ကြယ်စင်စားသောက်ဆိုင်၏ တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခုတွင်ကျွန်တော်ထိုင်နေလေသည်။ စားသောက်ဆိုင်မှာ မြို့ပြင်ဘက်နည်းနည်ရောက်နေပြီး ကျွန်တော်၏အိမ်ကနေ ဆိုင်ကယ်ဖြင့်သွားလျှင် နာရီဝက်ခရီးလောက်မှာ ရှိနေသည်။ ထိုဆိုင်သည် ငြိမ်းချမ်းသောနေရာလေးဖြစ်ပြီး ကျွန်းပင်ကြီး၏အရိပ်များက ဆိုင်အပေါ်ကို အုပ်မိုးထားသဖြင့် အရိပ်အာဝါသကောင်းသော ဆိုင်တစ်ဆိုင်လည်း ဖြစ်လေသည်။
သို့သော်ကျွန်တော်နှင့်သုံးလေးပေခန့် အကွာတွင်သေရေးရှင်ရေးတမျှမောမောပန်းပန်းနှင့် ကြိုးပမ်းရုန်းကန်နေသံတစ်ခုကို ကျွန်တော်ကြားနေရသည်။ယင်ကောင်လေးတစ်ကောင် ပြတင်းမှန်ချပ်ကိုဖောက်ထွက်နိုင်ရန် အပြင်းအထန်ကြိုးစားနေလေသည်။သူ့ခန္ဓာကိုယ်တွင် ကျန်ရှိနေသောစွမ်းအားကို ဖြစ်နိုင်စရာမရှိသည့် သည်ပြတင်းမှန်ချက်အပေါ်တွင် သူဖြုန်းတီးနေသည်ဟု ထင်မိသည်။ကျယ်သထက်ကျယ်လာ၊ ညံသထက်ညံလာသည့် သူ၏တောင်ပံခတ်သံသည်ကြေကွဲစရာကောင်းလှလေသည်။ကြိုးစား၊မရရအောင်ကြိုးစား၊ မအောင်မြင်မခြင်း ကြိုးစား၊ ဟူသောလုံ့လဝါဒ လမ်းစဉ်ကိုလိုက်သကဲ့သို့ပင်။သို့ပေမဲ့ ခုလောလောဆယ် သည်လမ်းစဉ်ကသိပ်အလုပ်မဖြစ်။
အသည်းအသန်ကြိုးစားရုန်းကန်နေသော်လည်း သူ့အတွက်လွတ်လမ်းပေါ်မည်ဟုမထင်ရ။ရှင်သန်မည့်အလားအလာလည်း နည်းနည်းမျှပင်မတွေ့ရပေ။ တကယ်တော့ သူရဲ့မစဉ်းစားမဆင်ခြင် အားထုတ်နေခြင်းကြောင့်ပင် သည်ထောင်ချောက်အတွင်းမှ သူထွက်မရခြင်းဖြစ်နေသည်။ပို၍ပို၍ အားထုတ်ရုန်းကန်သော်လည်း ပြတင်းမှန်ချပ်ကိုကားဖောက်ထွက်လာနိုင်စရာ အကြောင်းရှိကိုမရှိပေ။သိုပေမဲ့ယင်ကောင်လေးကတော့ သူ့ရည်မှန်းချက်ပန်းတိုင်ရောက်ရှိရေးအတွက် အသက်ပင်ပေးရပေးရ ဟူသောစိတ်ဓါတ်မျိုးဖြင့် အားထုတ်ရုန်းကန်သွားရန် ဆုံးဖြတ်ချက်ခိုင်မှာလျက် ရှိနေသည်။ထိုကြောင့် ဝမ်းနည်းစရာကောင်းလှသော ယင်ကောင်၏ဘဝနိဂုံးကို မြင်နေရလေသည်။သူသည် သည်ပြတင်းပေါက်ဘောင်ပေါ်တွင်သာသေပွဲဝင်ရတော့မည်မှာသေချာလျက်ရှိလေသည်။
တကယ်တော့ အခန်း၏တစ်ဖက်ခြမ်း သည်မှန်ပြတင်းမှခြေဆယ်လှမ်းအကွာတွင် တစ်ခါးမကြီးပွင့်လျက်ရှိလေသည်။လေး၊ငါး စက္ကန့်ပျံသန်းရုံဖြင့်ပင် ယင်ကောင်ငယ်သည် သူတွေ့မြင်နေရသောအပြင်လောကသို့ တစ်ခနအတွင်းရောက်သွားနိုင်လေသည်။ ထို့ကြောင့် မှန်ပြတင်းမှထွက်ရန် အသည်းအသန်ကြိုးစားအားထုတ်နေသည်ကို ခနလေးနားကာဘေးဘီသို့ပတ်ပျံကြည့်ရုံမျှဖြင့် မိမိဘာသာထည့်သွင်းထားသည့်ထောင်မှ လွတ်မြောက်နိုင်လေသည်။မှန်နံရံဖောက်ထွက်နိုင်သော အခွင့်အလမ်း သို့မဟုတ် အခန်းတွင်းမှ လွတ်မြောက်နိုင်သောအခွင့်အလမ်းသည် ထိုအနီးအနားလေးမှာပင် ရှိနေလေသည်။ သိသူအတွက် လွတ်မြောက်ဖို့အလွန်လွယ်ကူလေသည်။
သို့သော်ဇွဲကြီးလှသော ထိုယင်ကောင်သည်နောက်တစ်မျိုပြောင်းပြီး ကြိုးစားအားထုတ်ရရန် မသိပေ။ သူရွေးချယ်ခဲ့သည့် တစ်ခုတည်းသောနည်းလမ်းကိုသာ သဲသဲမဲမဲ စွဲစွဲမြဲမြဲပြုလုပ်လေသည်။ဤနည်းလမ်းအတိုင်းသာ ကြိုးစားအားထုတ်လုပ်ခြင်းဟာအောင်မြင်မှုရရန်သေချာဆုံးဟု သူထင်နေလေသည်။သေချင်သေပစေ သည်နည်းလမ်းအတိုင်း စွဲစွဲမြဲမြဲအသုံးချသွားမည်ဟု ဆုံးဖြတ်ချက်ချထားသော စိတ်သည်အကျိုးကြောင်းဆင်ခြင်မှု မရှိသော ဆုံးဖြတ်ချက်ပင်ဖြစ်လေသည်။ယင်ကောင်လေး၏ ဆုံးဖြတ်ချက်ချထားသောသူ၏ လမ်းစဉ်သည်ပင်အကျိုးကြောင်းအသင့်မြတ်ဆုံး လမ်းစဉ်ဟု သူထင်လေသည်။သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်မှာ သူ့အယူအဆလမ်းစဉ်သည်နောက်ဆုံးတွင် အသက်ဆုံးရှုံးခြင်းဖြင့် နိဂုံးချုပ်ရမည် အယူအဆမျိုးဖြစ်နေသည်ကိုတော့ သူမသိပေ။
ထို့ကြောင့် ကြိုးစား၊မအောင်မြင်လျှင် သည်ထက်မကပိုကြိုးစား ဟူသောနည်းလမ်းသည် အမြဲနည်းလမ်းမှန်သည်၊အမြဲသင့်လျှော်မှန်ကန်သည်ဟုမထင်မိပေ။ထိုဝါဒတစ်ခုတည်းကိုသာ အားကိုးပြုထားရုံဖြင့် ကျွန်တော်တို့၏ဘဝရည်မှန်းချက်တွေ ထမြောက်အောင်မြင်လာလိမ့်မည်ဟု စိတ်ချယုံကြည်၍ မရသေးပေ။ တကယ့်သည်လမ်းစဉ်ကိုသာ တရားသေကိုင်စွဲသောကြောင့် ပြဿနာတွေရင်ဆိုင်လာရနိုင်ပေသည်။ နည်းလမ်းကိုပြန်လည်သုံးသပ်၊ ပြန်လည်ပြုပြင်ပြောင်းလဲ စစ်ဆေးမှုပြန်မလုပ်ရင် ဝီရိယနှင့် ဇွဲလုံ့လကိုအမြင့်ဆုံးထားပါသော်လည်း ရှိသမျှအတားအဆီးကိုဖောက်ထွက်ကျော်လွားနိုင်ပြီး လုပ်ကိုင်နိုင်ဖို့ဆိုတာ မအောင်မြင်သည့်အပြင်အောင်မြင်မည့်အခွင့်အလမ်းများကိုပါ မိမိဘာသာဖျက်ဆီးပစ်မိသလို ဖြစ်နိုင်လေသည်။ ထို့ကြောင့်ကြိုးစားပါလျက်ဖောက်ထွက်၍မရသည့်အခါတိုင်း ယင်ကောင်လေးရဲ့ဥပမာကို သတိရခြင်းဖြင့် နည်းလမ်းသစ်များကို ပြန်လည်ရှာဖြွေပီးအောင်မြင်မှုပန်းတိုင်းကိုအရောက်တတ်လမ်းကြပါစို့။
MSU-028
Photo credit: https://goo.gl/images/ESCe5F