“ ရေသောက်မြစ် ”
တစ်နေ့က အလုပ်အားရက်လေးတစ်ရက်၏ နံနက်စောစောတွင် ကျွန်တော့် ဥယာဉ်ခြံလေးထဲသို့ ဆင်းလာခဲ့ပါတယ်။ ကျွန်တော့လက်ထဲမှာတော့ စိုက်ပျိုးရန် ပန်းပင်ငယ်လေးများ ပါလာခဲ့သည်။ ထိုပန်းပင်ငယ်လေးများကို လွန်ခဲ့သည့် ရက်သတ္တ တစ်ပါတ်ခန့်က မျိုးစေ့ငယ်လေးများမှ ပြန်လည်ပျိုးယူကာ စိုက်ပျိုးထားသော အပင်ပေါက် ငယ်လေးများ ဖြစ်ကြသည်။
ယမန်နေ့ညက ရွာထားသောမိုးကြောင့် ပန်းပင်လေးများစိုက်ပျိုးရန် မြေကျင်းတူးခြင်းတွင် အခက်အခဲမရှိ အဆင်ပြေလွယ်ကူ နေတော့သည်။ တူရွင်းပြားငယ်လေးဖြင့် မြေကျင်းတူး နေသော ကျွန်တော့အနီးသို့ သားငယ်လေးမှလည်းရောက်လာကာ ကလေးသဘာဝ စပ်စုနေတော့သည်။ ကျွန်တော်လည်း သားငယ်ဘက်သို့ တစ်ချက်ငဲ့စောင်းကြည့်ကာ မြေကျင်းတူးခြင်းကို လက်စသပ်လိုက်သည်။ ပြီးလျင် အပင်ပေါက်ငယ်လေးများကို မြေကျင်းသို့ ချကာ သေချာသပ်ရပ်စွာ နေရာချ စိုက်ပျိုးလိုက်သည်။
“ဖေဖေ ပန်းပင်လေးတွေကို မြေကြီးကျင်းထဲစိုက်တာ ဘာလို့ အမြစ်တွေကို အောက်ဘက်မှာ ထားတာလဲဟင်” “နောက်ပီးတော့ အရင်စစိုက်တုန်းက ပန်းအိုးလေးထဲမှာပဲ ဆက်စိုက်ထားရင် မရဘူးလား ဘာလို့ ဒီနေရာလာစိုက်တာလဲဖေဖေ” အင်း စလာပီ အမေးစကားများ၊ ဒီကောင်လေး စပ်စပ်စုစုမေးတော့မည် ဆိုသည်ကို ကြိုတင်တွက်ထားပီးသား သို့သော် ဒီလောက်နှိုက်နှိုက်ချွတ်ချွတ် အမေးမျိုး မေးလာ လိမ့်မည်ဟု ထင်မထားမိချေ။
“ သားရေ အပင်လေးတွေစိုက်တယ်ဆိုတာ သူတို့ရဲ့ အမြစ်ကို ဟိုးမြေအောက်ထဲ တိုးဝင်နိုင်အောင် စိုက်ပေးရတာလေသားရဲ့။ သူတို့ရဲ့ အမြစ်ကနေ မြေကြီးထဲက အပင်အတွက် အဟာရတွေ၊ ရေတွေနဲ့ လိုအပ်တဲ့ဓါတ်တွေကို စုပ်ယူပီး မြေကြီးပေါ်က အပင်က ကြီးထွားလာရတာလေသားရေ” “နောက်ပီး ပန်းပင်ပေါက်လေးတွေကို ပန်းအိုးထဲ ကနေထုတ်ပီး ခုလိုမြေကြီးမှာ လာချစိုက်တာက သူတို့တွေရဲ့ လွတ်လွတ်လပ်လပ် ကြီးထွားမှုကို လမ်းဖွင့်ပေးလိုက်တာပဲသားရေ၊ ပန်းအိုးလေးထဲမှာစိုက်ထားရင် သူတို့ရဲ့ အမြစ်တွေဟာ ဟိုးမြေကြီးထဲကို မတိုးဝင်နိုင်တော့ရင်သူတို့ရဲ့ ဖွံ့ဖြိုးမှု၊ ကြီးထွားမှု၊ နောက်ပီး ပန်းပွင့်လေးတွေ ပွင့်မှု ဒါတွေမှာ အားနည်းလာမှာပေါ့၊ ဒါကြောင့် သူတို့ကို ရှင်သန်စေချင်လို့ မြေကြီးပေါ်ချစိုက်တာကွယ့် ”
ကျွန်တော့သားငယ်လေးသည် ကျွန်တော်ရှင်းပြသမျှကို ခေါင်းလေးတငြိမ့်ငြိမ့်နှင့် နားထောင်နေပီး သူသိလိုသော အချက်တို့ကို သိသွားရသည့်အတွက် ပျော်သွားသည်။ “ကျွန်တော်နေ့တိုင်း ဒီပန်းပင်လေးတွေကို ရေလောင်းပေးမယ်နော်ဖေဖေ” “အေး ကောင်းတယ်သား၊ သေသေချာချာဂရုစိုက် ပြုစုပျိုးထောင်ပေးရင် ပန်းကလေးတွေ မြန်မြန်ပွင့်လာမှာကွယ့်”။ သားငယ်လေး ပန်းပင်တို့အား ရေလောင်းနေသည်ကို ငေးကြည့်ရင်း ကျွန်တော်၏ အတွေးတို့သည် အချို့သော လူသားပန်းပင်လေးများကို အမှတ်ရနေမိတော့သည်။
ပြွတ်သိပ်ကြပ်ညပ်စွာ ပန်းအိုးငယ်လေးတစ်ခုထဲတွင် စိုက်ပျိုးခံထားရသော ပန်းပင်ငယ် လေးများ၊ မြေပေါ်ချမစိုက်ပဲ ပန်းအိုးမှ နှုတ်ခါ အမြစ်ကို မိုးပေါ်လှန်ကာ ပစ်ချခံထားရသော ပန်းပင်ငယ်လေးများ၊ မြေကျင်းတူးကာ ချစိုက်ထားသော်လည်း ခြောက်သွေ့သော မြေနေရာဖြစ်နေပါလျက် ရေလောင်းပြုစုမပေးခြင်း၊ စသောစသော လူသားပန်းပင်ငယ် လေးများကို မြင်ယောင်နေမိပါတော့သည်။
မျိုးဆက်သစ် ပန်းပင်ငယ်လေးမျာ၏ ရေသောက်မြစ်လေးများကို လွပ်လပ်စွာ ရှင်သန်ကြီးထွား စေချင်လှသည်။ အမြစ်ခြောက်နေသော အပင်လေးများဘ၀မှ လွတ်ကင်း စေချင်လှသည်။
Writing End Time >>> 10:00 PM (3.6.2018)
#Myanmar #Writing #Nature #knowledge #Life