ကျမမှာ သမီးသုံးယောက်ရှိတယ်။ ဒီသမီးတွေကိုလေ ကျမအရမ်းချစ်တယ်။ ဒါကတော့ မိဘတိုင်း ကိုယ့် သားသမီး ချစ်တာ အဆန်းလုပ်နေသေးတယ်လို့ ပြော ကြမယ်။ ကျမအထင်တော့ သူများမိဘတွေထက်ကို ပိုတယ်လို့ထင်တယ်။ ကျမသမီးတွေကို ချစ်တာလေ ကျမသူတို့ကို ရိုက်ဖို့ဝေးလို့ မဆူရက်၊ မငေါက်ရက်ဘူး။
ကျမယောက်ျားက အလုပ်ကိစ္စနဲ့ ခရီးထွက်နေရတာ များတော့ ကျမတို့သားအမိတွေ ဟိုနေရာသွားလဲ
လေးယောက်ပူး၊ ဒီအိမ်အလည်သွားလဲ လေးယောက်ပူး။ မခွဲဘူး။ ကျမစိတ်ကလည်း ကိုယ် စားစရာရှိရင် သမီးတွေလည်း စားစေချင်တယ်။ သူတို့ ငယ်ငယ်တုန်းက သိပ်ဆိုးလို့ ရိုက်များရိုက်ပြီးပြီ ဆိုရင် အဲ့ဒီတနေ့လုံး နေမရ၊ ထိုင်မရ၊ အိပ်မရနဲ့ စိတ္တဇဆန်တာ ပေါ့။ ကိုယ့်သားသမီးပဲ မလိမ္မာရင် ရိုက်ရမှာပေါ့။ခုတော့ အဲ့လိုမဟုတ်ဘူး။ ရိုက်ပြီးရင် စိတ်မကောင်းလို့ပါးစပ်နဲ့ပဲ နားလည်အောင် ဆုံးမတော့တယ်။
ဒီလိုနဲ့ သမီးတွေလဲ အရွယ်ရောက်လာပြီ။ သမီး အကြီးဆုံး ဆယ်တန်းအောင်တုန်းကဆို ရပ်ကွက်ထဲကို အော်ပြီးကြွားရတာများ သိပ်အရသာရှိတာ။ တစ်ရပ်ကွက်လုံး ကြာဇံဟင်းတိုက်တယ်လေ။ ဒုတိယ သမီး ဆယ်တန်းအောင်တော့လဲ ဒီလိုပဲ။ ကျမက သမီး တွေကို သူငယ်ချင်းလိုပေါင်းတာလေ။ ပြောရဲဆိုရဲ ရှိအောင်။
ဒီလိုနဲ့ သမီးအကြီးက တက္ကသိုလ်နောက်ဆုံးနှစ်မှာ
ရည်းစားရရော။ ကျမမဆူပါဘူး။ အဲ့အချိန် သမီးတို့ အဖေက လေဖြန်းရော။ ကုလိုက်ရတာ။ ရှိသမျှ၊ စုဆောင်းသမျှ အကုန် ကုန်တာပဲ။ သမီးတို့အဖေ ရှာနိုင် ဖွေနိုင်တုန်းက ကျမတို့သားအမိတွေရဲ့ ရွှေရောင်နေ့ရက် များပေါ့။ ခုတော့ ယောက်ျားက လေဖြန်းယုံတင်မက စိတ်ဓာတ်ပါကျတော့ အခြား ရောဂါတွေဝင်လာရော။ သူက သူ့ကိုယ်သူ လူမမာကြီးလုံးလုံး လုပ်ပစ်တာ။ လေဖြန်းတာက ပါးပဲ ရွဲ့သွားတာပါ။ ယောက်ျားက အသည်းနုတော့ ကျမတို့ဘဝတွေပါ ရွဲ့သွားရတာပေါ့။
ဒီကြားထဲ သမီးအကြီးမက မလိမ္မာ၊ငွေကြေးကျပ်တည်း လာလို့ အလုပ်လုပ်ခိုင်းပြန်တော့ သူ့အရင်ရောက်သူတွေ က ပညာပြလို့တဲ့။ အလုပ်ထွက်လာခဲ့တယ်။ အခြား အလုပ် လုပ်ခိုင်းပြန်တော့ အိမ်နဲ့ဝေးရင် သူ့ကိုကြိုပို့ လုပ်ပေးရတယ်။ စက်ဘီး၊ ဆိုင်ကယ်လဲ မစီးတတ်၊ သင်ပေးပြန်တော့လဲ ကြိုးစားမသင်၊ ဒါနဲ့ကျမလဲ သူ့ကို လက်လွှတ်ရအောင် ယောက်ျားပေးစားလိုက်တယ်။
အဲ့မှာသမီးတို့အဖေနဲ့ ကျမနဲ့ စိတ်သဘောထားကွဲလွဲကြ တာပဲ။ သူက သမီးကို မိဘကိုတစ်နှစ်တန်သည်၊ နှစ်နှစ် တန်သည် လုပ်ကျွေးပြီးမှ အိမ်ထောင်ပြုစေချင်တာ။ ကျမက ဘွဲ့ရရချင်း အိမ်ထောင်ပြုပေးလိုက်တော့ ယောက်ျားကရော၊ အမေနဲ့ မောင်နှမတွေက စိတ်ဆိုး ကြတယ်။
သူတို့စိတ်ဆိုးတာလဲမလွန်ဘူး။ ဒါပေမယ့်...ကျမသမီး ကြီးရဲ့ ဝန်က တက်လာပြီလေ။ ဝင်ငွေတစ်ခုတည်း ရပ်တည်နေရပါတယ်ဆို အမေ့ဝမ်းဆက်အသစ်ဝယ်ပေး ဆံပင်ဖြောင့်ချင်တာ၊ ကောက်ချင်တာ စသဖြင့် သူ့အသုံး စရိတ်ကိုကမနည်းဘူး။ ဒီတော့ ကိုယ့်အိမ်ထောင်နဲ့ ကိုယ် ဆို နားလည်သွားမှာပဲဆိုတဲ့အတွေးနဲ့ သူ့ကို အိမ်ထောင် ပြုစေလိုက်တာပဲ။
အဲ့ခါမှ ပိုဆိုးတာ။ သမီးယောက်ျားက တခြားမြို့က ဆိုတော့ သမီးက အမေတို့နဲ့ မခွဲနိုင်လို့ဆိုပြီး အိမ်ပေါ် တက်နေတယ်လေ။ ကလေးတို့အဖေက ဘွဲ့ရပြီးပြီးချင်း ယောက်ျားယူတော့ သမီးကြီးကို အိမ်မှာနေတာ မကြည်ဖြူ။ အဲ့တော့ ကျမတို့လင်မယားလည်း အမြဲ ရန်ဖြစ်ရတာပေါ့။ သမီးကြီးက ယောက္ခမနဲ့လဲ မတည့်၊ ယောင်းမနဲ့လဲမတည့်ဆိုတော့ ကျမပဲ ခေါ်ထားရတာ ပေါ့ရှင်။
ဒီကြားထဲ သမီးသားဦးလေးမွေးလာတော့ ကျမတို့
နည်းနည်း ကသီလာပြီ။ ယောက်ျားကပင်စင်ထိုင်ပြီလေ အစိုးရအိမ်က ဖယ်ရမှာဆိုတော့ ရှိသမျှငွေလေးနဲ့ အမေ့မြေကွက်မှာ အိမ်ဆောက်ပြီး သမီးကိုနေခိုင်းတာ ပေါ့။ အဲ့လိုကျလဲ မဖြစ်ပြန်ဘူး။ ကျမ မြေးက ဆော့ လိုက်တာလက်လက်ကိုထနေတော့ ခဏတိုင်း ဒဏ်ရာ ရတယ်။ ပြီးတော့ကျမမြေးက ကျမဆီပဲနေတယ်။ ကျမက အလိုလိုက်တာကိုး...။ ကလေးဆိုတော့ လက်သာရာနေတာ။
အမေ့မြေကွက်မှာ အိမ်ဆောက်လိုက်တော့ ကျမ စုဆောင်းထားတာ ကုန်တာပါပဲ။ အိမ်ကလဲ နားမလည် လို့ အသိကို ငွေပုံပေးပြီးဆောက်ခိုင်းတာ ဘာမှ မကောင်းဘူး။ အိမ်ကလည်းမကောင်း၊ ချိုင့်ဖြစ်နေ တော့ မိုးရွာရင် ကျမတို့တစ်အိမ်တည်း ကွက်ပြီး ရေဝင် တာဆိုတော့ သမီးကြီးကမနေချင်၊ ရေကလည်း မိုးများ ရင် ရင်ခေါင်းရောက်တယ်။
အစိုးရအိမ်က ဖယ်ရမှာဆိုတော့ သမီးအလတ်ကိုအစိုးရ အလုပ်ထဲ သွင်းပေးလိုက်လို့ နေပြည်တော်မှာ အိမ်ခန်း ရတဲ့အတွက် ကျမတို့မိသားစုလဲ နေပြည်တော်ကို ပြောင်းသွားကြပါတယ်။ သမီးကြီးတို့မိသားစုကတော့ မြို့သစ်အိမ်မှာပေါ့။
ဒီတခါတော့ ကျမသမီးကြီးကို တကယ်လက်လွှတ်ချင် ပါပြီ။ ကိုယ်ကအသက်ကြီးလာတော့ ငယ်တုန်းကလို စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘူး။ အရင်တုန်းက တော့ ကိုယ်မလုပ်နိုင် ငွေပေးခိုင်းရင်ဖြစ်တယ်။ ခုတော့ ငွေလဲမသုံးနိုင်၊ သမီးကြီး အဆင်မပြေတာမြင်ရတော့ စိတ်ဆင်းရဲ၊ မိဘရှိနေလို့ ဘဝမနာတာလားဆိုပြီး ပစ်ထားမယ်လုပ်ကာမှ ကျမလေ လှေခါးပေါ်က ချော် ကျပြီး ဒူးခေါင်းအရွတ်ကွာသွားလို့ ညီမအိမ်မှာ သောင်တင်နေတယ်။ ကျန်တဲ့သမီးနှစ်ယောက်အတွက် စိတ်ချရပေမယ့် ဒီသမီးကြီးအတွက် တကယ်အေးချမ်း ချင်ပါပြီ။ စိတ်အေးချမ်းရအောင်၊ သမီးကြီး အဆင်ပြေ အောင် ခုတော့ ဘုရားမှာအကြိမ်ကြိမ်ဆုတောင်းရင်း...။
Author@nweoomon
Photo@nweoomon
MSC 265
31.7.2018