင်တဲ့အခါ သူ့ထုံးစံအတိုင်း တားပြီးတောင်းတာပေါ့။ ဒီအခါ မင်းချင်းတို့ကလဲ ဘုရင်သင်ပေးထားတဲ့အတိုင်းပြောတယ်။
နောင်ကြီး...ဒီအိုးထဲမှာ ရေရှိတယ်။ ဒီအိုးထဲက ရေကို ကုန်အောင်သောက်နိုင်လျှင် ဒီနေရာမှာ
ဆက်တောင်းနိုင်တယ်။ ကုန်အောင် မသောက်ဘူး ဆိုရင် နောင်အခါ မည်သူ့ဆီမှ မည်သည့်ပစ္စည်းမှ
မတောင်းရလို့ ဘုရင်မင်းကြီးက အမိန့်ထုတ်ကြောင်း
လူငယ်ကို ပြောပြတယ်။ လူငယ်လဲ မတောင်းရရင် မနေနိုင်သောကြောင့် အိုးထဲကရေကို ကုန်အောင်
သောက်ပါ့မယ်လို့ ပြောတာပေါ့။
တစ်ခွက်....၊ နှစ်ခွက်.....သုံးခွက်....မေးလေးလာပြီ။ ငါးခွက်မြောက်မှာ ဆက်မသောက်နိုင်တော့ကြောင်း မင်းချင်းတို့ကို ပြောတယ်။ တောင်းပန်တယ်။
မင်းချင်းတို့ကလည်း ဘုရင့်အမိန့်ဖြစ်၍ ရပ်မရ
ကြောင်း၊ ဆက်သောက်ဖို့ အမိန့်ပေးတယ်။ အသနား ခံတယ်။ မရ။ နောက်ဆုံးတောင်းပန်မရတော့
ဆက်သောက်ရတယ်။
နောက်ဆုံးတော့ သူများပစ္စည်း အလကား တောင်းတတ်သူ လူငယ်လည်း နေရာမှာပဲ ဗိုက်ကွဲ၍ သေဆုံးသွားပါတယ်။