“ ကွီးရွှေနှင့် မိုးညတစ်ည ”
“မှောင်မှောင်မည်းမည်း လရောင်လဲ သဲကွဲမလင်းတယ် ----” ဘယ်ဆီကနေ ဆိုနေမှန်း မသိသောသီချင်းသံဖြစ်ပါသည်။ ညမှောင်မှောင်မှာ မီးကမလာ၊ မိုးကတဖြောက်ဖြောက်၊ ဆိုနေသောအသံက အဆိုတော် တွံတေးသိန်းတန်သာကြားလျင် ရင်ဘတ်စည်တီးကာ အငိုကြီး ငိုသွားချင်လောက်အောင် စိတ်ပျက်ဖွယ် အသံဆိုးနှင့် သီချင်းဆိုနေသံဖြစ်သည်။ မြို့သစ်ရပ်ကွက်၏ ထုံးစံအတိုင်း ကာလသားတစ်သိုက် မူးကာရူးကာ လမ်းအပြည့် လျောက်လျက် အိမ်အပြန်လမ်းဝယ် တွေ့ကရာသီချင်းတစ်ပုဒ်ကို သူတစ်လှည့် ကိုယ်တစ်လှည့် သီဆိုနေကြခြင်းဖြစ်မည်ဟု ကျွန်ုပ်ကွီးရွှေ တွေးထင်မိနေသည်။
ထိုသူငယ်လေးများကို မှန်းမျှော်ကြည့်ကာ ငယ်စဉ်က ကျွန်တော်၏ ငယ်စဉ်ကအဖြစ် လေးကို ပြန်ပြောင်းတွေးကာ သတိရမိသည်။ လွန်ခဲ့သည့် အနှစ် 20 ကျော်ကဖြစ်သည်၊ ကျွန်ုပ်ကွီးရွှေအသက် 20 ကျော် အရွယ်ကပေါ့။ အချိန်အခါအားဖြင့် ကျောင်းသားတစ်ဝက် အလုပ်သမားတစ်ဝက် ကာလလေးပင်ဖြစ်သည်။ ကျောင်းသားတစ်ဝက်ဆိုသည်၌ ဒေသကောလိပ်တက်နေသာ ကျောင်းသားအရွယ်ဖြစ်၍ အလုပ်သမားတစ်ဝက်ဆိုရာ၌ အိမ်၏ စားဝတ်နေရေးအတွက် လက်လှမ်းမှီရာ အရပ်တွင်းက လက်တိုလက်တောင်း အလုပ်လေးတွေ လုပ်နေစဉ် ကာလတစ်ခုပေါ့ဗျာ။
ထိုစဉ်က ယခုလို မိုးတွင်းအခါ မိုးကလေးတစ်အေးအေးနှင့်ဆိုတော့ ကျောင်းမသွား အလုပ်မသွားပဲ အရပ်တွင်းက ၀ါသနာတူရာ လူကြီးသုံးလေးဦးနှင့် စုကာ အိမ်တစ်အိမ်တွင် ဖဲရိုက်နေကြသည်။ အိမ်ကထွက်လာစဉ်ကတော့ ကျောင်းဆိုပီးထွက်လာတာပေါ့ဗျာ။ ကျောင်းသွားတဲ့ မောင်ကွီးရွှေက ရပ်ကွက်ထဲတွင်ပင် ဖဲရိုက်နေသည်ကိုသာ ထိုစဉ်က မိဘများသိခဲ့လျင် ဘယ်သို့နေမည်မသိ။ ယခုနေ ပြန်စဉ်းစားမိသည်တွင် မိဘများကို သနားမိသည်။ မိမိ၏ ဆိုးခဲ့၊ မိုက်ခဲ့သည်ကို မိဘများက အပြစ်မမြင်သည့်အပြင် “သားအတွက်”ဆိုသည့် မေတ္တာများကိုသာ အပြည့်အ၀ ပေးခဲ့သည်ကို အမှတ်ရနေမိသည်။
ထိုစဉ်က ဖဲဝိုင်းကိစ္စလေး ပြန်ဆက်ပါဦးမည်။ ဖဲကစားကြသည်က ပိုကာဒေါင်းခြင်းဆိုသည့် ကစားနည်းဖြစ်သည် အေးအေးလူလူ ကစားရသောနည်းဖြစ်သည်။ သီချင်းလေးတစ်အေး အေးနှင့်၊ ရေနွေးကြမ်းလေးနှင့် ပဲကြီးလှော်သုပ်လေးနှင့် ရရာမှီရာ စည်းစိမ်ယူနေကြသည်။ လောင်းကြေးအနေနှင့် မများသော်လည်း တစ်နေကုန်ကစားပီးလျင်တော့ အနိုင်အရှုံး ဆိုသည်မှာ သိသာလာသည်။ ထိုစဉ်က ကစားနေကြသည့် သူများတွင် တခြားရပ်ကွက်မှ ကျွန်ုပ်နှင့် သက်တူရွယ်တူ လူငယ်တစ်ဦးလည်းပါလာခဲ့သည်။ ကျန်သည့်ကစားဖက်များမှာ သက်ကြီးဝါကြီး အဖိုးကြီးများဖြစ်ကြသည်။
နေ့တစ်ဝက်ခန့် ကစားပြီးသောအခါ မောင်လူစိမ်းလေးမှာ ပါသမျှငွေတို့သည် ကျွန်ုပ်ကွီးရွှေ၏ ခါးပိုက်ထဲသို့ ရောက်လာခဲ့တော့သည်။ လူငယ်သဘာဝအလျောက် ရှုံးသူအား မထိတထိကလိရသည်ကို ပျော်တတ်သော အကျင့်ဆိုးလေးကြောင့် မထင်မှတ်သော ဒုက္ခများရောက်လာလေတော့သည်။ “ပြန်ပေတော့ မစဉ်းစားပဲပြန် ပေတော့” ထိုစဉ်က ခေတ်စားသော သီချင်းလေးဖြင့် ဖဲရှုံးသူ မောင်လူစိမ်းကို စနောက်ခဲ့မိသည်။ ထိုသူမှာ ရှုးရှုးရှဲရှဲဖြင့် ဖဲဝိုင်းမှထကာ ပြန်သွားလေတော့သည်။
ကျန်ရှိသည့် ကျွန်တော်တို့ ၀ါသနာရှင်တစ်စုသည်လည်း အပူအပင်မရှိ ဖဲဝိုင်းကို ဇိမ်ကျကျ ဆက်ကြလေ၏။ အချိန်အားဖြင့် ညနေစောင်းခန့်ရောက်လာသည်။ ရုတ်တရက်ဆိုသလိုပင် ကျွန်တော်တို့ ဖဲကစားနေရာ အိမ်တံခါးကို ဆောင့်တွန်းဖွင့်ကာ လူတစ်သိုက်မှ ဇွတ်ဝင်လာကြ လေတော့သည်။ “ဟေ့ ဘယ်သူလဲ ဘယ်ဝါလဲ ဘာလုပ်ကြတာလဲ”နှင့် အသံပေါင်းစုံဖြင့် ရုတ်ရုတ်သည်းသည်းဖြစ်ကာ ၀င်ရောက်လာသော လူတစ်စုနှင့် ကျွန်တော်တို့ ၀ိုင်းမှ လူတို့ ဆွဲလားရမ်းလားဖြစ်ကြသည်။
အကြောင်းရင်းစစ်လိုက်တော့ ၀င်ရောက်လာသူများမှာ ရပ်ကွက်နယ်မြေရဲစခန်းမှ ယနေ့ခေတ်အခေါ် အသွင်ယူထားသော ရဲများဖြစ်ကြသည်။ ထို့နောက်တွင်တော့ ဖဲကစားသူ အဘိုးကြီးလေးယောက်နှင့် လူငယ်တစ်ယောက် ဖဲဝိုင်းအဖမ်းခံရသည်ဆိုကာ အရပ်တွင်းတွင် ဟိုးလေးတစ်ကျော်ဖြစ်၍ သွားလေတော့သည်။ ကျွန်ုပ်ကွီးရွှေမှာ အထိတ်တလန့် ဖြစ်ရလေတော့သည်။ မျက်လုံးပြူးရလေပြီ။ ၀င်ရောက်ဖမ်းသော ရဲများနှင့် မလှမ်းမကမ်းတွင် ဖဲရှုံးကာပြန်သွားသော ကိုလူစိမ်းကို မြင်တွေ့ရလေတော့မှ အကြောင်းစုံ ကို ရိပ်မိလေတော့သည်။ သို့သော် ကျွန်ုပ်ကွီးရွှေ အသိနောက်ကျသွားလေပြီ။
ယခုတော့ မိုးကမှောင်၊ လမ်းမီးကမှောင်၊ အချုပ်ခန်းကမှောင်။ မှောင်မှောင်မဲမဲတွင် လရောင်လဲ မသဲမကွဲ။ သံတိုင်ကြားမှ ပြင်ပလောကကို လှမ်းမျှော်ကြည့်သော်လည်း ဘာမှမမြင်ရ ကျွန်ုပ်ကွီးရွှေ ငိုခြင်းချမိလေတော့သည်။ တစ်ကြိမ်တစ်ခါမှ အချုပ်ဆိုသည်ကို မရောက်ဖူးသော အတွေ့အကြုံနုနယ်သော ကျွန်တော့်အားကြည့်ကာ လူကြီးလေးယောက် က “စိတ်ပူမနေပါနဲ့ မောင်ကျောင်းသားရာ မနက်လင်းရင် ဒဏ်ငွေဆောင်ပီး လွှတ်ပေးမှာပါ စိတ်ချလက်ချ အိပ်တော့ဟေ့၊ ငါတို့တော့အိပ်ပီ”ပြောပြောဆိုဆို လူကြီးများမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြသည်။
ထိုလူကြီးများကိုကြည့်၍ ကျွန်ုပ်ကွီးရွှေ အံ့သြမိသည်။ ဤမျှပင်ခြင်ကကိုက်၊ ဂျပိုးကကိုက်၊ အနံဆိုးများနှင့် လေကောင်းလေသန့်မရှုရသော ဆိုးဆိုးရွားရွား အချုပ်ခန်းကျဉ်းကျဉ်း လေးထဲတွင် မည်သို့သော အလေ့အကျင့်ဖြင့် အိပ်ပျော်နိုင်ကြသနည်း။ သူတို့အနေနှင့် ယခင်ကလည်း ဤကဲ့သို့ အချုပ်ကျခံဘူးကြသည်လား။ သို့မဟုတ် လူကြီးများဖြစ်၍ ပင်ပန်းကာ အိပ်ပျော်သွားကြသည်လား။ ကျွန်ုပ်မောင်ကွီးရွှေလေးတစ်ယောက် “လား”ပေါင်းများစွာဖြင့် အချုပ်ခန်းဒေါင့်လေးတွင် ငိုင်တွေစဉ်းစားနေမိတော့သည်။
ယခုလို ညလေးပေါ့ဗျာ ညကလဲမှောင်၊ မီးကလဲမှောင်၊ မိုးကလဲတဖြောက်ဖြောက်နှင့် ကျွန်ုပ်ကွီးရွှေ၏ မေ့မရနိုင်သော မိုးညလေးတစ်ည ဖြစ်ပါ၏ ---။ အဝေးဆီမှ သီချင်းသံလေးက ခပ်ဆွေးဆွေးလေး ကြားနေရသည်။ မှောင်မှောင်မဲမဲ လရောင်လည်းသံကွဲမလင်းတယ်-----
Writing End Time >>> 01:00 AM (13.6.2018)
#Myanmar #Literature #Writing #knowledge #Life