”ငါမသိဘူး” ဆိုတဲ့ စကားလေး တစ်ခွန်းကြောင့်
သူငယ်ချင်း အချင်းချင်း ယုံကြည်မှုပျက်ခဲ့ရတဲ့
အဖြစ်အပျက်လေး တစ်ခုရှိခဲ့တယ်။ တကယ်ပါ။
မှုံကြီး၊ ဝဏ္ဏနဲ့ ရခိုင်ဆိုတဲ့ သူငယ်ချင်း
သုံးယောက်ရှိပါတယ်။ ငယ်ကတည်းက ကျောင်းနေဖက်သူငယ်ချင်းတွေပါ။ ဆယ်တန်းရောက်တော့
လိုင်းကွဲသွားကြပါတယ်။ မှုံကြီးကကျောင်းထွက်ပြီး ဝါသနာပါတဲ့ ဝပ်ရှော့ပညာကို အိမ်နားက ဦးလေး
ကြီးဆီမှာပဲ သင်တယ်။ ဝဏ္ဏနဲ့ ရခိုင်က ကျောင်း
ဆက်တက်ကြပါတယ်။
ဒီအတောအတွင်း သူငယ်ချင်းသုံးယောက်ဟာ အခင်အမင်မပျက်ကြပါဘူး။ ကိုယ့်လမ်းကိုယ် လျှောက်
နေကြပေမယ့် တပတ်တခါ၊ တစ်လတစ်ခါလောက် အရက်ဘီယာသောက်ကြရင်း သူ့အကြောင်း ကိုယ့်အကြောင်းပြောကြပါတယ်။ အဲ့လိုသောက်တဲ့အခါ ရခိုင်နဲ့ မှုံကြီးကလက်ရည်တူပါတယ်။ ဝဏ္ဏကတော့
သောက်လဲ ထိန်းထိန်းသိမ်းသိမ်းသောက်တယ်။
ဒီနေရာမှာ သူငယ်ချင်းသုံးဦးရဲ့ စရိုက်ကလေးတွေ ပြောပြချင်ပါတယ်။ မှုံကြီးက စကားနည်းတယ်။
ဒူပေတန်ပေခံတယ်။ သူမကြိုက်တာတစ်ခုခုဆို
ပြန်ပြောမနေဘူး။ ရှောင်ထွက်သွားတတ်တယ်။ စိတ်မှတ်ကြီးတယ်။ သူများအပေါ်တတ်နိုင်သလောက်
ကူညီပေးပေမယ့် လူလည်ကျရင်တော့ လုံးဝ
ပြန်လှည့်မကြည့်ဘူး။ သူက ဝပ်ရှော့ပညာသင်ပြီး
ကိုယ်ပိုင်ဆိုင်လေးတစ်ခု ဖွင့်ထားတယ်။
ဝဏ္ဏကတော့ တဘာသာ။ စကားပြောညက်တယ်။ အန်တီဖြင့်အန်တီ။ ဦးလေးဖြင့်ဦးလေး၊ ငါ့ညီ၊
အကိုကြီးစသဖြင့် ခေါ်ပြီးစကားပြောတတ်တယ်။
အရွယ်စုံနဲ့အဖွဲ့ကျတတ်တယ်။ သူကဘွဲ့ရပြီး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတယ်။
ရခိုင်ကတော့ ကျောင်းပြီးကတည်းက သူ့မွေးရပ်
ပြန်သွားပြီး အလုပ်လုပ်နေတယ်။ ဘာအလုပ်လုပ်နေလဲမသိပေမယ့် ငွေကို ရေလိုသုံးနိုင်တာအံ့သြစရာပါ။
ဆယ်စုနှစ်တစ်ခုလောက်အကြာမှာ သူငယ်ချင်းသုံးဦးဟာ အသီးသီးအိမ်ထောင်ကျကုန်ပါတယ်။
တနေ့တော့ ရခိုင်ဟာ မှုံကြီးကို သူရဲ့ လုပ်ငန်း
တချို့မှာ ကူညီလုပ်ကိုင်ပေးဖို့ ပြောလာတယ်။ မှုံကြီးကလည်း ကူညီပေးတယ်။ ရခိုင်ရဲ့လုပ်ငန်းဟာ ဘာအလုပ်ဆိုတာ တိတိပပ ပြောဖို့ ခက်ပါတယ်။ ဟိုအလုပ် ဒီအလုပ် ငွေရတာမှန်သမျှအကုန်လုပ်တယ်။
သူ့အမေ၊ မိန်းမကခိုင်းရင်တောင် ဈေးမသွားတဲ့
မှုံကြီးဟာ ခုသူငယ်ချင်းကခိုင်းတော့ ဈေးချိုတခွင်
ပြဲပြဲစင်အောင် လျှောက်သွားပြီး ဈေးဝယ်ပါတယ်။ ဆန်၊ ဆီ၊ ငရုတ်၊ လေဖောင်းမုန့်၊ စားစရာမျိုးစုံ၊ ကစားစရာမျိုးစုံ အစရှိသဖြင့် အကုန်ဝယ်ရပါ
တယ်။ ရခိုင်က သူ့မွေးရပ်မှာ ကုန်စုံဆိုင်
အကြီးကြီးတစ်ခု ဖွင့်ထားတာကိုး..။
အဲ့ဒါတင်မဟုတ်၊ ကားshowroom ဖွင့်မယ်ဆိုပြီး
မြို့သစ်ဘက်မှာ နေရာလိုက်ရှာ၊ အဆောက်အဦ
ဆောက်တာ၊ မြေငှါးတာ၊ ငွေကြေးကိစ္စတွေအားလုံး မှုံကြီးပဲ လုပ်ရတယ်။ အဲ့လိုငွေကြေးကိစ္စဆောင်ရွက် နိုင်အောင် မှုံကြီးကို အကောင့်တစ်ခုဖွင့်ပေးပြီး ငွေလွှဲပေးထားတယ်။ မှုံကြီးကလည်း ငွေသုံးပြီဆို ဘာအတွက် ဘယ်လောက်ဆိုတာအကုန်မှတ်ပြီး စါရင်းစာအုပ်လုပ်ထားတယ်။ ရခိုင်က စာရင်းရှင်းပြီဆို အဲ့မှတ်ထားတဲ့စာအုပ်ပေးလိုက်တယ်။
ရခိုင့်ရဲ့အကျင့်က ဥပမာ ktv မှာ ငွေဆယ်သိန်းဖြုန်းလိုက်ပေမယ့် အလှူခံမဏ္ဍပ်မှာ ၁၀၀၀ လောက်ပဲ လှူတတ်သလိုမျိုး၊ သူကြည်ဖြူရင် သူငယ်ချင်းကိုလေးငါးသိန်း ဘတ်ကနဲပေးတတ်ပေမယ့် လုပ်ငန်းကိစ္စမှာ ငါးရာတစ်ထောင်ကစ ပြန်အမ်းပေးရတယ်။
ဆက်ပါအုံးမည်
Author@nweoomon
Photo@nweoomon
MSC 265
22.8.2018