ချစ်ခင်လေးစားရသော စတီးမစ်မြန်မာများ မင်္ဂလာပါ။
ဧပြီလ၈ရက်နေ့ မနေ့ကပေါ့ ကျွန်တော်အစီအစဉ်မရှိဘဲ သွားဖြစ်ခဲ့တဲ့ ခရီးတိုလေးတစ်ခုအကြောင်း အနည်းနည်း သီးကုံးရေးဖွဲ့ ချင်မိပါတယ်။ "ကိုယ်တော်များနှင့် အလည်တစ်ခေါက်" လို့ အမည်ပေးထားသည့် အတိုင်း ကျွန်တော်တို့ ခရီးစဉ်ကလေးဟာ သံဃာတော်များ ကိုရင်ကလေးများနှင့်ပေါ့။
နံနက်ခင်း နိုးထလို့ဆိုင်ထွက်ဖို့ရန် ပြင်ပြီး လမ်းမကြီးတစ်ခု၏ လမ်းသွယ် လေးတစ်မှာ ဖွင့်ထားတဲ့ ကဖီးဆိုင်လေးကို အရင်ဆုံးဝင်ဖြစ်ခဲ့သည်။ ကဖီးဆိုင်ကလေးကဖြင့် အရမ်းကြီးခန့်ညားထည်ဝါမူ မရှိသော်လည်း ကျွန်တော်တို့ နယ်မြို့ကလေး အတွက်တော့ သင့်လျော်ပါသည်။
ကဖီး ဆိုင်ကလေတွင် အတူထိုင်နေကျ သူငယ်ချင်းနှင့် တွေ့ဆုံပြီး ဇလွန်ဘုရာဖူးသွားရန် ဖိတ်ခေါ်သဖြင့် အတန်ငယ် စဉ်စားကာ ဆုံးဖြတ်ချက်တစ်ခုချခဲ့သည်။ ဆိုင်ဖွင့်ရန် ရှိသေးသည်က တစ်ကြောင်း၊ ဇလွန်ဟုသော မြို့သို့တစ်ခါမျှ မရောက်ဖူးသေးသည်ကတစ်ကြောင်း အတွေးနှစ်ခုဖြင့် အပြန်အလှန် လွန်ဆွဲခဲ့ရသည်။ နောက်ဆုံးတွင် အဝတ်အစား ပြန်လဲကာ ဇလွန် ဘုရားဖူးသို့ ကျွန်ုပ်လိုက်ပါခဲ့တော့သည်။
ကျွန်ုပ်တို့ Townace မော်တော်ကားဖြင့် ကိုရင် ကလေး ၂၁ပါး လိုက်ပါခဲ့ပြီး ကြက်တူရွေးကား ကလေးတွင် ဘုန်းကြီး ၆ပါးခန့် လိုက်ပါခဲ့ကြသည်။ လမ်းခရီး တစ်လျောက်တွင် ကိုရင်ကလေးများ တစ်ပါနှင့်တစ်ပါး ကျီစားသဖွယ် စနောက် ရယ်မော ပျော်ရွှင်နေကြသည်။ ဆိုးသည်က အီးပေါက်ခြင်းပင်။အရှေ့ဘက်တွင် ထိုင်နေသော ကိုရင်ကလေးများမှ အီးပေါက် သောကြောင့် နောက်တွင် ထိုင်သောကိုရင်ကလေးများ ဒုက္ခ တွေ့ရတော့သည်။ ကားတစ်စီး လုံး အီးနံများပျံ့နှံ့ သွားသည်။
ကျွန်ုပ်မှာလည်း ကိုရင်ကလေးများ အပြုအမူ အပြောအဆို တွေအား မြင်တွေ့ ကြားရပြီး သဘောပင်ကျနေပေသည်။ နံနက် ၈နာရီမှ ကျုံမငေးသို့စတင်ထွက်ခွာလာကြရာ ၁၁ နာရီ ခန့်တွင် လမ်း၌တွေ့ရာ ဘုန်းကြီးကျောင်း တစ်ကျောင်းသို့ ဝင်လျောက်၍ သံဃာတော်များ ကိုရင်ကလေးများအား ဆွမ်းကပ်၊ဆွမ်းစား ပြုလုပ်ကြသည်။ ဆွမ်းမစားမှီ ရေးချိုးသည့် ကိုယ်တော်များ နှင့် သန့်စင်ခန်းဝင်သည့်ကိုယ်တော်များဖြင့် ၄င်းဘုန်းကြီးကျောင်းလည်း သိုက်သိုက်မြိုက်မြိုက်ပင်ရှိခဲ့သည်။
ကိုယ်တော်များဆွမ်းဘုန်းပြီးသည်နှင့် ကျွန်ုပ်တို့လည်း ခရီးဆက်ခဲ့ သည်။ ကျွန်ုပ်တို့ ဘုန်းကြီးကျောင်းသားများကဖြင့် ကိုယ်တော်များအား ဦးစားပေး ဆွမ်းကပ်ခဲ့ခြင်းသားဖြစ်ပြီး မိမိတို့ နေလည်စာ စားငေါက်ခြင်းမလုပ်ခဲ့ပါ။လမ်းတစ်လျောက် ဓနုဖြူ စသော မြို့ရွာများအား ဖြတ်သန်းမောင်းနှင့်ခဲ့ပြီး နေ့လည် ၁ နာရီ ၁၅ ခန့်တွင် ဇလွန်သို့ ရောက်ရှိခဲ့သည်။ ဦးစွာ ဇလွန်ဘုရားသို့ဝင်ရောက်ဖူးမျှော်ပြီး သံဃာတော်များက ဘုရား ဝန်းတစ်လျောက်နှင့် ဈေးတန်းတစ်လျောက် လှည့်လည်ဖူးမျှော် ကြည့်ရှူ့ အပန်းဖြေကြသည်။ ကျွန်ုပ်တို့ကဖြင့် ဘုရားဖူးပြီး မြို့ထဲတွင် နေလည်စာ စားသောက်ကြသည်။ စားသောက်ကြ သည်ပေါ့အဟီ။
ကျွန်ုပ် တို့စားသောက်နေစဉ် လက်စသတ်ခါနီး သံဃာတော် များမှ ညောင်ချောင်းသာ အပန်းဖြေစခန်းသို့ ခရီးဆက်မည် ပြောသဖြင့် ခပ်သွပ်သွပ် ပင်လက်စသတ်ခဲ့ကြသည်။ ကိုယ် တော်များအား ခတ္တ မျှ တောင်းပန်ပြီး ဘုရားပွဲဈေးတန်းသို့ ဘုန်းကြီးကျောင်းသားတစ်သိုက် ဝယ်ချမ်းစရာများ ဝယ်ချမ်း ကာ ခရီးဆက်ခဲ့သည်။
အပြန်လမ်းတွင် ဓနုဖြူမြို့ရှိ ဥမ္မာဒန္တီ ကမ်းခြေ သို့ဝင်ရောက် လည်ပတ်ခဲ့ကြသေးသည်။ ဘုရာလည်း ဖူးခဲ့ကြသည်။ ဤတွင် ထူးဆန်းသော စေတီ တစ်ဆူအားဖူးမျှော်ခွင့်ရခဲ့သည်။ထိုစေတီ တော်ကန်အတွင်းသို့ ရေမဖြည့်ရဘဲအလိုအလျောက် ရေပြည့် လာခြင်း၊အလိုအလျောက်ရေကျသွားခြင်းဟုသော ထူးခြားချက် ရှိပေသည်။
ဘုရားတွင် နာရီဝက်ခန့် လှည့်ပတ်ဖူးမျှော်ကြရင်း ဖိုးသူတော် အရုပ်ကြီးများ အဆောက်အဦးများ အား ဖမ်းယူရိုက်ကူးခဲ့ ကြ သည်။ ပြီးနောက် လူပြန်စုကာ ညောင်ချောင်းသာသို့ ခရီးဆက် ခဲ့ကြပြန်သည်။ ညောင်ချောင်းသာသို့ ညောင်တုန်းလမ်းကွဲမှ သွားရောက်ရပြီး၊ ရန်ကုန်နှင့်ဆိုလျင် ၄၅မိနစ်ခန့်သာ မောင်း နှင့်ရသည်။
ညောင်ချောင်းသာတွင် အပျော်ဆုံးသူများမှာ ကိုရင်ငယ်ကလေး
များသာဖြစ်ချေတော့သည်။ ၄င်းကမ်းခြေတွင် ၆ယောက်ထိုင် ဖိုက်ဘာခုံတစ်ဝိုင်းလျှင် ၁၀၀၀၀(တစ်သောင်း)ပေးရပြီး ကိုယ်တော်များအတွက်၅ ထောင်ဖြင့် ဈေးလျော့ပေးချေသည်။ကိုရင်ကလေး များကတော့ ရောက်သည်နှင့် သင်္ကန်းများလဲကာ ကမ်းခြေတစ်လျောက် ပြေးလွှားဆော့ကစားနေလေရဲ့ ။
ကျွန်ုပ်တို့ကျောင်းသား သုံးဦးမှာတော့ နေကလည်းပူ ကားမောင်း ထားသည်မှာလည်းပန်း နေသောကြောင့် ရေထဲဆင်မည်အပြု အဝတ်အစားက အပိုမပါ။ ဘောင်းဘီ လေးတစ်ယောက် တစ်ထည်စီ ဝယ်မည်လုပိတော့ သုံးထည်ကို တစ်သောင်းခွဲလောက်ကျလိမ့်မည်။ထိုကမ်းခြတွင် အစစ အရာရာ ဈေး အလွန်ပေးရသည်။
မထူးတော့ တစ်သောင်းခွဲလောက်ကုန်မည့်အတူတူ ရေထဲဆင်းမနေတော့ ငါးကင်တစ်ကောင်မှာပြီး အအေးသာ ထိုင်သောက်နေတော့သည်။(မြန်မာဘီယာ အအေး) ဘုန်းကြီးတွေနှင့် မသင့်တော်သောကြောင့် အဟမ်း ဘေးနား သဲသောင်ပြင်ပေါ်မှာဘဲ သုံးယောက်သား ဘီဘီ သုံးလုံးကစ် လိုက်ပေတော့တယ်။ ထိတိုင်အောင်ထိုင်ခုံ ငှါးသူကလည်း ဈေးလျော့ပေးမယ် ထိုင်ခုံယူဦးမလား လာစပ်နေသေးသည်။
ညနေစောင်းလို့ မိုးချုပ်စပြုနေပြီ ကိုရင်ကလေးတွေ ခုထိရေ ထဲကတက်မလာကျသေး စာချကိုယ်တော် ကိုယ်တိုင် ရေထဲဆင်း၍ တုတ်ကိုင်မှသာ ကိုရင်ကလေးများ ရေထဲ မှတတ်လာကြသည်။ ရေစို သင်္ကန်းတွေလဲ သင်းပိုင်တွေလဲပီး အပြန်လမ်းကို စတင်ချီတတ်ကြတော့သည်။ အပြန်လမ်း တစ်လျောက် ကိုရင်ကလေးများ အလာကဲ့သို့မတတ်ကြွတော့ ချေ။ ရေကစားထား၍ ပန်းသည်ကတစ်ကြောင်း၊တစ်နေကုန် ကားစီးရ၍ ပန်းသည်ကတစ်ကြောင်း ည ၈ နာရီထိုးသည်နှင့် သင်္ကန်းများခြုံကာ မှိန်းနေကြတော့သည်။ ည ၁၁ နာရီတွင် ကျွန်ုပ်တို့မြို့သို့ မော်တော်ကား ဆိုက်ကပ်ပြီး ကိုရင်များ ကိုယ်တော်များ အသီးသီး မိမိအဆောင် သို့ချီတတ်ကာ အနားယူကြတော့လေသည်။
ကျွန်ုပ်တို့လည်း မိမိအိမ်သို့ ပြန်ခဲ့ကြပြီး တစ်နေ့တာ ပျော်ရွှင် စရာများ ရယ်မောစရာများဖြင့် အိပ်စက် အနားယူ ကြတော့ ချေသည်။
(ခင်မင်လေးစားစွာဖြင့် ဖြိုးဇော်ဦး ကျုံမငေး)
Photo by me.
MSC-071