" ဝ " လုံးကလေး ဘယ်လိုရေး
ဟောဒီလိုရေး ဝိုင်းဝိုင်းလေး
" သုံည " ကလေး ဘယ်လိုရေး
ဟောဒီလိုရေး ဝိုင်းဝိုင်းလေး ……
ဘေးအိမ်က သူ့ကလေးကိုစာရေးသင်ရင်း ဆိုပြနေတဲ့အသံကိုကြားမိပြီး ကျမငယ်ငယ်တုန်းကလဲ အခုလိုအော်ဆိုပြီး စာရေးလေ့ကျင့်ခဲ့ရတာ မှတ်မိပါသေးတယ် ။ ဝ လုံးလေး ရေးတတ်ပြန်တော့လည်း အိမ်မှာ မာမီက ကျမလက်ကလေးကိုကိုင်ပြီး လက်ရေးလှလှရေးတတ်စေဘို့နဲ့ ဝလုံးလေးဝိုင်းနေအောင် လေ့ကျင့်ပေးခဲ့တာတွေရော သတိရလာတယ် ။
ကြီးလာတော့ ၄တန်းအထိ ကျမလက်ရေးကမလှ ။ မာမီက ကျောင်းပိတ်ရက်ရှည်နေ့တွေမှာ သူ့ရုံးကိုခေါ်သွား ပြက္ခဒိန်အဟောင်းတွေရဲ့နောက်ကျော်ကိုလှန်ပြီး သူရေးတဲ့စာအုပ်ကိုရှေ့မှာချထားပြီး သူ့လက်ရေးနဲ့ တူအောင် ကျမကိုလိုက်ရေးစေတယ် ။ ဒီလိုနဲ့ လက်ရေးတွေ လှလာခဲ့တယ်ဆိုပါတော့ ။
ကျမတို့သားမိ၃ဦးရဲ့ လက်ရေးတွေဟာ အခုဆို အတူတူတွေလို့  ရုတ်တရက်ကြည့်ရင် ထင်ရတဲ့အထိပါ ။ ကျမက ငယ်ငယ်က အရုပ်ရေးတာ ဝါသနာပါတော့ မာမီ့ ဖောင်တိန်တချောင်း ကျမလက်ထဲရောက်လာတာနဲ့ တွေ့သမျှစာအုပ်ပေါ် အရုပ်ဆွဲတတ်တာ ။ စာအုပ်မတွေ့ရင် အိမ်ကဆိုဖာပေါ်လဲ လူလစ်ရင်လစ်သလို ဆွဲထည့်လိုက်တာ အရိုက်ခံရတဲ့ထိပါဘဲ ။ ရုံးခေါ်သွားရင်လဲ ရုံးကနံရံအဖြူတွေမှာ လစ်ရင်လစ်သလို ဆွဲခဲ့ရတာ ဝန်ထမ်းတွေက ကျမလာရင် အမြင်ကပ်တဲ့အထိပေါ့ ။
ရုံးကဝန်ထမ်းတွေက ကျမလိုက်လာရင် မာမီကွယ်ရာမှာ မျက်လုံးပြူးပြတာတို့  ဟောက်တာခြောက်တာတို့  သရဲရှိတယ်ပြောတာတို့ ပြောပြီး ကျမကိုကြောက်အောင်ပြောကြတာပေါ့ ။ ကျမက ကြောက်ပြီး မာမီအခန်းထဲက မထွက်တော့ဘဲ ကပ်နေခဲ့တော့ မာမီက သူ့ တပည့်တွေကိုမေးတယ် " နင်တို့ ငါ့သမီးလေးကို ငါမသိအောင် ခြောက်ထားကြတာလား " ဆိုပြီး ။ အဲ့လို တန်းသိ တန်းရိပ်မိတတ်တဲ့ ကိုယ့်အမေပါ ။သူရုံးကိုခေါ်လဲ မလိုက်ချင်တော့ဘူး ငြင်းခဲ့ရတာတွေ ပြန်စဉ်းစားပြီး သတိရလာမိတယ် ။
တဖက်အိမ်က စာသင်နေတဲ့အသံကြားပီး ကျမငယ်စဉ်က အကြောင်းတွေတွေးမိလာတဲ့ တပြိုင်ထဲမှာ မာမီကို ကျမစိတ်ထဲ အလိုလိုသနားလာမိတဲ့စိတ်ကလေးဖြစ်မိလာတယ်ဘာကြောင့်ရယ်တော့မသိ ။ Broken family တခုမှာ လိုအပ်တာတွေတော့ အများကြီးပေါ့ ။ စိတ်အလိုမကျ အဆင်မပြေဖြစ်စရာ အထွေအထူးမရှိလဲ တခုခုလိုနေသလို အမြဲခံစားနေရတဲ့ ခံစားမှုမျိုးက သားသမီးတွေမှာ မကြာမကြာ ခိုအောင်းနေတတ်တယ်လို့  ကျမထင်တယ် ။
သိတတ်လာတဲ့ အခုလိုအသက်အရွယ်ရောက်လာတော့လဲ သူများနည်းတူ သွားနိုင်စားနိုင်နေနိုင်တယ်လို့  ကိုယ့်ကိုယ်ကို အားတင်းနေခဲ့ရတဲ့အချိန်တွေဟာ အများကြီးပါ ။ တခြားပျော်ရွှင်သွားလာနေတဲ့ မိသားစုတွေကိုမြင်ပြီး ကိုယ်ကအလိုလို အားငယ်တတ်လာတော့ မိသားစုတွေသွားလာတတ်တဲ့ ပွဲလမ်းအခမ်းအနားတွေဆို မသွားချင်တော့ဘူး ။ မသွားဖြစ်တာများလာတယ် ။ သွားလို့  မြင်မိလို့  ကိုယ်ဘဲ အားငယ်သွားရတာမျိုးဆိုတော့ ကိုယ့်စိတ်ထိခိုက်မယ့်နေရာမျိုးကို ကိုယ်မသွားမိ မမြင်မိအောင် ကိုယ့်ဘာသာ အလိုလို ဆင်ခြင်နေတတ်လာတာလို့  သုံးသပ်မိတာပါဘဲ ။
all photos credit # pixabay
MSC 021