ဒီနေ့ မမျှော်လင့်ဘဲ မြို့ထဲသွားရန် အကြောင်းပေါ်လာသည်။ ကျမ၏ မဖြစ်စလောက်ငွေလေးကို ဘဏ်မှာ စာရင်းသေအပ်ထားငွေမှ အတိုးထုတ်လို့ ရသဖြင့် လာရောက်ထုတ်ယူရန် ဘဏ်မှ ဖုန်းဆက်အကြောင်းကြားသဖြင့် သွားရခြင်းဖြစ်သည်။
ဖြစ်နိုင်လျှင် မြို့ထဲကို မသွားချင်ပေ။ မသွားချင်ရခြင်းအကြောင်းရင်းက ရှိသည်။ မြို့ထဲ တစ်ခေါက်သွားလျှင် မီနီအိုးဝေခ တစ်သောင်းကျပ် ပေးရသော ကြောင့်ဖြစ်သည်။ ကိုယ်ကလည်းညံ့သည်။ ဆိုင်ကယ်ကမစီးတတ်၊ မစီးရဲ။ မြို့ထဲမှ မြို့ပြင်သို့ မမျှော်လင့်ဘဲရောက်လာသောအခါ အကြောင်းကြီးငယ်ရှိ၍ မြို့ထဲသွားချင်လျှင် တိုင်ပတ်တော့သည်။ အိမ်ကတူမတွေကမအား၊ ဒီတော့ အိမ်ရှေ့အိမ်က အိုးဝေသမားကို မငှားချင်ဘဲ ငှားရတော့သည်။
မြို့ထဲက ကျမတို့သွားနေကျ အိုးဝေသမားလေးဆိုလျှင် အဲ့လောက်မပေးရ ပေ။ သို့သော် သူကမြို့ထဲ၊ ကျမက မြို့ပြင်ဆိုတော့ ကိုယ်သွားချင်လျှင် အဆင်မသင့်တော့ပေ။ အိမ်ရှေ့ကအိုးဝေသမားကလည်း စာတတ်သွားလေပြီ။ အရင်က လျော့ပါအုံးဆို တစ်ထောင်လောက်လျော့ပေးသေးသည်။ ယခု တော့ ဆီဈေးတက်တာအကြောင်းပြပြီး နည်းနည်းတောင်လျော့မပေးတော့ ပေ။
သူကလျော့မပေးတော့ ကိုယ်ကသူတောင်းသမျှပေးရသည်ပေါ့။ သို့ပေမယ့် အဲပေါ့လေ....။ လျော့မပေးမယ့်အတူတူ မြို့ထဲရှိ ကိုယ်သွားချင်သည့် နေရာ မှန်သမျှ အကုန်လိုက်ပို့ခိုင်းသည်။ ဒီနေ့ဘဏ်သွားရမည်ဆိုကတည်းက တစ် မြို့နယ်ထဲရှိအသိ အိမ်ကိုလိုက်ပို့ခိုင်းသည်။ ပြီးတော့ ထိုနေရာမှ တဆင့် ဘဏ်သွား။ ဘဏ်ကပြန်လာတော့ မြို့ထဲရှိ တူမအလုပ်လုပ်သည့် ဆိုင်ကို သွား၊ ဒံပေါက်ဝယ်၊ ပြီးတော့ ဘူတာကြီးရှေ့ ရီမွန်ဆိုင်မှာ လက်ဖက်၊ အကြော်စုံ၊ စားချင်သည့် မုန့်တွေဝယ်၊ နောက် စာကြည့်တိုက်သွား ဖတ်ချင် သည့်စာအုပ်တွေငှားပြီးမှ အိမ်ပြန်လာသည်။
လည်ချင်ရာလည်ပြီး အိမ်ပြန်ရောက်တော့ နေ့လည် (၁) နာရီကျော်ပြီ။ ဗိုက်ဆာပြီပေါ့။ နေ့လည်စာကို ဝယ်လာသည့် ဒံပေါက်တွေစား၊ ပြီးတော့ အချို အဖြစ်လက်ဖက်ရည်သောက်ပြီးသည့် အခါမှာတော့ ဒံပေါက် အရှိန်ကြောင့် မျက်လုံးတွေလေးလာသည်။
အိပ်ချင်စိတ်ကို ဖျောက်ပြီး ဒီနေ့အတွက် ပိုစ့်မတင်ရသေးသည်ကို သတိရသဖြင့် စာရေးရန် ပြင်ဆင်ရသည်။ ရေးမယ်လုပ်ကာမှ ရေးစရာအကြောင်း တွေပျောက်နေသည်။ မဖြစ် နားလို့မဖြစ်ဘူး။ ကိုယ့်မှာ သူများထက် အစစ အရာရာနောက်ကျနေရတဲ့အထဲ ပိုစ့်လေးတစ်ခုတောင် မတင်ဖြစ်လျှင် ပိုဆိုး တော့မည်။ ဘာလေးများရေးရင်ကောင်းမလည်း စဉ်းစားရင်း တစ်ရေးလောက်အိပ်ပြီး စဉ်းစားလိုက်အုံးမည်။ နိုးလာမှသာ ပိုစ့်တင်တော့မည်။