စကားပြောဆိုရာတွင် ပြောသူ၏ စကားပြောပုံကို အကဲဖြတ်ဖို့ရန် ကြားနာသူကလည်း ကောင်းစွာနားထောင်တတ်ရန်လည်း လိုအပ်ပေသည်။ ပြောသူ၏စကား ကိုနားထောင်သူကလည်း နားထောင်နိုင်သူလား နားထောင်တတ်သူလားကို ပြောသူကသေချာသိ၍ နားထောင်သူ၏ ဥာဏ်အရည်အသွေးနှင့် သင့်လျော်သည့် စကားမျိုးကိုသာ ပြောဆိုရပေမည်။ ဤတွင်သတိထားရ မည်မှာ နားထောင်နိုင်သူနှင့် နားထောင်တတ်သူ မတူကြောင်းကို သတိပြုရမည်။ နားထောင်နိုင်သူသည် ပြောသူ၏ စကားကို နားထောင်နိုင်ရုံသာ နားထောင်နိုင်သည်။ စကား၏ အဓိကဆိုလိုရင်းကို နားလည်နိုင်မည်မဟုက်ပေ။ နားလည်မည်ဆိုလျှင်လည်း စကား၏အပေါ်ယံအကြောင်းအရာကိုသာ သိမည်ဖြစ်ပေသည်။ ဥပမာ- လေးတန်းကျောင်းသားအရွယ်ကလေးကို ၉တန်းအရွယ် ကျောင်းသားအသိပညာများကို ပြောပြနေသည်နှင့်တူပေသည်။ အသိပညာ၏ အကြောင်းအရာ ကိုနားထောင်နိုင်သော်လည်း ဆိုလိုရင်း၏ အဓိပ္ပါယ်ကို သိမည်မဟုက်။ ပြောသူ၏စကားကို နားထောင်တတ်သူဆိုပါက စကား၏ အကြောင်းအရာ၏ အဓိပ္ပါယ်ကိုသာမက ဆိုလိုရင်းကိုလည်း ထဲထဲဝင်ဝင် သိနားလည်ပေမည်။ ဥပမာ- ၅တန်းအရွယ်ကလေးကို ၅တန်းအဆင့်နှင့်ညီသည့် အကြောင်းအရာကိုသာ ပြောပြခြင်းနှင့် ညီပေသည်။ နားထောင်တတ်သူသည် ကောင်းစွာသိရှိနားလည်ပေမည်။ ထို့ကြောင့် မိမိပြောသောစကားကို နားထောင်သူသည် နားထောင်နိုင်သူဖြစ်သည်ထက် နားထောင်တတ်သူဖြစ်လျှင် အကြောင်း အရာကို ထိထိမိမိ သိပေမည်။ တစ်ခါတစ်ရံ နားထောင်သူသည် အသက်အရွယ်ပိုင်းအရ နားထောင်တတ်သည့်အရွယ် ရောက်နေသော်လည်း နားထောင်တတ်သည့် အဆင့်အထိမရောက်သေးဘဲ နားထောင်နိုင်သည့် အဆင့်တွင်သာ ရှိနေသူဖြစ်နေတတ်သည်။ ထို့ကြောင့် စကားပြောသူသည် နားထောင်သူလွယ်ကူစွာ နားလည်ရန် အကြောင်းအရာကို အသေးစိတ်ပြောပြသင့်သည်။ အသးစိတ်ပြောပြခြင်းသည် နားထောင်သူအဖို့ အကြောင်းအရာကို လွယ်လင့်တကူ သိနားလည်စေနိုင်သည်။
စကားပြောခြင်းသည် လွယ်ကူသည်ဟုထင်ရသော်လည်း တစ်ခါတစ်ရံ အထင်နှင့်အမြင် လွဲနေတတ်သည်ကို တွေ့ရတတ်သည်။ ရှင်းရှင်းလင်းလင်းပြောရလျှင် စကားပြောခြင်းသည် ထင်သလောက်မလွယ်ကူပေ။ ဤတွင်စာရှုသူက လွယ်သည်ဟု ငြင်းလာနိုင်သည်။ စာရှုသူ "စကားပြောတာ ပါးစပ်ကလေးနဲ့ ပြောရတာ လွယ်လွယ်လေး ဘယ်မှာခက်လို့လဲ" ဟု ငြင်းလာလျှင် စာရေးသူမက အခြားသူများကလည်း လက်ခံပေလိမ့်မည်။ ဤတွင်သတိပြုရမည်မှာ ထင်သလောက်မလွယ်ကြောင်းတစ်ခါတစ်ရံ အတွေ့အကြုံများက စာရေးသူအပါ အဝင်အားလုံးကို လက်ခံစေနိုင်သည်။ စကားပြောသည်မှာလွယ်သလောက် မိမိပြောသောစကားကို တစ်ဖက်သား နားထောင်လိုသည့် စိတ်ဆန္ဒဖြစ်ပေါ်လာအောင် ပြောနိုင်ရန်ခက်ခဲပေသည်။ ပြောသူက မည်မျှပင် အပင်ပန်းခံပြောသော်လည်း နားထောင်သူက နားထောင်လိုသည့် စိတ်ဆန္ဒမရှိလျှင် နားထောင်သူက ပြောသူ၏ စကားကိုပင် ဂရုမပြုမိဘဲ ဖြစ်တတ်သည်။ တစ်ခါတစ်ရံ နားညီးအောင်ပြောနေသည်ဟုပင် အထင်ခံရတတ်သည်။ အခန့်မသင့်လျှင် ရန်ဖြစ်ရလိမ့်မည်။ ဤသည်မှာ ပြောသောအကြောင်းအရာကို နားထောင်လိုသည့် စိတ်ဆန္ဒမရှိသောကြောင့်ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် စကားပြောရသ်ာမှာ ထင်သလောက်မလွယ်ကူသည်ကို သိနားလည်လာပေလိမ့်မည်။ နားထောင်သူ စိတ်ဆန္ဒပါလာအောင် ပြောဆိုနိုင်မှသာလျှင် စကားပြောသည်မှာ လွယ်ကူပေမည်။ အကျိုးရှိပေမည်။
နားထောင်သူက နားထောင်ရန်စိတ်ဆန္ဒရှိသော်လည်း ပြောသောအကြောင်းအရာက စိတ်ဝင်စားဖွယ်မကောင်း လျှင်လည်း စကားကိုပြောနေသော်လည်း နားထောင်သူအဖို့ အကျိုးမရှိဖြစ်တတ်သည်။ နားထောင်သူ စိတ်ဝင်စားသော အကြောင်းအရာမျိုးပြောနိုင်လျှင် ပို၍ကောင်းသည်။ ပြောသောအကြောင်းအရာကလည်း အဓိပ္ပါယ်ရှိရပေမည်။
စကားကိုပုံမှန် သယငယ်ချင်းများနှင့်ပြောဆိုရာတွင်လွယ်ကူသော်လည်း လူအများနှင့်ပြောဆိုဆက်ဆံရာတွင် အတွေ့အကြုံမရှိပါလျှင်မူ ခက်ခဲနေတတ်သည်။ စိတ်ကပြောချင်သော်လည်း ရှိန်ရှိန်တိန်တိန် ဖြစ်နေတတ်သည်။ သို့အတွက် လေ့ကျင့်ရန်လိုအပ်ပေသည်။ အထူးသဖြင့် ဟောပြောပွဲမှာ ဟောပြောရာတွင် ပို၍ ခက်ခဲတတ်သည်။ ဟောပြောပွဲတွင် လာရောက်နားထောင်သူကလည်းများပေသည်။ ထိုအခါမျိုးတွင် တစ်ခါမျှမဟောပြောဖူးဖြစ်ပါက ထိုသူ့အဖို့ စစ်တိုက်ရသည်ထက်ပင် ခက်ခဲနေပေလိမ့်မည်။ ဟောပြောရာတွင်လည်း အစီစဉ်ကျနအောင် ဟောပြောနိုင်ရန်လည်း လေ့ကျင့်ရသည်။ ဟောပြောမည့် အကြောင်းအရာနှင့် ဟောပြောချိန်ကိုလည်း စီစဉ်ကျနအောင် ချိန်ဆရသည်။ ပြောလိုသည်မှာ ၄၅မိနစ်အတွင်းအပြီး ပြောရမည့်အကြောင်းအရာကို ပြီးစီးအောင်ပြောဆိုနိုင်ရန်။
တည်တည်ငြိမ်ငြိမ်နှင့် သတ်မှတ်ချိန်အတွင်း ဟောပြော နိုင်ရန်အရေးကြီးပေသည်။ သို့အတွက် ဟောပြောမည့် အကြောင်းအရာကို အစမ်းလေ့ကျင့်ထားရပေမည်။ သို့မဟုက်မူ အစီအစဉ်မကျ ဖြစ်တတ်သည်။ ထိုအခါမျိုးတွင် စကားပြောခြင်းသည် ခက်ခဲသည်ကို စာရှုသူအပေါင်း နားလည်လာပေလိမ့်မည်။
Photo credit google image
MSC 170