မန်ယူနိုက်တက်လိုဂို အစပြုပုံ
မန်ချက်စတာယူနိုက်တက်ဆိုတာနဲ့ ကမ္ဘာပေါ်မှာ မသိသူမရှိသလောက်ပါပဲနော်။
ကမ္ဘာကျော် ဘောလုံးသမားတွေဖြစ်တဲ့ ကန်တိုနာ၊ ရှမိုက်ကယ်၊ ဒေးဗစ်ဘက်ခမ်း၊ စီရိုနယ်ဒို၊ ဝိန်းရူနီစတဲ့ ကစားသမားတွေနဲ့ တွဲဖက်မြင်လေ့ရှိတဲ့ ဘောလုံးကလပ်လည်းဖြစ်ပါတယ်။ သရဲနီလို့လည်း လူသိများကြတဲ့ ဒီကလပ်ရဲ့ လိုဂိုအကြောင်း တင်ပြပေးပါမယ်။ အများသိကြတဲ့ မန်ချက်စတာ ယူနိုက်တက်ကို ၁၈၇၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အသင်းရဲ့ အစောဆုံးလိုဂို အမှတ်တံဆိပ်ကိုတော့ ၁၉၆၃ ခုနှစ် အက်ဖ်အေဖလားဖိုင်နယ်မှာ တရားဝင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။
သင်္ကေတလိုဂိုဟာ မန်ချက်စတာမြို့ကောင်စီရဲ့ တံဆိပ်အမှတ်အသားကို အခြေခံပြီး ပြုလုပ်ဖန်တီးခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ လိုဂိုတံဆိပ်အသစ်ကို ထပ်မံအဆင့်မြှင့်ခဲ့ပါတယ်။ ဒါပေမယ့် ဒိုင်းနဲ့ သင်္ဘောကိုတော့ အခြေခံဆက်လက်ထားရှိထားပါတယ်။ စတင်ခါစမှာ ပါရှိခဲ့တဲ့ တောဆိတ်နဲ့ ခြင်္သေ့ကိုတော့ ဖယ်ရှားခဲ့ပါတယ်။ အဲဒီမှာ Machester United စာလုံးကို ရိုက်နှိပ်ဖော်ပြခဲ့ပါတယ်။ ၁၉၆ဝ ခုနှစ်ဝန်းကျင်မှာ ဒီလိုဂိုကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။ ၁၉၇ဝ ဝန်းကျင်ကနေ ၁၉၉ဝ အတွင်းမှာတော့ အခုခေတ်လူတိုင်းသိကြတဲ့ သရဲနီသင်္ကေတကို စတင်အသုံးပြုခဲ့ကြပါတယ်။ အသင်းရဲ့ နာမည်ပြောင်ကိုလည်း သရဲနီလို့ စတင်ခေါ်ဝေါ်လာခဲ့ကြပါတယ်။ ဒီနာမည်ကိုလည်း အသင်းရဲ့ ကစားသမားဟောင်း မတ်ဘတ်စ်ဘီက ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ၁၉၉ဝ ကနေ ဒီကနေ့ကာလအထိကိုတော့ သရဲနီလိုဂိုကို အခြေပြုပြီး အနည်းငယ်သာ ပြောင်းလဲခဲ့ပါတယ်။ စာသားအနည်းငယ်ကိုသာ ပြောင်းလဲခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာထွက်ရှိတဲ့ လိုဂိုမှာတော့ Football Club စာသားကို ဖယ်ရှားခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပေမယ့် စကားလုံးဖောင့်ပုံစံနဲ့ အရောင်စတာတွေကိုသာ အနည်းငယ်ပြောင်းလဲခဲ့ပါတယ်။ လိုဂိုရဲ့ အဓိပ္ပါယ်ကတော့ နက်နဲသိမ်မွေ့မှုကို ဖော်ညွှန်းပြီး မန်ချက်စတာကစတင်တဲ့ ဗြိတိန်စက်မှုတော်လှန်ရေးကိုလည်း ရည်ညွှန်းဖန်တီးခဲ့တယ်လို့ ဆိုကြပါတယ်။