မောင်စိုးရဲ့ တစ်နေ့တာ
" ကျလိ ကျလိ" နဲ့ ကျေးငှက်တွန်သံတွေ မြည်လာတော့ မောင်စိုး ဆက်အိပ်လို့ မရတော့ပါ ... အီးခနဲ အဲခနဲ မြည်တမ်းပြီး လုပ်နေကျအတိုင်း အပျင်းကြောဆွဲလိုက်တယ် ... ချက်ချင်းတော့ မထသေးပါ ... တစ်မိနစ်ရရ နှစ်မိနစ်ရရ ပြန်နှပ်နေလေ့ရှိတာက ကိုယ့်အကျင့်ဖြစ်နေပြီ ... ရုံးက ကိုးနာရီမှ တက်ရတာဆိုတော့ အလုပ်နဲ့ နီးနေတဲ့ ကိုယ့်အတွကဒ်တော့ အစောကြီးထစရာ မလိုပါ .. ဒါကြောင့်လည်း မြို့စွန်မှာနေတဲ့လူတွေက အလုပ်လာတာ ပိုစောနေတတ်ပါတယ် ... နာရီကို ကြည့်လိုက်တော့ ရှစ်နာရီထိုးတော့မယ် ... မှိန်းလို့လည်း ၀ပြီဖြစ်လို့ ခပ်သွက်သွက်လေး ထလိုက်ပါတယ် ... ရေမိုးချိုး အ၀တ်အစားလဲပြီးတော့ ရှစ်နာရီခွဲနေပြီ ... မနက်စာကိုတော့ ရုံးရောက်မှပဲ စားပါတော့မယ်လေ ဆိုပြီး တန်းထွက်လာခဲ့လိုက်တယ် ... ဒီနေ့က လကုန်ရက်ဆိုတော့ အလုပ်များမယ် ... လစာတွေကို ထုတ်ပေးရတော့မယ် ...
ထွက်လာလိုက်ရင်း ထိုင်နေကြ လဘက်ရည်ဆိုင်ရောက်တော့ ဘော်ဒါတွေဖြစ်တဲ့ ကိုမိုးနဲ့ ကိုဖြိုးကို လှမ်းတွေ့တယ် ... စောစောစီးစီး လေကန်နေကြပြီ ... ငနဲသားတွေက လေသာ ကန်နေတာ လမ်းပေါ်ကို မျက်စိအစာကျွေးတာက မပျက်ဘူး ... သူတို့ မသိအောင် လစ်ပါမယ်ဆိုမှ လက်ခုပ်တီးပြီး လှမ်းခေါ်နေတယ် ... နာရီကို တစ်ချက်ကြည့်လိုက်တော့ ရှစ်နာရီ လေးဆယ့်ငါးမိနစ်ရှိနေပြီ ... မဖြစ်သေးပါဘူးဆိုပြီး ခေါင်းခါပြီး လစ်ထွက်မယ်ကြံပေမယ့် မရမကလှမ်းခေါ်နေတာနဲ့ ခဏ၀င်ထိုင်မိတယ် ... ခဏကနေ ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်ကြာသွားတယ် ... ဒါတောင် စကားကြောက မပြတ်သေးဘူး ... အတင်းဖြတ်ပြီး ထထွက်လာလိုက်ရတယ် ... မဟုတ်ရင် နေ့ဝက်ခွင့်ဖြစ်သွားတော့မယ် ... ဒါတောင် ဟိုကိုရောက်တော့ ကိုးနာရီ ဆယ့်ငါးမိနစ် ရှိနေပြီ ... ကမန်းကတန်း လက်ဗွေရာဖတ်စက်မှာ လက်ကိုနှိပ်လိုက်ရတယ် ... တော်သေးတာပေါ့ ... နောက်မကျသွားလို့ ... အရင်နေ့ကလည်း တစ်ရက်နောက်ကျထားတာ ရှိတယ် ... နှစ်ရက်နောက်ကျရင် နေ့တစ်ဝက်ခွင့်အဖြစ် သတ်မှတ်မယ်ဆိုတော့ ကပ်သီးလေး ကံကောင်းသွားတယ်လို့ ဆိုရတော့မှာပေါ့ ...
ခဏနားပြီး အလုပ်ကို စလုပ်လိုက်တယ် ... ဆယ်နာရီလည်း ခွဲရော အရင်နေ့က စာရင်းတွေ လက်စသတ်ပြီးပြီ ဖြစ်တယ် ... ညနေပိုင်း လစာပေးဖို့ အဆင်သင့်ဖြစ်နေပြီ ... ဒါနဲ့ casher ကို စာရင်းတွေ လွှဲလိုက်တယ် ... နောက်ပိုင်းကိစ္စ သူတို့ တာဝန်ယူတော့မယ် ... ဆယ့်တစ်နာရီလည်း ခွဲရော ထမင်းဆင်းစားတယ် ... ဘေးနားက စာတိုက်ဝန်ထမ်းတွေလည်း လာကြတာနဲ့ အဖွဲ့ကျပြီး လေကြောရှည်နေတာ ဆယ့်နှစ်နာရီခွဲမှ စကားပြောတာ ပြတ်သွားတယ် ... ပြီးတော့ ပြန်လာခဲ့တယ် ... ဆယ့်နှစ်လေးဆယ့်ငါးလောက် ရုံးကို ရောက်တော့ လုပ်စရာတွေ မရှိတာကြောင့် ခဏ တရေးအိပ်လိုက်တယ် ... သုံးနာရီခွဲခါနီးမှ နိုးလာပြီး လဘက်ရည်သောက်ဆင်းတယ် ... လဘက်ရည်ဆိုင်မှာ အချိန်ဖြုန်းလိုက်ပြီး လေးနာရီလည်း ကျော်ရော အိမ်ပြန်ခဲ့လိုက်တယ် ... ဈေးဝယ်စရာရှိလို့ အနားက ဈေးလေးကို ပတ်ဝင်လိုက်တာ အချိန်နည်းနည်းလင့်သွားတယ် ... အိမ်ကိုလည်း ပြန်ရောက်ရော ငါးနာရီခွဲနေပြီ ... ပါလာတာတွေ ချပြီး ခဏအမောပြောတာနဲ့ စားဖိုမှူးတာဝန်ယူလိုက်ရတယ် ... ခုနှစ်နာရီခွဲတော့ ထမင်းဟင်း အားလုံးကျက်ပြီ ဖြစ်ပြီး ရေချိုး အ၀တ်အစားလဲတာ လုပ်ပါတယ် ... ရှစ်နာရီခွဲလောက် ထမင်းစားပြီးတာနဲ့ သတင်းစာတစ်စောင်ကို လျှောက်လှန်ဖတ်ပါတယ် ... တအောင့်နေတော့ မျက်စိညောင်းလာပြီး အိပ်ယာဝင်ဖြစ်ပါတယ် ... နာရီကို ကြည့်လိုက်တော့ ဆယ်နာရီတောင် ထိုးနေပါလား ... ဒီလိုနဲ့ပဲ မောင်စိုးရဲ့ တစ်နေ့တာဟာ လည်ပတ်နေပါတယ် ...
ဝတ္ထုတိုလည်း မမည်၊ ဆောင်းပါးလည်း မဟုတ်တဲ့ စာလေးတစ်ပုဒ်ပါ ... အဓိကအားဖြင့် တစ်နေ့တာရဲ့ ရိုးရှင်းမှုကို အချိန်နာရီအတိအကျနဲ့ ရေးသားထားတာပါ ...
- မှန်ကန်တဲ့ သဘောတရားကို သုံးရင် simple present tense ကို သုံးသင့်တယ်ဆိုတဲ့အကြောင်း
- ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို ညွှန်းဆိုတဲ့အခါ အကြိမ်ပြစကားလုံးများဖြစ်တဲ့ always, usually, often, sometimes, never တို့ကို ထည့်သုံးပြီး ပေါ်လွင်စေသင့်ကြောင်း
- အောက်ပါ အချိန်အခေါ်အဝေါ်တွေကို ပိုမိုနားလည်စေလိုတဲ့အကြောင်း
- ဆယ့်ငါးမိနစ်ကို a quarter
- နာရီဝက်ကို half
- မိနစ်ကို ရှေ့ကထားပြီး ရေး
- နာရီကို နောက်က ထား ... အလယ်မှာ Past နဲ့ to ကိုထည့်သုံးသင့်ကြောင်း
- ထိုးပြီးကို past ( ဥပမာ - ကိုးနာရီထိုးပြီး ဆယ့်ငါ့းမိနစ် - a quarter past nine )
- မတိုင်ခင်ကို to ( ရှစ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်အလို - a quarter to eight)
ရည်ရွယ်ပြီး ဖွဲ့ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ် ...
သင်ကြားရေးအတွက် ရည်ရွယ်ထားသည့် စာတစ်ပုဒ်သာ ဖြစ်ပါတယ် ...
အသုံးပြုလိုသူများကလည်း ယူငင်အသုံးပြုနိုင်ပါတယ် ...
မြန်မာများ စတီးမစ်မှာ အောင်မြင်ကြပါစေ ...
MSC 176