အချိန်ကား ည (၂) နာရီခန့်ရှိလေပြီ။ ဒီရက်ပိုင်းတွေမှာ ကျမကောင်းကောင်း အိပ်မပျော်ပေ။ အိပ်မပျော်ဆို လေဖြတ်နေသော အမေ့အား ပြုစုနေရသဖြင့်ဖြစ်သည်။ အမေသည် လွန်ခဲ့သော နှစ်လခန့်မှစ၍ လေဖြတ်သွား သည်။ ကျမအိမ်တွင် ကျမအပါအဝင် မိဘနှစ်ပါး၊ အကို နှစ်ယောက်နှင့် ဒေါ်လေး၊ အားလုံးမိသားစု (၅) ဦးသာ ရှိရာ အမေ့ကို ဒေါ်လေးက နေ့ခင်းတွင် ပြုစု၍ ညအချိန် တွင် ကျမက ပြုစုရပါသည်။
အဖေနှင့် အကိုနှစ်ဦးမှာ ယောက်ျားလေးများဖြစ်၍ အမေဝေယျာဝစ္စများကို မပြုစုပေးနိုင်သလို အရှက် အကြောက်ကြီးသော ကျမအမေကလည်း ပြုစုမခံပေ။ ကျမမှာ နေ့ခင်းတွင် ရုံးတက်ရ၍ ညအချိန် အမေ့အား ပြုစုရသဖြင့် ပင်ပန်းလှသော်လည်း အမေ့ကို ပြုစုရ သည်ကို ကျေနပ်မိသည်။ဒေါ်လေးမှာလည်း အမေ့ကို တနေကုန်ပြုစုရသဖြင့် ပင်ပန်းလှ၍ ညအချိန်တွင် နားစေရသည်။ နေမကောင်းသူ ကိုပြုစုရပင်ပန်းသည်မှာ လူမမာရှိဖူးသောအိမ်မှသာ သိရှိနိုင်ပါသည်။
မနေ့ညကတော့ ညဥ့်ဦးပိုင်းတွင်လက်ဖက်စားတာများ သွား၍ ကောင်းကောင်းအိပ်မပျော်ပေ။ ထိုအချိန်တွင် အိမ်အပြင်ဘက်ဆီမှ ဂျောက်ကနဲအသံကို ကြားလိုက်ရ ၍ နားစွင့်နေမိသည်။ နောက်တစ်ကြိမ်ကြားလိုက်သော အခါ ကိုလေးကို နှိုး၍ အိမ်အပြင်ဘက်ထွက်ကြည့်မိ သည်။ လား...လား..လူတစ်ဦးဆိုင်ကယ်ဇက်သော့များ ကို ဖြုတ်၍ တစ်စီးပြီးတစ်စီး လမ်းမဘက်သို့ ဦးလှည့် ထားသည်ကိုမြင်လိုက်ရသည်။
ကျမတို့်ဘေးအိမ်မှာ အဆောင်ဖြစ်၍ ဆိုင်ကယ်များကို အိမ်အပြင်ဘက်တွင် ဇက်သော့များခပ်ပြီး တန်းစီထားရ ပါသည်။ ယခု သူခိုးက ထိုဆိုင်ကယ်များကို ဇက်သော့ များဖြုတ်၍ ခိုးနေခြင်းဖြစ်သည်။ တစ်စီးတည်းမဟုတ်၊ လေးငါးစီးဖြစ်သည်။ အတော်အတင့်ရဲ သောသူခိုးပါ လား။ ကျမဒေါသထွက်သွားသည်။ ဒီလောက်ထိ မီးကို ထိန်လင်းနေအောင် ဖွင့်ထားတာတောင် ဆိုင်ကယ်များ စိတ်တိုင်းကျခိုးနေသည်။
ကျမကြည့်နေစဉ်မှာပင် ကိုလေးက သံချိန်းကြိုးယူပြီး အိမ်ပြင်ထွက်သွားရာ ကျမလဲ သံဒုတ်ကိုင်ပြီး ကိုလေး နောက်က အပြေးလိုက်သွားသည်။ ကိုလေးက ”ဟေ့ကောင်...သူခိုးမပြေးနဲ့”ဟု အော်လိုက်သောအခါ သူခိုးလည်း ဇက်သော့ဖြုတ်လက်စ ဆိုင်ကယ်ကို အတင်းစက်နှိုးပြီး ပြေးသည်။ ကံကောင်း၍ ဆိုင်ကယ် မှာ စက်မနိုးပေ။ သူခိုးက ”ခင်ဗျားလမ်းဖယ်နော် ကျုပ် ဆိုင်ကယ် ကျုပ်မောင်းတာ” ဟု ပြောပြီး ဇွတ်တွန်း၍ ရပ်ကွက်ထဲမှ ထွက်ပြေးသွားသည်။
ကျမတို့မောင်နှမလဲ သူခိုးနောက် အပြေးလိုက်ကြရင်း တစ်ဖက်ရပ်ကွက်အရောက်တွင် သူခိုးကို ဖမ်းမိကြ သည်။ ထိုအခါမှ ကျမတို့ရပ်ကွက်ထဲက လူတွေလည်း နိုးလာကြပြီး မိသွားသော သူခိုးကို ဝိုင်းပြီး ဆွမ်းကြီး လောင်းကြသည်။ သူခိုးမိသောထိုရပ်ကွက်အနီးတွင် ဆောက်လက်စ တိုက်တစ်လုံးရှိ၍ ထိုတိုက်အနီးတွင် လည်း ဆိုင်ကယ်လေးငါးစီးခန့် တန်းစီထားရာ ကျမတို့ ”သူခိုး...သူခိုး” ဟု အော်သောအခါမှ အဆိုပါတိုက်အနီး မှောင်ရိပ်ထဲမှ လူသုံးလေးဦး ခန့် ဆိုင်ကယ်ကိုယ်စီစီးပြီး ထွက်ပြေးသွားကြသည်။
ရပ်ကွက်ထဲမှ လူများလည်း ဆိုင်ကယ်သူခိုးကို ဝိုင်းဝန်း စစ်မေးသောအခါမှ အဆိုပါလူများ စီးသွားသော ဆိုင်ကယ်များမှာလည်း တဖက်ရပ်ကွက်မှဆိုင်ကယ်များ ဖြစ်ပြီး ဆောက်လက်စတိုက်အနီးတွင် ထားခြင်းဖြင့် ထင်ယောင်ထင်မှားဖြစ်စေရန် ဖန်တီးထားသည်။ အတော်အကြံကြီးသော သူခိုးများပါကလား။ ဆိုင်ကယ် တချို့ သူခိုးများနောက်ပါသွားသော်လည်း သူခိုးတစ်ဦး မိထားပြီဖြစ်၍ စစ်မေးရန် လွယ်ကူလှသည်။ ကျမတို့ မောင်နှမနှစ်ဦးလည်း ရဲများရောက်လာကြပြီဖြစ်သဖြင့် အိမ်ပြန်လာကြသည်။
ဆိုင်ကယ်သူခိုးများမှာတစ်ဦးက ဇက်သော့များဖြုတ်ပြီး အလွယ်တကူ မောင်းထွက်နိုင်ရန် စီစဉ်ပေးရပြီး ကျန်သူ များမှာ ထိုဆိုင်ကယ်များကို လွတ်ကင်းရာသို့ မောင်းရွှေ့ ရသည့် တာဝန်ယူကြဟန်တူပါသည်။ ဪ...တော်တော် ဥာဏ်များလှကြပါလား။ ထိုဥာဏ် များကို ကောင်းသည့်နေရာတွင် သုံးလျှင် ဘယ်လောက် ကောင်းလိုက်မလဲ။ ခုတော့ သူများပစ္စည်း အချောင်ယူ ချင်တာ ထောင်ကျတော့မည်။ သူခိုးမှာ အသက်နှစ်ဆယ် ဝန်းကျင်လောက်ရှိမည်။
ကျမရုံးကပြန်ရောက်တော့ အဆိုပါ သူခိုးစီးလာသည့် ဆိုင်ကယ်ကို ရဲစခန်းမှ လာရောက်သိမ်းသွားသည်ဟု ကြားရသည်။ သူများပစ္စည်းအချောင်လိုချင်တော့ ကိုယ်ပစ္စည်းလဲဆုံး၊ အဖမ်းလဲခံရ၊ မိသားစုလဲအရှက်ရ၊ ကိုယ့်ဘဝလဲ လူညွန့်တုံးရတော့မည်လို့ သူခိုးက အသိ တရားရ/မရ မသိ၊ ကျမကတွေးကြည့်မိသည်။
တဆက်တည်းပဲ မနေ့ညက သူခိုးဖမ်းချင်ဇောဖြင့် သူခိုး နောက် ကောက်ကောက်ပါအောင် လိုက်မိသော ကျမ အဖြစ်ကို တွေးကြည့်မိသည်။ ကံကောင်းလို့ပါလား။ သူခိုးတွင် ဓားပါလျှင် ကျမတို့မောင်နှမ ကိုယ်ကျိုးနည်း အုံးမည်။ ရပ်ကွက်ထဲက လူများက နောက်မှရောက်လာ ကြသည်မဟုတ်လား။ ဘာပဲပြောပြော ကျမတို့မောင်နှမ ကြောင့် ဆိုင်ကယ်ဆယ်စီးခန့် သူခိုးခိုးခံရခြင်းမှ ကယ်တင်နိုင်လိုက်သည်ဟု မှတ်ယူရင်း ဆိုင်ကယ်ပိုင်ရှင် များကိုယ်စား ဝမ်းသာနေပါတော့တယ်ရှင်။
15.7.2018 နေ့ ညကဖြစ်ခဲ့သော ဖြစ်ရပ်မှန်တစ်ခုကို ခံစားရေးသားထားခြင်း ဖြစ်ပါသည်။