အပိုင်း(၂) ဇာတ်သိမ်းပိုင်း
သူ့ကိုအနိုင်ရမယ့် တစ်ခုတည်းသောနည်းလမ်းက သူနဲ့အဆက်ဖြတ်လိုက်တာပါပဲ။ အချစ်ကို အနိုင်အရှုံးတွက်နေမိတဲ့ ကျွန်တော်အတွက်တော့ အနိုင်ရဖို့လိုအပ်တယ်။ သူနဲ့ပတ်သက်ရင် ကျွန်တော်အမြဲရှုံးနိမ့်ခဲ့ပြီးပြီမို့ တစ်ခေါက်လောက် တော့ အနိုင်ပြန်ရချင်မိတယ်။ ယောကျာ်းတန်မဲ့ မိန်းကလေးတစ်ယောက်ကို အနိုင်ပိုင်းချင်တယ်လို့ ပြောချင်လည်းပြော ကြပါစေတော့။ ကျွန်တော်ခံခဲ့ရသမျှအတွက် အနိုင်နဲ့ပိုင်းတော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့နေ့မှာပဲ တိုက်ဆိုင်မှုတစ်ခုဖြစ် သွားတယ်။
သူငယ်ချင်းတွေထဲက ဘယ်သူ သွားချွန်လိုက်တယ် မသိဘူးဗျာ အိမ်ကအစ်မတွေက သူနဲ့ကျွန်တော့်အကြောင်း သိသွားတယ်။ အိမ်ပြန်ရောက်တော့ အမေလည်းမျက်နှာမကောင်း၊ အစ်မတွေကလည်း တစ်ယောက်တည်းရှိတဲ့ မောင်လေးကို ဒီလိုအနိုင်ကျင့်ရပါ့မလားဆိုပြီး ရင်ဘတ်စည်တီး ငိုလိုက်ကြတာ။ ဖြစ်ချင်တော့ အဲ့ဒီနေ့က သူ ကျွန်တော့် ခေါင်းကို ခေါက်လိုက်တာ သူ့လက်စွပ်နဲ့ ကျွန်တော့်နဖူးရိုက်မိပြီး နဖူးမှာသွေးစို့သွားတယ်ဗျာ။ အစ်မတွေက ကျောင်းအထိလိုက်ပြီး သူ့ကိုရန်တွေ့မယ် တကဲကဲလုပ်နေလို့ ကျွန်တော့်မှာ ဘာလုပ်ရမှန်းကိုမသိဘူး။ နောက်ဆုံး သူနဲ့ အဆက်ဖြတ်ပါ့မယ်လို့ ကတိပေးမှပဲ အစ်မတွေလည်း ငြိမ်သွားတော့တယ်။
photo credit-google
ကဲဘယ်လောက်များ ကံကောင်းသလဲဗျာ။ ရေငတ်တုန်း ရေတွင်းထဲကျသလိုပဲ။ အစ်မတွေသဘောမတူလို့ အဆက် အသွယ်ဖြတ်ရပါတယ်လို့ ကြေငြာလိုက်ရင် ကျွန်တော်ခံနေရတဲ့ ဝဋ်ဒုက္ခ ကလည်းလွတ်မယ် ကျွန်တော်လည်း လူဆိုး လုံးလုံး မဖြစ်တော့ဘူး။ ကျွန်တော်ကသာ ပြတ်ပြီလို့ပြောလိုက်ရင် သူ့မျက်နှာဘယ်လိုဖြစ်သွားမလဲဆိုတာ အရမ်း သိချင်တာပဲ။ ငိုယိုပြီး ကျွန်တော့်ကို တောင်းပန်ရင်တော့ ကျွန်တော်လည်း ခွင့်လွှတ်မိမလားမပြောတတ်ဘူး။ ဘာလို့ဆို တော့ သူက ကျွန်တော့်ရဲ့ ရည်စားဦး၊ အချစ်ဦးဗျ။ သူ့ဆီကအဖြေရဖို့ကလည်း ပထမနှစ်တစ်နှစ်လုံး အသည်းအသန် ကြိုးစားထားရတာဆိုတော့ ဖြတ်လိုက်ရမှာလည်း နှမြောမိသား။ အဆက်အသွယ်ဖြတ်တော့မယ်လို့ဆိုမှ ဘယ်လိုဖြတ်စကားပြောရင်ကောင်းမလဲလို့ ဦးနှောက်စားရတာလဲအကြိမ်ကြိမ်ပါပဲ။
နောက်ရက်တွေကျတော့ သူ့ဘက်က ဆက်ဆံရေးတွေ မသိမသာပြောင်းလဲလာတယ်။ စာမေးပွဲကြီးဖြေဖို့ကလည်း တစ်လပဲလိုတော့တာမို့ စာတွေနဲ့နပန်းလုံးနေရလို့လား၊ ကျွန်တော့်အိမ်က သူ့အကြောင်းသိသွားတာ ရိပ်မိလို့ ပဲလားတော့ မသိဘူး ကျွန်တော့်ကို အရင်လိုသိပ်မနှိပ်စက်တော့ဘူး။ ကျွန်တော့်လည်း သူတစ်ခုခုအမှားလုပ်တာနဲ့ ဖြတ်မယ်လို့ ဆုံးဖြတ်ထားပြီး ဖြတ်ရင်ပြောဖို့ စကားကိုတောင် အလွတ်ကျက်ထားပြီးပြီ။ ဒါပေမယ့် သူက ဘာအမှားမှ မလုပ်တော့ ပြောခွင့်မသာဘူးလေ။ သိပ်မကြာခင် ကျောင်းလည်းပြီးတော့မယ်ဆိုတော့ ကျွန်တော်ဆက်ပြီး သူ့ဒဏ်ခံရ လည်း အလွန်ဆုံး တစ်လပေါ့။ ကျောင်းပိတ်ရင်တော့ သူလည်း သူ့နယ်သူပြန်၊ ကျွန်တော်လည်း ဒီမှာကျန်ခဲ့ဆိုတော့ သွေးအေးပြီး အဆက်အသွယ်ပြတ်သွားမယ်လို့ မျှော်လင့်မိတာပဲ။
photo credit-google
ဒီလိုနဲ့အတန်းတင် စာမေးပွဲကြီးဖြေရမယ့် နောက်ဆုံးနေ့မှာပဲ သူကစပြီး ထူးထူးခြားခြားကျွန်တော့်ကို နှစ်ယောက်တည်း တွေ့ဖို့ ချိန်းတယ်။ စာမေးပွဲခန်းထဲ မဝင်ခင်ကတည်းက စာမေးပွဲဖြေပြီးရင် နှစ်ယောက်တည်း အေးအေးဆေးဆေး ပြောစရာရှိတယ်ဆိုလို့ ကျွန်တော့်မှာ ရင်တုန်ပန်းတုန်ဖြစ်ပြီး စာမေးပွဲတောင် ကောင်းကောင်းမဖြေနိုင်ဘူး။
အဲ့ဒီနေ့က ပထမဆုံးအကြိမ် ကျောင်းကန်တင်းမှာ နှစ်ယောက်တည်းထိုင်ဖြစ်တယ်။ ကျွန်တော့်မှာတော့ ဖြတ်စကား ပြောဖို့ နေနေသာသာ ရင်ကတဒိန်းဒိန်းခုန်နေလို့ နှလုံးရောဂါမရအောင်ပဲ မနည်းထိန်းနေရတယ်။ သူက ဘာစကားမှ မပြောဘူး ကျွန်တော့်မျက်နှာကိုပဲ စိုက်ကြည့်နေတယ်။ သူက အဲ့ဒီလို စိုက်ကြည့်နေပြန်တော့လည်း ကျွန်တော့်မှာ မနေတတ်ပြန်ဘူး။ တော်တော်ကြာမှ သူကလွယ်အိတ်ထဲက စာအုပ်နဲ့ဘောပင်ထုတ် စာရေးပြီး အဲ့ဒီစာရွက်လေးကို လက်နဲ့သေချာခေါက်ပြီး ကျွန်တော့်ဆီလှမ်းပေးတယ်။ ပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ စကားစပြောတယ်။
ကျွန်တော့်ကို အနိုင်ကျင့်ဗိုလ်ကျခဲ့တာတွေ အကုန်လုံးအတွက် တောင်းပန်ပါတယ်တဲ့။ စာရွက်ထဲမှာ သူ့အိမ်လိပ်စာနဲ့ ဖုန်းနံပါတ်တွေပါရေးထားတယ်။ ကျွန်တော်ဘက်က အဆင်သင့်ဖြစ်တာနဲ့ မိဘတွေဆီလာပြီး တောင်းရမ်းလက်ထပ် ယူပါတဲ့။ ဘယ်လောက်ပဲကြာကြာ သူစောင့်နေပါမယ်တဲ့။
အဲ့ဒီစကားတွေ တရစပ်ပြောပြီးတာနဲ့ ချက်ချင်းထိုင်ရာက ထပြီး အပြေးတစ်ပိုင်း ထွက်သွားတယ်။ ကျွန်တော့်ဆီက စကားပြန်လေးတောင် မစောင့်ဘူး။ ကျွန်တော်လည်း ရုတ်တရက်ကြီးဆိုတော့ ဘာလုပ်ရမှန်းမသိပဲ သူပေးခဲ့တဲ့စာရွက်ခေါက်လေးကို ကိုင်ပြီးကြောင်နေမိတယ်။ သူ့နောက်ကို ပြေးလိုက်သွားရင် ကောင်းမလားလို့စဉ်းစားမိပေမယ့် တကယ်တမ်းပြေးလိုက်သွားဖို့လည်း တွန့်ဆုတ်နေမိတယ်။ သူကလည်း ကျွန်တော့်ကို တစ်စက်ကလေးမှ ပြန်လှည့်မကြည့်ဘူး။ ကျွန်တော်လည်း သူ့ကျောပြင်ကို မျက်စိတစ်ဆုံး ငေးကြည့်ရင်း ဝမ်းနည်းသလိုလို၊ ဝမ်းသာသလိုလိုနဲ့ ကတုန်ကယင်ဖြစ်ပြီး ကျန်ခဲ့တယ်။ အဲ့ဒီနေ့က ညနေစောင်းတဲ့ အထိ ကန်တင်းမှာ ကျွန်တော်ထိုင်နေမိတယ်။ သူပေးခဲ့တဲ့ စာရွက်ကလေးကိုတော့ ဖွင့်မကြည့်ဖြစ်ခဲ့ဘူး။
photo credit-google
ဒီလိုနဲ့ သူနဲ့ကျွန်တော်အဆက်အသွယ် လုံးဝပြတ်သွားတယ်။ ကျွန်တော်လည်း သူ့ကိုဆက်သွယ်ဖို့ မကြိုးစားခဲ့သလို သူကလည်း ကျွန်တော့်ကို အဆက်အသွယ်မလုပ်ခဲ့ဘူး။ တစ်ခါတစ်လေတော့ သူ့ကိုလွမ်းမိပေမယ့်၊ တစ်ခါတစ်လေ တော့လည်း စိတ်နာမိတယ်။ သုံးနှစ်တိတိကြာသည့်တိုင် သူပေးခဲ့တဲ့စာရွက်ခေါက်လေးကို ဖွင့်မကြည့် ဖြစ်ခဲ့ဘူး။
သုံးနှစ် ဆိုတဲ့ အချိန်အတွင်းမှာ ကျွန်တော်လည်း ရည်စားတွေ ထည်လဲတွဲခဲ့ပြီးပြီ။ ကိုယ်တိုင်လည်း သူများကို ဖြတ်စကား ပြောခဲ့ဖူးသလို သူများကပြောတဲ့ ဖြတ်စကားကိုလည်း ကြားခဲ့ရဖူးပြီ။ ဒါပေမယ့် ဘယ်သူနဲ့တွဲတွဲ ရည်းစားဦး ဖြစ်တဲ့ သူ့ကိုတော့ မေ့လို့မရသလို၊ သူပေးခဲ့တဲ့ စာရွက်ခေါက်လေးကိုဖွင့်ကြည့်ဖို့လည်း မမေ့ခဲ့ဘူး။ ဖွင့်ကြည့်ဖို့ ကြိုးစားတိုင်းလည်း သူကျွန်တော့်ကို နှိပ်စက်ခဲ့တာတွေပြန်သတိရပြီး မဖွင့်ကြည့်ရဲတော့ဘူး။ တစ်နေ့နေ့တော့ အဲ့ဒီစာရွက်ခေါက်လေးကို ဖွင့်ကြည့်ရဲပါလိမ့်မယ်။ ကျွန်တော်ဖွင့်ကြည့်ရဲတဲ့နေ့အထိ သူစောင့်နိုင်ပါစေလို့လည်း မရဲတရဲနဲ့ တောင်းဆုချွေမိပါတယ်။