ယခင်အပိုင်း(က)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (ပ) ”
“ မိုးသည်းည လွမ်းတေးတစ်ပုဒ်(ဒု) ”
အခန်း( ၃ )
မိုးသက်လေကလေး ရုတ်တရက် တိုက်ချလာသည်။ ကျမလဲ စာအုပ်အငှားဆိုင်လေးသို့ ထုံးစံအတိုင်းထွက်လာခဲ့တယ်။ မောင့်ကိုမြင်တွေ့လိုလှပီလေ။ သူ့ကိုပေးမယ့် စာကလေး တစ်စောင်ကို ငှားလာမည့် စာအုပ်လေးထဲ ညှပ်ထည့်လာခဲ့သည်။ ဆိုင်သို့ ရောက်လျှင် ဒီစာအုပ်လေးကို မောင့်လက်ထဲထည့်လိုက်မည် မောင်ကလဲ ကျမလက်ထဲသို့ သူ့၏ စာအုပ်ကလေး ထည့်ပေးလာမည်။ ကျမတို့၏ အသံတိတ် ဆက်သွယ်ရေး စနစ်လေးပင် ဖြစ်သည်။ ဆိုင်ရှင်ဦးလေးကြီးကတော့ အထာညက်နေပါပီ။ ကျမတို့နှစ်ယောက် ရဲ့ အဓိက အောင်သွယ်တော်ကြီးပါပဲရှင်။ ဦးလေးကြီးကို ကျေးဇူးတင်မိပါတယ်။
မိုးသက်လေမှ မိုးဖွဲလေးတွေကျလာပြီ။ မောင်ရောက်မလာသေး၊ နေများမကောင်းလေ သလား၊ တစ်ခုခုများဖြစ်နေသလား ကျမအတွေးတို့နှင့် သူလာရာလမ်းသို့ တိတ်တခိုး မျှော်ကြည့်လိုက်မိပါတယ်။ ကျမလည်း ငှားလိုသည့် စာအုပ်လေးများကို ရှာဖွေရင်း ချစ်သူအလာကို စောင့်နေမိပါတယ်။ မေမေကတော့ စာအုပ်ဆိုင်အတွင်းက ကာတွန်း စာအုပ်တစ်အုပ်ကောက်ဖတ်ကာ တခွိခွိနှင့် ဖြစ်နေချေပြီ။
ဟော မိုးက ဖွဲဖွဲရွာနေသည်မှ သည်းသည်းရွာလာပါပီ။ မောင်တစ်ယောက် ဘယ်ဆီရောက် နေပါလိမ့် ကျမလွမ်းလှပါပီမောင်ရယ်။ ကျမလည်ပင်းလေး ညောင်ရေအိုး ဖြစ်တော့မယ် မောင်ရေ။ ထိုအခိုက် ဆိုင်အတွင်းသို့ ၀ရုန်းသုန်ကားပြေးဝင်လာသော မိုးရေစက်လက်နှင့် လူငယ်တစ်ဦး။ ထိုသူကြောင့် တိတ်ဆိတ်နေသော ဆိုင်ကလေး လှုပ်လှုပ်ရှားရှား ဖြစ်သွားရသည်။
မိုးစိုနေသော သူ၏ဆံပင်စတို့အား လှုပ်ခါသုတ်ချနေရင်း ကျမရှိရာသို့ မျက်ဝန်းအကြည့် ဝေ့လာနေသော မောင့်ကို ကျမနှုတ်ခမ်းဆူပြလိုက်မိပါတယ်။ ဆိုင်ရှင်ဦးလေးကြီးကတော့ ပြုံးလျက်ကျမတို့နှစ်ဦးကို ကြည့်နေသည်။ ကျမတို့နှစ်ဦး၏ စာအုပ်လေးများကို အလဲအလှယ်လုပ်ပေးရင်း စာရင်းသွင်းပေးနေသော ဆိုင်ရှင်ကြီးအား ကျေးဇူးတင်သော အကြည့်တို့ဖြင့် နှစ်ဦးသား ကြည့်မိကြသည်။ မေမေကတော့ ကာတွန်းစာအုပ် ဖတ်ကောင်းနေဆဲ၊ ထိုနှစ်ဦးကတော့ ရင်တွေခုန်နေကြပီလေ။ အော်--ရင်ခုန်လိုက်ရတာ ချစ်ခြင်းရယ်။
ရုတ်တရက်အနားသို့တိုးကပ်လာကာ ခိုးကြောင်ခိုးဝှက်ဖြင့် ကျမ၏ တုန်ရင်နေသော လက်ကလေးတစ်ဖက်အား မ၀ံ့မရဲ ဆုပ်ကိုင်လာသော မောင့်ကိုလေ ကျမအလိုလို စိတ်ဆိုးပြေသွားရပါပီရှင်။ မိုးရေတို့စိုကာ အေးစက်နေတဲ့ မောင့်ရဲ့လက်ကို ဖွဖွလေး ပြန်လည်ဆုပ်ကိုင် ပေးနေမိပါတယ်။ နှစ်ဦးသားတို့၏ နှလုံးအိမ်ဝယ် နွေးထွေးသော အချစ်လှိုင်းကလေးများသည် ရင်ခုန်ခြင်းများနှင့်အတူ ဆီးဆင်းလျက် --
အခန်း( ၄ )
မိုးသက်လေကလေးငြိမ်သွားပြီ။ မိုးသည်လည်း သည်းရာမှ စဲလာပါပြီ။ ကျမတို့ နှစ်ဦးလည်း စာအုပ်လေးများ ကိုယ်စီ လဲလှယ်ခြင်းကိုလည်း အောင်မြင်ခဲ့ပါပီ။ မေမေ့အား ခေါ်လျက် ကျမလည်း ထီးလေးဆောင်းကာ အိမ်ပြန်ခဲ့ကြသည်။ ရင်ထည်းမှာတော့ ယခုထိ တုန်ခါနေဆဲ။ အိမ်ပြန်ရောက်သည်အထိ မောင့်ရဲ့အေးစက်နေသော လက်ကလေး၏ ဖွဖွဆုပ်ကိုင်ခဲ့သော အထိအတွေ့လေးအား ယခုတိုင် အမှတ်ရနေဆဲပါပဲလေ။
မိုးဖွဲလေး တစ်ပေါက်နှစ်ပေါက်ကျနေသည့်ကြားက ထီးလေးတလက်ကို အတူဆောင်းရင်း မေမေနှင့်အတူအိမ်ပြန်ခဲ့သည့်လမ်းတွင် မောင်တစ်ယောက် နောက်ကနေများ လိုက်လာခဲ့လေမလား ဆိုသည့် အတွေးလေးနှင့် နောက်ကြောင်းသို့ လည်ပြန်လှည့်ကြည့်မိ သည်က ခဏခဏပင်။ အချစ်ဦးမို့ ရူးနေမိတာလား မောင်ရယ်။
အခန်း( ၅ )
ဆက်ပါအုန်းမည် ---
Writing End Time >>> 07:30 PM (7.5.2018)
#Myanmar #Literature #Writing #Love #Story