ဖခင် တယောက်ရဲ့  နွေးထွေးမှု
ငလှိုင်ရွာကလေးသည် အလင်းရောင် စတင်ထွန်းလင်းဝင်ရောက်လာသည်နှင့် တပြိုင်နက်တောခုတ်သွားသူ လယ်ထဲသွားသူ အိမ်ရှင်မတွေ မီးဖို ချောင်ထဲမှာ ချက်ပြုတ်သံတွေ လူအချို့ သွားလာလှုပ်ရှားမှုတွေနဲ့ တဖြေးဖြေး သက်ဝင်လာပါတော့သည်။
ကိုရင်မောင် တယောက်လဲ မနေ့ ညက ဒေါ်လေးပြုံးလာပြောထားတဲ့ စပါးပုတ်ပြတ်ရိတ်ရန်အတွက် မိန်းမဖြစ်သူနှင့့် သမီးလေးအားနှုတ်ဆက်ပြီး ထမင်းထုပ်လေးကိုလက်ကကိုင်ရင်း ဒေါ်လေးပြုံးစပါးခင်းရှိရာ ဆိတ်ဖြူတောင်ကို လျောက်လှမ်းခဲ့လေသည်။
စပါးရိတ်ပုတ်ပြတ်ဆိုတာကလဲ အပင်ပန်းခံ နိုင်ရင် ခံနိုင်သလို မနားမနေလုပ်ရင် ပိုက်ဆံပိုရတာကြောင့် မိန်းမနှင့် သမီးလေးကျောင်းစရိတ်အတွက် လုံလုံလောက်လောက် ဖြစ်အောင် ခုလို ပုတ်ပြတ်လေးတွေကို စပါးခင်းပိုင်ရှင်တွေ သဘောကျအောင်လုပ်ပေးသလို ငလှိုင်ရွာတရွာလုံးက ကိုရင်မောင် လုပ်ရည်ကိုင်ရည်ကြောင့် အလုပ်ဆိုတာနဲ့  ကိုရင်မောင်ကိုသာခေါ်ခိုင်းကျပါသည်။စပါးခင်းပိုင်ရှင်တွေကလဲ နေ့ စားခိုင်းတာထက် ပုတ်ပြတ်ခိုင်းရတာ အချိန်တို အတွင်းပြီးတော့ ငွေမြန်မြန်ပေါ်တာကြောင့် ကိုရင်မောင် တယောက်ကိုပဲ အားကိုးနေကျတာပေါ့။
မိန်းမဖြစ်သူကိုလဲ အပ်ချုပ်စက်လေး ဝယ်ပေးထားတာကြောင့် သမီးလေးအတွက် မုန့် ဖိုးပေးဖို့ အတွက် အပိုဝင်ငွေလေးရနေပါသည်။
ညနေ ၅ နာရီ လောက် နေဝင်ခါနီး အချိန်တွေလောက် မှ အိမ်ပြန်မြဲဖြစ်ပြီး မီးမရရှိတဲ့ ရွာလေးဖြစ်တာကြောင့် မမှောင်ခင် ထမင်းစားရန်
ရေချိုးဖို့ အတွက် ရွာထိပ်က ရေကန်ရှိရာ အပြေးသွားနေရပါတယ်။မိသားစု ထမင်းလက်စုံ စားရန် မိန်းမ နဲ့  သမီးလေးက ထမင်းစားရန်စောင့်နေကျပါသည်။
ထမင်းစားပြီးတော့ မိန်းမ နဲ့ အလုပ်ကိစ္စ စကားပြောနေတုန်း
" ဖေဖေ "
" ကြာသပတေးနေ့ ကျရင် ကျောင်းကပွဲ ရှိတယ်နော် "
" သမီးကို ဝတ်စုံလှလှလေး တစုံလောက်ဝယ်ပေးနော် "
ကိုရင်မောင် ပင်ပန်းနေတာကို နားလည်တဲ့ မိန်းမ ဖြစ်သူ က
" နင့်အဖေ အလုပ်မှာ ပင်ပန်းလာတာ ခဏခဏ ပူဆာ မနေ နဲ့  "
" ရှေ့ လ ကပဲ အကျီ င်္ အသစ်ဝယ်ပေးထားတယ်လေ "
အော်ငေါက်လိုက်တာကြောင့် သမီးလေး ငိုင်သွားပါသည်။
" ဖေဖေ သမီးပူဆာ တာ စိတ်မဆိုး ပါနဲ့ နော် "
" ကျောင်းကပွဲ ကျရင် သမီးနဲ့ တူတူ မိသားစု စုံစုံလင်လင် တရက်လောက် နေပေးပါလား ဖေဖေ ရယ် "
ကိုရင်မောင်တယောက် သမီးလေးပြောတဲ့ စကားကြောင့် ငိုင်မိပြီလေ
တနေ့ တနေ့  ကိုရင်မောင် ခေါင်းထဲမှာ ပိုက်ဆံ ရှာဖို့ အတွက် ပဲတွေးနေတာကြောင့် မိသားစု ရဲ့  ကြင်နာနွေးထွေးမှုတွေ သမီးလေးကို ပေးဖို့ လိုအပ်နေတာကို သမီးလေး စကားကြောင့် သတိရမိသွားတယ်။
သမီးလေးရယ်
" ကျောင်းကပွဲ ကျရင် ဖေဖေရယ် မေမေရယ် သမီးရယ် ဝတ်စုံ အသစ်လေးတွေ နဲ့  တူတူသွားကျမယ်နော် "
"တကယ်နော် ဖေဖေ "
"သမီး ကြာပသတေး နေ့ တောင် မြန်မြန် ရောက်ချင်နေပြီ "
" ပျော်လိုက်တာ "
"သမီးအိပ်တော့မယ်နော် "
ကိုရင်မောင် တယောက် မနားမနေ အလုပ်တွေ ကြိုးစားခဲ့ပေမဲ့ မိသားစုရဲ့  ပျော်ရွှင်ကြည်နူးစရာတွေကို သမီးလေးကိုပေးဖို့ မေ့နေတယ်ဆိုတာ သမီးလေးစကားကြောင့် ပြန်သတိရလာပါတော့တယ်။မိသားစု အတွက် ပိုက်ဆံ ရှာပေးတာနဲ့  မလုံလောက်ပဲ ဖခင်တယောက်ရဲ့  ချစ်ခင် ကြင်နာမှု နွေးထွေးမှုတွေ လိုအပ်တယ်ဆိုတာ ကိုရင်မောင် သဘောပေါက်သွားမိပါတော့တယ်။
ရေးသားသူ ဖြိုးဝေအောင်