ဒီအကြွေစေ့လေးတွေ မြင်ရတော့ ငယ်ငယ်တုန်းက ဘဝကိုသတိရမိတယ်။ ကိုယ်တွေငယ်ငယ်တုန်းက
မုန့်ဖိုးရရင် အကြွေစေ့ပဲရတာလေ။ သူငယ်တန်းက နေ သုံးလေးတန်းအထိ အကြွေစေ့မုန့်ဖိုးပဲ။ ငါးတန်း ရောက်တော့ တစ်ကျပ်၊ နှစ်ကျပ်ပဲ။ နောက်ငါးကျပ် ဪ...ကျပ်တန်လေးတွေတောင် မရှိသလောက် ရှားသွားပြီ။
အကြွေစေ့နဲ့ပတ်သက်လို့ နောက်တချက် သတိရမိတာက သူခိုးကာလလို့ခေါ်တဲ့ တန်ဆောင်တိုင်
မီးထွန်းပွဲပါ။ အဲ့တုန်းကများဆိုရင် အိမ်တိုင်း
အိမ်တိုင်းပိုက်ဆံကျဲကြတာများ ပျော်စရာ အရမ်း
ကောင်း။ တစ်၊ နှစ်၊ သုံး ပိုက်ဆံကြဲပါဗျို့...လို့ အော်ရတာ ပျော်စရာကြီး။
အော်ပြီးရှေ့ဆုံးကမနေရဲပါဘူး။ ကိုယ်ကလူကောင်
သေးသေးနဲ့ဆိုတော့ လူပိမှာဆိုးလို့ နောက်နားကနေ ပဲ ပိုက်ဆံကောက်ရတယ်။ လှမ်းကြဲလိုက်တဲ့အကြွေ စေ့က ဒေါင်ကနဲ့နဖူးမှန်တာလဲ ခဏခဏ။ ကောက်လို့ ရတဲ့ပိုက်ဆံလေးတွေကို အိမ်ပြန်ပြီး အဖေ့ဆီ အပြေးအပ်ရတာအမော။ အဖေ့က ငါ့သမီးရယ် ဒူးကွဲပါ့မယ် မကောက်ပါနဲ့တားလဲမရ။ အင်း...ခုတော့ အဲ့လိုတားမယ့်အဖေနဲ့ အမေလဲ မရှိတော့ပြီ။
ကလေးတုန်းကများ ခဏခဏ ပိုက်ဆံကောက်ရ
တယ်။ ဆယ်ပြားစေ့ကောက်ရလိုက်၊ မတ်စေ့
ကောက်ရလိုက်နဲ့။ ပိုက်ဆံများကောက်ရရင် အရမ်း
ပျော်တာ။ ကောက်ရတဲ့ ပိုက်ဆံကို မြေကြီးမှာချ...ဖနောင့်လေးနဲ့ပွတ်လို့ ပိုက်ဆံလေး ပြောင်ဝင်းသွားရင် မုန့်ဆိုင်ပြေးပြီး မုန့်ဝယ်စားရတာ အမော။
ကျမတို့ငယ်ငယ်က မုန့်ဆိုင်ဆိုတာ ခုခေတ်လို လေ
ဖောင်းမုန့်တွေမဟုတ်ဘူး။ ဇီးဖြူသီး၊ ဂွေးသီး၊
မက်မန်းသီးတွေကိုပါးပါးလှီးပြီး ငပိ၊ ငရုတ်သီး
မှုန့်နဲ့သုပ်ထားတဲ့အချဉ်ပေါင်းကို တမတ်ဖိုး၊ ငါးမူးဖိုး အဲ့လိုဝယ်စားရတာ။ နောက်ပြီး နေ့လယ်ခင်းဆို ”နို..ထ မင်၊ နို့ခဲ၊ နို့ချဉ်...ရပြီလေ...” လို့ အော်သံ
ကြားရင် ကွန်ပါဗူးအောက်ခံမှာ ဝှက်သိမ်းထားတဲ့
ပိုက်ဆံလေး ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဝယ်စားရတာ။
နောက်ထပ် ကျမကြိုက်တဲ့ မုန့်သည်ကြီးရှိသေး
တယ်။ သူကကျ ပလပ်စတစ်တွေ၊ ဗလာစာအုပ်
အဟောင်းတွေကို မရွေးနဲ့ လဲတာ။ ဟော...
နောက်ထပ် လက်ခ်ျမီးခေါက်ဆွဲဆိုတာရှိသေးတယ်။
သူ့ခေါက်ဆွဲကြော်က သူများနဲ့မတူဘူး။ အရမ်း စားကောင်းတာ။ အမြဲတမ်းဝယ်မစားနိုင်ဘူး။
တပတ်တစ်ခါလောက်ပဲ။
ညဘက်ရောက်ပြီဆို ကျမတို့ကလေးတသိုက် ဖန်ခုန်တမ်း၊ ထုပ်ဆီးတိုးတမ်း၊ စိန်ပြေးလိုက်တမ်း၊ နောက် တိုင်ဦးတမ်းကစားကြတယ်။ မောလာပြီဆို စကားထာဝှက်တမ်း၊ ပုံပြင်ပြောတမ်းဆော့ကြတယ်။ ကျမတို့ ကလေးဘဝက အဲ့လိုပျော်ဆော့ခဲ့ကြရတာပါ။
အလယ်တန်းကျောင်းသူဘဝရောက်တော့ ဝတ္ထုတွေဖတ်လာပြီ။ နောက်ကျ အဖေ့စာအုပ်စင် မွှေပါပြီ။
မင်းဘူးဦးသြဘာသရဲ့ ဇာတ်ကြီးဆယ်ဘွဲ့၊ နောက်
ပြီး ငါးရာ့ငါးဆယ်နိပါတ်တော်တွေ၊ ဗုဒ္ဓဝင်စာအုပ်
တွေဖတ်လာပြီ။
ခုခေတ်ကလေးတွေကျ ကျမတို့လောက် စာဖတ်အား မသန်တော့ဘူး။ ဒါကလဲ အိမ်က ကလေးတွေ
ကြည့်ပြီးပြောတာပါ။ သူတို့က စာထက် ကိုရီးယား ကိုပိုစိတ်ဝင်စားကြတာ။ စာဆိုလဲ ပုံပါမှ ကြည့်ချင်
ကြတာ။ အဖေ့အမွေအဖြစ် စာဖတ်ဝါသနာပါလာ
တော့ စာအုပ်တွေ စုထားတာ။ ဘယ်တူမမှ ကောက်မကိုင်ကြဘူး။ ကျမကိုကြောက်တာလဲ ပါမှာပေါ့။
ကျမက စာအုပ်တွေဖတ်ပြီးစည်းကမ်းတကျပြန်မထားရင် အော်တာလေ။
စာဖတ်ဖို့ထက် ဖုန်းထဲကဇာတ်ကားကို ကြည့်ဖို့ အားသန်ကြတာ။ ဗဟုသုတရှာဖို့ထက် ဖေ့ဘုတ်မှာ ပုံတင်ဖို့လောက် စိတ်ဝင်စားတာ။ ပြေးလွှားဆော့ကစားဖို့ထက်နားကြပ်လေး တပ်ပြီး သီချင်းနားထောင်ချင်
ကြတော့တာ။ ရိုးရာ အစားအစာထက် ရယ်ဒီမိတ်အစားအစာ၊ အကင်တွေပဲ စားချင်ကြတော့တာ။
ဖန်ခုန်၊ ဇယ်တောက် ကစားနည်းတွေကို ဖုန်းထဲက
ဂိမ်းလောက်စိတ်မဝင်စားတော့တာတွေကို ကြည့်ပြီး
ကျမတို့ ကလေးဘဝလေးကို ပြန်လွမ်းမိတယ်။